(ဓာတ်ပုံ - Myanmar Now)

By ဖြိုးသီဟချို/ Myanmar Now
17/03/2019

ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကို ပြန်လည်စတင်မည်ဆိုပါက လက်ရှိတွင် လူထုထောက်ခံမှု အမြင့်ဆုံး နိုင်ငံရေးပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် ၎င်း၏ မဲဆန္ဒရှင် ပြည်သူလူထုအကြားတွင် စိတ်ဝမ်းကွဲလွဲမှုများ ရှိလာနိုင်သည်ဟု ဝေဖန်သူတချို့က သုံးသပ်နေကြသည်။

ယခုလ ၁၄ ရက်နေ့က ပဲခူတိုင်းဒေသကြီး ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအား မြစ်ဆုံအရေးနှင့်ပတ်သက်ပြီး “အမြင်ကျယ်ကျယ်ဖြင့် အဘက်ဘက်မှ စဉ်းစားရန်” တိုက်တွန်းပြောကြားသည့်အပေါ် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူအများအပြားက စီမံကိန်းပြန်စမည့် အရိပ်လက္ခဏာများလားဟု စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

မြန်မာပြည်တွင် နိုင်ငံရေးပြဿနာများစွာ ရှိနေသည့်အနက် မြစ်ဆုံကိစ္စမှာ နိုင်ငံအတွက် အလွန်ကြီးမားသည့် ပြဿနာတစ်ခု ဖြစ်သည်ဟု ထင်မြင်ကြောင်း ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခဟောင်း စာရေးဆရာ ဒေါက်တာခင်မောင်ညိုက ပြောသည်။

“ပြည်သူနဲ့ NLD နဲ့ စိတ်ဝမ်းကွဲစရာ အကြောင်းတစ်ခုက ဒီမြစ်ဆုံနဲ့လည်း အများကြီးဆိုင်တယ်လို့ ကျွန်တော်မြင်တယ်။ ပြည်သူဘက်က ကြည့်ရင်တော့ ဧရာဝတီဟာ ဒီတစ်ခုတည်းရှိတယ်။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အသက်သွေးကြောနေရာဆိုပြီးတော့ လက်ခံထားတဲ့နေရာပေါ့။ အဲဒါကြီးကို သွားထိမယ်ဆိုရင် မကြိုက်ကြဘူး” ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လူထုတွေ့ဆုံပွဲတွင် မြစ်ဆုံစီမံကိန်း ပြန်စမစကို ယတိပြတ် မပြောခဲ့သဖြင့် ပြန်စတင်လိုသည့် အရိပ်အယောင်များလားဟု ပြည်သူကြားတွင် ဆွေးနွေး ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

ပြည်သူအမြင်ကျယ်ပါ – ဒေါ်စု

ကန့်ကွက်မှုများကြောင့် ကာလအတန်ကြာ ရပ်နားထားခဲ့ရသည့် မြစ်ဆုံစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်မည်၊ မဖော်မည်ကို ပြည်မြို့တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က တိုက်ရိုက်မပြောကြားခဲ့ဘဲ စီမံကိန်းများကို အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားရန် ပြည်သူလူထုကိုသာ ဆောင်းပါးရိပ်ခြည် ပြောခဲ့သည်။

