Advertisements

မကြာသေးမီ သီတင်းပတ်အတွင်းက မွန်ပြည်နယ်တွင် ပထမဆုံးအဖြစ် အမျိုးသမီး ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး တာဝန်မှ ရပ်စဲခံရသည်။ ကျိုက်မရောမြို့နယ်၊ တရနာ ကျေးရွာ အုပ်ချုပ်ရေးမှူးမှာ နိုင်ငံခြားသား ဝင်ရောက်မှုကို သတင်းပို့ရန် ပျက်ကွက်သည်ဟုဆိုကာ အစိုးရအဖွဲ့က တာဝန်မှ ရပ်စဲလိုက်ခြင်း ဖြစ်သည်။

သူမသည် NLD အစိုးရ လက်ထက်၌ ပြန်လည် ပြင်ဆင်ထားသော တတိယအကြိမ် ရပ်ကျေး ဥပဒေဖြင့် ပြည်သူက ရွေးကောက် တင်မြှောက်ထားသူပါပေ။ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့မည်သည် ပြည်သူ့ဆန္ဒမဲဖြင့် ရွေးကောက် တင်မြှောက်ခံရသူများသာ။

ယင်းသို့ တာဝန်ရပ်စဲရာတွင် ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စုံစမ်း စစ်ဆေးမှု၏ ရလဒ်များဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းဖြစ်သည်။

အခြားသာဓကများကို ထုတ်နုတ် ဖော်ပြပါဦးမည်။

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဦး မှတ်ပုံတင် နှစ်ခု ကိုင်ဆောင်မှုကို ပြည်ထောင်စုအဆင့်က စစ်ဆေးပေါ်ပေါက်ထားခဲ့သော်လည်း အစိုးရအဖွဲ့မှ နှစ်နှစ် ခန့်ကြာသည်အထိ အရေးယူမှု မရှိသေးဘဲ ယခုအချိန်တိုင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

နောက်တစ်ခုမှာ ပြီးခဲ့သည့် ၂၀၁၇ အတွင်းက ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာက တာဝန်မှ ရပ်စဲခဲ့ရာတွင် မဲဆန္ဒရှင် ကျေးရွာဒေသခံတို့က ပြန်လည်ခန့်ထားပေးရန် တောင်းဆို ဆန္ဒပြုခဲ့သည့်တိုင် အထ မမြောက်ဖြစ်ခဲ့သေးသည်။

လက်ရှိအခြေအနေတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရာထူးအဆင့်ဆင့်တွင် အခြေခံအကျဆုံး ရပ်ကျေးအုပ်ချုပ်ရေးမှူး တစ်ဆင့်ကိုသာ ပြည်သူ့ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခွင့် ရရှိထားခြင်းဖြစ်ပြီး မြို့နယ်အဆင့်မှသည် ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အပါအဝင် ပြည်ထဲရေးဝန်ကြီးအဆင့်အထိ ပြည်သူ၏ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြှောက်ခွင့် ရှိသည်မဟုတ်ချေ။

ယင်းကြောင့် ပြည်သူဖက်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရွေးချယ်ခွင့်အပေါ် အစိုးရပိုင်း၏ အမိန့်အာဏာဖြင့် ဖြုတ်ခွင့်ထုတ်ခွင့် ဆိုင်ရာ သာဓကတို့ပေါ်ပေါက်လာခြင်းဟု ဟင်္သာကထောက်ပြလိုသည်။

အခြားတစ်ဖက်တွင်လည်း ဥပဒေနှင့် မလျော်ညီသော ပြစ်မှုတစုံတရာ ကျူးလွန်ထားသည်ဟု ယူဆနိုင်သည်တိုင် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးကိုအရေးမယူသေးဘဲ မရှင်းလင်းသောအခြေအနေဖြင့် အစိုးရပိုင်းက ဆက်လက်ခန့်ထားတာဝန်ပေးထားနိုင်သည့် အခြေအနေ၊ ပြန်လည်ခန့်ထားပေးရန် ပြည်သူကတောင်းဆိုသည်ကို မျက်ကွက်ပြုခံရမှုဖြစ်စဉ်များမှာလည်း အငြင်းပွားဖွယ် ရင်လေးဖွယ်ရာပင်။

ယခု ထုတ်နုတ်ဖော်ပြသော ဖြစ်စဉ် သုံးရပ်၏ နောက်ခံအကြောင်းအရာနှင့် ရှေ့အလားအလာကို ဟင်္သာအနေဖြင့် သုံးသပ်ဝေဖန်ရန် မရှိသော်ငြား ပြည်သူတိုက်ရိုက်ရွေးသည် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တည်ရှိခွင့်အပေါ် အထက် အဆင့် ဆင့်၏ အမိန့်အာဏာဖြင့် အရိပ်ထိုးနေနိုင်ခြင်းကိုမူ ထောက်ပြလိုသည်။

ယင်းသည် ဥပဒေပိုင်းဆိုင်ရာအားနည်းချက်ဆိုလျှင် အလျှင်အမြန်ပြင်ရန် အချိန်တန်ပြီဟု ဟင်္သာကယုံကြည်ထားပြီး လွဲမှားနေသော အောက်ခြေအဆင့် စီမံ၊အုပ်ချုပ်၊ဖွဲ့စည်းမှုပုံစံကို ပြင်ဆင်နိုင်မှသာလျှင် “ပြည်သူနှင့် အတူ” ဟူသော ကြွေးကြော်သံကြီး ပီမည်၊ မြည်မည်ဟု သတိပေးလိုရင်းပင်။

အယ်ဒီတာ

Leave a Reply