မော်လမြိုင်၊ ဇွန် ၂၆

ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် အဖွဲ့သည် မွန်ညီညွတ်ရေးပါတီကို လာရောက်တွေ့ဆုံခြင်းမှာ မဟာမိတ်ဖွဲ့ရန် လာရောက်တွေ့ဆုံခဲ့ခြင်း မဟုတ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

မွန်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်သည့်အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ နိုင်တင်အောင် ဦးဆောင်သည့်အဖွဲ့သည် ဇွန်လ ၂၅ ရက်က မော်လမြိုင်မြို့ရှိ မွန်ညီညွတ်ရေးပါတီ ဗဟိုဋ္ဌာနချုပ်ရုံးတွင် တွေ့ဆုံခဲ့ကြသည်။

“အခုသူတို့လာရောက်တွေ့ဆုံခြင်းမှာ မဟာမိတ်ဖွဲ့ဖို့ လာရောက်ကမ်းလှမ်းတဲ့ တွေ့ဆုံခြင်းမဟုတ်ဘူး။ သူတို့လာတာ သူတို့ပါတီကို မိတ်ဆက်တာနဲ့ သူတို့ပါတီရဲ့မူဝါဒကို ချပြတဲ့ လာရောက်တွေ့ဆုံခြင်းပါ”ဟု နိုင်လယိတမက ပြောသည်။

ပြည်သူ့ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ တွေ့ဆုံဆွေးနွေးမှုမှာ မဟာမိတ်ဖွဲ့စည်းရန် ဆွေးနွေးသည့် အဆင့် မရောက်ရှိသေးကြောင်း မဟာမိတ်ဖွဲ့စည်းမည်ဆိုပါက နှစ်ဦးနှစ်ဖက်က အသေးစိတ်ဆွေးနွေးရမည်ဖြစ်ကြောင်း နိုင်လယိတမက ဆိုသည်။

အဆိုပါနှစ်ဖက်တွေ့ဆုံမှုမှာ ပြည်သူ့ပါတီအနေဖြင့် ပါတီကို လာရောက်မိတ်ဆက်သည့်သဘောနှင့် ပါတီ၏ မူဝါဒများကို လာရောက်ရှင်းလင်းသည့်သဘောသာဖြစ်ပြီး ပြည်သူ့ပါတီ၏ မူဝါဒတွင် တိုင်းရင်းသားပါတီများကို အဓိကထားသည့်ပါတီဖြစ်ကြောင်းနှင့် လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ထဲမှာ တိုင်းရင်းသားများ အင်အားကောင်းစေရန် ပြည့်သူ့ပါတီအနေဖြင့် လိုလားနေသည်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း နိုင်လယိတမက ဆိုသည်။

“ဒီတွေ့ဆုံဆွေးနွေးတဲ့နေရာမှာ မြန်မာပြည်ရဲ့အခြေအနေတွေကို ကျွန်တော်တို့က ကျယ်ကျယ်ပြန့်ပြန့် အတွေ့အကြုံခြင်း ဖလှယ်ခဲ့ကြတယ်။ အဲဒီလိုဖလှယ်တဲ့နေရာမှာ တိုင်းရင်းသားလူမျိုးများရဲ့အရေး၊ နိုင်ငံရေးအခြေအနေတွေ နိုင်ငံရဲ့ရှေ့ဆက်ရမယ့်အခြေအနေတွေ ဆွေးနွေးခဲ့ကြတယ်”ဟု မွန်ညီညွတ်ရေးပါတီ ဥက္ကဋ္ဌ နိုင်တင်အောင်က ပြောသည်။

လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေသည် အချိုးအဆစ်တစ်ခုသို့ရောက်ရှိနေပြီးဖြစ်သည့်အတွက် မွန်ညီညွတ်ရေးပါတီနှင့် ပြည်သူ့ပါတီတို့က အတူတကွပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံးဖြစ်လာစေရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြည်သူ့ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ တွေ့ဆုံမှုမှာ ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ချဉ်ကပ်ရှုမြင်ပုံ သဘောထားရေးရာများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအပြင် မဟာမိတ်မူဝါဒဆိုင်ရာ သဘောထားများကိုပါ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံမှုမှာ ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဦးကိုကိုကြီး ဦးဆောင်၍ ဦးကျော်ကျော်ထွေး(ကိုမာကီ)၊ ဦးကျော်ကျော်စိုး၊ ဦးဖေသက်၊ ဦးကိုကိုအောင်နှင့် ဦးကျော်လင်းတို့အဖွဲ့နှင့် မွန်ညီညွတ်ရေးပါတီမှ ဥက္ကဋ္ဌ နိုင်တင်အောင် ဦးဆောင်ပြီး နိုင်ငွေသိန်း၊ နိုင်ချမ်းတွဲ့၊ နိုင်လယိတမ၊ နိုင်စံတင်၊ နိုင်စိုးမြင့်၊ နိုင်တလညီနှင့် နိုင်တအာင်မွန်တို့က တွေ့ဆုံခဲ့ကြသည်။

အောင်မြတ်

Leave a Reply