“အစိုးရအနေနဲ့ တာဝန်သိသိနဲ့လုပ်မှာပါ။ ဆုံးဖြတ်ချက်ချလို့ရှိရင် အများပြည်သူသိအောင်လို့ ဘာကြောင့်၊ ဘာ့ကြောင့်ဆိုတာ ရှင်းပြမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံတကာနှင့်ချုပ်ဆိုထားသည့် သဘောတူညီချက်များတွင် အစိုးရအပြောင်းအလဲကို အကြောင်းပြပြီး မကြာခဏ သဘောထားပြောင်းလဲရန် ခက်ခဲကြောင်း၊ ကမ္ဘာ၏ယုံကြည်မှု ရရှိရန် စကားတည်ရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အရင်တုန်းကစတင်ခဲ့တဲ့ စီမံကိန်းကြီးတွေကို ကျွန်မတို့ကနေပြီးတော့၊ ကျွန်မတို့အစိုးရတက်ပြီ၊ ဘယ်ဟာမှ ဂရုမစိုက်တော့ဘူး၊ လုပ်ချင်တာလုပ်မယ်ဆိုပြီး ပြောလို့မရဘူး။ အဲဒီလိုလုပ်လို့ရှိရင် ဒီနိုင်ငံဟာ ဘယ်တော့မှ အားကိုးရတဲ့နိုင်ငံမဟုတ်ဘူး။ အစိုးရတစ်ခုတက်ရင်တစ်မျိုး။ ငါတို့ ဒီနိုင်ငံနဲ့ ဘာမှမလုပ်တာကောင်းတယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကမ္ဘာကြီးမှာ ဖြစ်သွားရင် ကျွန်မတို့နိုင်ငံကို ထိခိုက်တတ်တယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးသိန်းစိန်အစိုးရလက်ထက် မြစ်ဆုံစီမံကိန်းကို ပြည်သူအများ ကန့်ကွက်နေကြချိန်တွင် ၎င်းကိုယ်တိုင် စီမံကိန်းကိုဆန့်ကျင်သည့် လှုပ်ရှားမှုများကို ထောက်ခံကာ ဧရာဝတီမြစ်ကို ကယ်တင်ပေးကြပါရန် ပြည်တွင်းမှာရော နိုင်ငံတကာသို့ပါ မေတ္တာရပ်ခံခဲ့သူဖြစ်သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအတွက် မဲဆွယ်စဉ်က ၎င်းတို့ပါတီအာဏာရပါက မြစ်ဆုံစာချုပ်ပါအချက်များကို ပြည်သူအား ဦးဆုံးချပြမည်ဟု ကတိပေးခဲ့သူဖြစ်သည်။

သို့သော်လည်း NLDသည် အာဏာရခဲ့သည်မှာ သုံးနှစ်တင်းတင်း ပြည့်ချိန်အထိ စာချုပ်ပါအချက်အလက်များကို ချပြခြင်း မရှိသေးသလို စီမံကိန်းနှင့်ပတ်သက်ပြီး သဘောထားတစ်ခု၊ မူဝါဒတစ်ရပ်ကို အတိအလင်း ကြေညာခြင်းလည်း မရှိသေးပေ။

နိုင်ငံရေးအပေးအယူရှိနိုင်လား

အမျိုးသားလွှတ်တော် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးလည်းဖြစ်သူ ဦးရဲထွဋ် (စာရေးဆရာ ဝင်းထွဋ်ဇော်) က ဒေါ်အောင်ဆန်းစုကြည် ယခုလို လေသံပြောင်းသွားသည်မှာ ၎င်းနှင့်တပ်မတော်အကြား နိုင်ငံရေးအရ အပေးအယူရှိခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“နိုင်ငံရေးမှာ အပေးအယူတွေတော့ ရှိနိုင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်က မြစ်ဆုံစာချုပ်ကို ချပြမယ်လို့ ပြောတယ်လေ။ သူတို့ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက။ သူတို့ အာဏာရရင် မြစ်ဆုံစာချုပ်ကို ချပြမယ်ပြောပြီး အဲဒါလုပ်မှ မလုပ်နိုင်ဘဲနဲ့” ဟု ၎င်းက ပြောသည်။

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး လှုပ်ရှားသူ မြန်မာအစိမ်းရောင်ကွန်ရက် ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်ကမူ မြစ်ဆုံစီမံကိန်းမှာ စစ်အစိုးရလက်ထက်က ချုပ်ဆိုခဲ့သည့် စာချုပ်များဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ခေါင်းခံပေးဖို့ မလိုဟု ပြောသည်။

မြစ်ဆုံစီမံကိန်းစာချုပ်မှာ စစ်အစိုးရကာလတွင် ချုပ်ဆိုထားသည့်စာချုပ် ဖြစ်နေခြင်းကြောင့် အမျိုးသားရင်ကြားစေ့ရေးကို ကြွေးကြော်ထားသည့် လက်ရှိအစိုးရအနေဖြင့် တပ်မတော်နှင့်ဆက်ဆံရေး အဆင်ပြေစေရန် မလွှဲသာဘဲ လိုက်လျောရတော့မည်ဆိုသော ထင်မြင်ချက်များကိုလည်း ဒေါ်ဒေဝီသန့်စင်က ပယ်ချသည်။

“ပြည်သူမလိုချင်ဘူးဆိုရင် ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ဒေါ်လေးတို့ကတော့ ပြတ်ပြတ်သားသားပဲ။ ပေးသင့်တာတွေ ပေးထိုက်တာတွေလည်း (တရုတ်ကို) ပေးပြီးသွားပြီဖြစ်တဲ့အတွက် ဒေါ်လေး တို့ကတော့ ဧရာဝတီကိုတော့ မပေးချင်ပါဘူး” ဟု ၎င်းက ပြောသည်။

