ကိန်းဂဏန်းများ အရ (၄) သန်းကျော် ရှိသည့် ထိုင်း၌ အလုပ်လုပ် နေကြသည့် မြန်မာ နိုင်ငံသား အလုပ် သမားများ လက်ရှိတွင် ထိုင်းအာဏာပိုင် များ၏ တောက်လျှောက် ဖမ်းဆီး စစ်ဆေးမှုများနှင့် ကြုံတွေ့ နေရ သကဲ့သို့ နေ့စဉ်ပင် နယ်စပ်ဂိတ်များမှပင်လည်းကောင်း အခြား လမ်းကြောင်း များမှသော်လည်းကောင်း အလျိုလျို ပြည်တော်ပြန် နေကြသည်။

editor copy

ထို (၄) သန်းကျော်သော ထိုင်းနိုင်ငံ ရောက်ရှိ နေသည့် မြန်မာ အလုပ်သမား များအတွက် ညှိနှိုင်း ဆွေးနွေးဆဲ အခြေအနေ များမှ အပ မြန်မာ အစိုးရ အနေဖြင့် တိပသော မူဝါဒ ၊ လုပ်ဟန် များဖြင့် ထိုအလုပ်သမား များကို အပြည့်အဝ အကာအကွယ် ပေးနိုင် သေးခြင်း မရှိပေ။

ထို (၄) သန်းကျော်သော ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ထဲတွင် မွန်၊ ကရင်နှင့် တနင်္သာရီ ဒေသ တို့မှ သွားရောက်၍ အလုပ်လုပ်ကိုင် နေကြသည့် အလုပ်သမား ပမာဏမှာလည်း များစွာ ရှိပေသည်။

မွန်၊ ကရင်၊ တနင်္သာရီရှိ ပြည်နယ်နှင့် တိုင်း အစိုးရများမှ တိတိကျကျ ကောက်ခံ ပြုစုထားသော စာရင်း ဇယားများ မရှိသော် ငြားလည်း ထိုင်းနိုုင်ငံရှိ ရွှေ့ပြောင်း အလုပ်သမားများကြောင့် မွန်၊ ကရင်၊ တနင်္သာရီ ဒေသလို့ ပြန်လည် ဝင်ရောက် လာသော ငွေကြေး ပမာဏသည် ဒေသတွင်း စီးပွားရေး အတွက် လိုအပ်သည့် ငွေကြေး စီးဆင်းမှုကို များစွာ အရှိန်ကောင်းမွန် စေပါသည်။

၎င်းတို့သည် ဒေသတွင်း စီးပွားရေး လည်ပတ်မှုနှင့် စီးပွားရေး ဝင်ငွေ ရရှိ စေမှုကို ထိန်းကျောင်း ပေးနေသည့် ယန္တရား တရပ်ဟု ဆိုလျှင်ကား မှားလိမ့်မည် မဟုတ်ပေ။
ယခု သည်ကား ထိုယန္တရားကြီး ရပ်တန့်လောက်အောင် မဖြစ်သော်ငြားလည်း ဒေသ၏ ပင်မ စီးပွားရေး ဝင်ငွေ စီးကြောင်းကား အမျိုးမျိုးသော ထိုင်းနိုင်ငံရေး အခြေအနေ များကြောင့် လှုပ်ခတ်မှုဒဏ် ခံနေရပြီ ဖြစ်သည်။

၎င်းတို့ကို မီခို အားထား နေရသည် မိသားစုများ၊ တနိုင်တပိုင် စီးပွားရေး လုပ်ငန်း တို့သည်လည်း မည်သို့ ရှေ့ဆက် ရမည်ကား အဖြေမဲ့လျက်ပင်။

ထိုင်း၏ နိုင်ငံခြားရေး မူဝါဒနှင့် ထိုင်းပြည်တွင်း နိုင်ငံရေး အခြေအနေ များ၏ လှုပ်ခတ်မှုကို မြန်မာ နိုင်ငံတွင်းရှိ မွန်၊ ကရင် ၊ တနင်္သာရီ ကဲ့သို့ ထိုင်းနိုင်ငံကို မှီခို၍ လုပ်ကိုင် စားသောက် နေရသည့် အလုပ် သမားများနှင့် ၎င်းတို့ကို မှီခို နေရသည့် မိသားစုများ၏ ဝင်ငွေများမှာ တိုက်ရိုက် ခြိမ်းခြောက် ခံနေရပြီ ဖြစ်သည်။

ပြည်နယ်၏ စီးပွားရေး လည်ပတ်မှု အားကောင်းစေရေး အတွက် လိုအပ်သည့် ငွေကြေး စီးဆင်းမှု၏ အစိတ်အပိုင်း တခုသည် ရိုက်ခတ်မှု ခံနေရသည့် အနေအထား၌ ပြည်နယ်၏ စီးပွားရေး တက်အား သည်လည်း ရှိရင်းစွဲ အရှိန်ထက် နှေးကွေး သွားမည် ဖြစ်၍ ပြည်နယ်နှင့် တိုင်းများ အတွက် နစ်နာစရာပင် ဖြစ်သည်။

ပြည်နယ်နှင့်တိုင်း အစိုးရများ အနေဖြင့်လည်း ဤထိုင်းအစိုးရ၏ ဖမ်းဆီး ကိုင်တွယ်မှုကို လစ်လျူ မရှူ့သင့်ပေ။ ထို့ပြင် နယ်နမိတ်ခြင်း ထိစပ် နေသည့် နယ်စပ်ဂိတ်များမှ တဆင့် ပြည်တော် ပြန်ပို့ ခံရသည့် ရွှေ့ပြောင်း အလုပ်သမားများ အလွယ်တကူ ပြည်တော် ပြန်နိုင်ရေးနှင့် နိုင်ငံကူး လက်မှတ်နှင့် ဗီဇာ မြန်မြန်ဆန်ဆန် သက်တမ်း တိုးနိုင်ရေး အတွက် စီမံ ဆောင်ရွက်ပေးရန် လိုအပ်နေသည်။

ထို့ပြင် နယ်စပ်ဂိတ်များမှ တဆင့် ပြည်တော် ပြန်နေရသည့် ရွှေ့ပြောင်း လုပ်သားများ ပြည်တော်ပြန် ခရီးစဉ်၌ ဖြစ်ပျက်နေသည့် ခေါင်းပုံဖြတ်မှုနှင့် အဓမ္မ ငွေကြေား တောင်းခံမှုများကို ထိထိရောက်ရောက် အရေးယူ နိုင်ရေး အတွက် စီမံ ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်း ရေးသား အပ်ပါသည်။

အယ်ဒီတာ
(၄.၈.၂၀၁၆)

Leave a Reply