Advertisements

မော်လမြိုင် ဇန်နဝါရီ

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီသည် ပြည်နယ်များရှိ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ဖွဲ့သွားမည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ စည်းရုံးရေးဌာနမှူး ဦးကျော်လင်းက ဟင်္သာမီဒီယာသို့ပြောသည်။

“ကျွန်တော်တို့ဟာ လိုအပ်တဲ့ ကိစ္စမှန်သမျှကို တိုင်းရင်းသားပါတီတွေနဲ့ ရည်ရွယ်ချက်တူ လုပ်ငန်းတူရင် ပူးပေါင်းဆောင်ရွက်မယ့် မဟာမိတ်ပေါ်လစီကို ကျင့်သုံးထားတယ်” ဟု၎င်းကပြောသည်။

Advertisements
data-language="en"

တိုင်းရင်းသားဒေသအသီးသီးရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် မဟာမိတ်မူဝါဒကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မည်ဟု ၎င်းကဆိုသည်။

ပါတီသည် နိုင်ငံရေး၊ စီးပွားရေး၊ လူ့အခွင့်အရေး၊ လူငယ်၊ တောင်သူလယ်သမား၊ အလုပ်သမား၊ ကလေးနှင့် အမျိုးသမီး၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံခြားရေးဆိုင်ရာ မူဝါဒ ၁၁ ချက် ချမှတ်ထားရာ တိုင်းရင်းသားများ တန်းတူညီမျှရေးနှင့် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ပါဝင်သည်ဟုပြောသည်။

ပြည်သူ့ပါတီသည် ပြီးခဲ့သည့် ၂ လအတွင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၊ ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ညှိနှိုင်းရေးမှူး မင်းအောင်ထူးက ယခင်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအချို့သည် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းမည်ဟု ကြွေးကြော်ခဲ့သော်လည်း ကတိကဝတ်အတိုင်း မလုပ်သဖြင့် တိုင်းရင်းသားပါတီများက ယုံကြည်မှုနည်းခဲ့ကြောင်း၊ ပြည်သူ့ပါတီကို ထိုကဲ့သို့ မဖြစ်စေလိုကြောင်းပြောသည်။

“တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်ပြုမယ် ပူးပေါင်းဆောင်ရွက်မယ် ဆိုတာတွေရှိခဲ့တယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ တိုင်းရင်းသားပါတီတွေအတွက် လွှတ်တော်တွေမှာ နေရာရလာဖို့ကို စဉ်းစားပေးတာမရှိဘူး” ဟုဆိုသည်။

ပြည်သူ့ပါတီ၏ မွန်ပြည်နယ် အလုပ်အမှုဆောင်ကော်မတီကို လာမည့်ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ဖွဲ့စည်းမည်ဖြစ်ပြီး ရေး၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်များမှအပ ကျန်မြို့နယ် ၇ ခုတွင် စည်းရုံးရေးကော်မတီများ ဖွဲ့စည်းထားသည်။

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ကလည်း ပြည်နယ်အစိုးရ၊ ဗဟိုအစိုးရများ ဖွဲ့စည်းသည့်အခါ ရည်ရွယ်ချက်တူသည့်အပိုင်းများတွင် တိုင်းရင်းသားပါတီများနှင့် မဟာမိတ်ပြု ပေါင်းစည်းသွားမည်ဟု နိုဝင်ဘာလကုန်က ဟင်္သာမီဒီယာသို့ ပြောခဲ့သည်။

စန္ဒာဉာဏ်

Leave a Reply