အိပ်ပျော်နေတဲ့ မြစ်ဆုံကော်မရှင်

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိခဲ့ပြီးနောက် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်မည့် အရိပ်အယောင်များ ထွက်ပေါ်လာခဲ့ပြီးနောက် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးအဖွဲ့များနှင့် ပြည်သူလူထုက ပြင်းပြင်းထန်ထန် ကန့်ကွက် ဝေဖန်ခဲ့ကြသည်။

ထို့နောက် သမ္မတဟောင်း ဦးထင်ကျော်က ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ဧရာဝတီ-မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်တို့အပြင် ပြည်ထောင်စုဝန်ကြီး ငါးဦး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် နှစ်ဦးတို့ အပါအဝင် စုစုပေါင်း ကော်မရှင်အဖွဲ့ဝင် ၂၀ ဖြင့် ဖွဲ့စည်းခဲ့သည်။

ထိုကော်မရှင်က အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံပြီး နိုင်ငံတော်နှင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအကြား အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကို လေ့လာစိစစ် အကြံပြုချက်များကို အစီရင်ခံစာ တင်သွင်းရမည်ဖြစ်သည်။ ထိုကော်မရှင်တွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ဥက္ကဋ္ဌ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက အတွင်းရေးမှူးအဖြစ် အသီးသီးတာဝန်ယူထားသည်။

၂၀၁၆ ခုနှစ် ကော်မရှင် စတင်ဖွဲ့စည်းချိန်က စတင်ပြီး နေပြည်တော်တွင် ကော်မရှင် အစည်းအဝေးများစွာ ပြုလုပ်ခဲ့ပြီး နိုင်ငံတောသမ္မတထံ အစီရင်ခံစာ နှစ်ကြိမ် တင်သွင်းခဲ့ပြီး ဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

ကော်မရှင်ဖွဲ့စည်းပြီး မကြာမီ မြစ်ဆုံသို့ တစ်ကြိမ် သွားရောက်ခဲ့ရပြီး နောက်ဆုံးအစီရင်ခံစာကို ၂၀၁၇ နှစ်ကုန်ပိုင်း တင်သွင်းခဲ့ပြီးနောက် အစည်းအဝေး ထပ်မံခေါ်ယူခြင်း မရှိတော့ကြောင်း ၎င်းက ပြောသည်။

“ကျွန်မတို့ကို ခုချိန်ထိ ဘာမှ ပြန်မခေါ်ဘူး။ အစည်းအဝေးလည်း ပြန်မခေါ်ဘူး။ ဘာမှထပ်ပြီးတော့ ညွှန်ကြားတာတို့ ဘာတို့လည်း မရှိသေးပါဘူး” ဟု ၎င်းက ပြောသည်။

မြစ်ဆုံစီမံကိန်း လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်လာမည်ကို စောင့်ကြည့်နေကြပြီး ထိုအစီရင်ခံစာတွင် မြစ်ဆုံစီမံကိန်း စာချုပ်ကိစ္စများလည်း ပါဝင်ကြောင်း၊ ထို အစီရင်ခံစာအပေါ် မူတည်ပြီး အစိုးရက လွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက DVB သတင်းဌာနကို ယခုနှစ်ဆန်းပိုင်းက ပြောကြားခဲ့သည်။

ထိုအစီရင်ခံစာကို အစိုးရအဖွဲ့က လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ပြီး လွှတ်တော်၏ သဘောထား ဆုံးဖြတ်ချက်ကို ရယူကာ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု ၎င်းက ပြောသည်။

ဒေါက်တာခင်မောင်ညိုက ထိုကော်မရှင်မှာ အစိုးရက ဖွဲ့စည်းထားသည့် ကော်မရှင်ဖြစ်နေ၍ ၎င်း၏ဘက်မလိုက်မှုအပေါ် ယုံကြည်ရန်ခက်ခဲသည်ဟု ဆိုသည်။

“နိုင်ငံရေးဆိုတာက ငှက်တစ်ကောင်ကို ကိုင်ထားတဲ့လူလိုပဲ။ ငှက်ကို အသေလိုချင်လား၊ အရှင်လိုချင်လား။ ခင်ဗျားသေချင်ရင်လည်း သေလို့ရတယ်။ ရှင်ချင်လည်း ရှင်လို့ရတယ်။ ကော်မရှင်အစီရင်ခံစာကို အဲဒီလိုပဲ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။

By ဖြိုးသီဟချို/ Myanmar Now

Leave a Reply