ပြုပြင်ပြောင်းလဲလိုလျှင် ဥပဒေများကို အသက်သွင်း

အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်အပေါ် အခြေတည်ပြီး အာဏာအရပ်ရပ်ထဲမှအချို့ကို ပြည်ထောင်စုနှင့်တိုင်းဒေသကြီး၊ ပြည်နယ်တို့ ခွဲခြားကျင့်သုံးကာ စတင်ခဲ့သည့် မြန်မာ့ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလ (၈)နှစ်အတွင်းမွန်ပြည်နယ်တွင် ဥပဒေပေါင်း (၂၀) ပြဋ္ဌာန်းထား၏။

ယဉ်ကျေးမှုအမွေအနှစ်များကာကွယ်ထိန်းသိမ်းရေး၊ ပုဂ္ဂလိကရေယာဉ်များစနစ်တကျပြေးဆွဲရေး၊ ယစ်မျိုးခွန်၊ ကုန်တင် ကုန်ချ၊ ကျေးရွာထင်းစိုက်ခင်း (၁ ကြိမ်ထပ်ပြင်)၊ ငါးလုပ်ငန်း၊ မြေယာခွန်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ထိန်းကျောင်းရေး၊ ဂုဏ်ထူးဆောင်ဆုလက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများချီးမြှင့်ခြင်း၊ လမ်းများ တံတားများ၊ ဆားနှင့်ဆားထွက်ပစ္စည်း၊ တိုင်းရင်းဆေးဝါး၊ မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ်၊ ဇာတ်ရုံများကြီးကြပ်ရေး၊ လွှတ်တော်ဆိုင်ရာနည်းဥပဒေ၊ မြေသြဇာများစနစ်တကျထုတ်လုပ်သုံးစွဲရေး၊ အလတ်စားနှင့်အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊ စည်ပင်သာယာရေး (၃ကြိမ်ထပ်ပြင်) စသည့်ဥပဒေတို့ဖြစ်သည်။

မည်မျှအသက်ဝင်နေပါပြီနည်း။ လက်ရှိကာလအတွင်း အနီးစပ်ဆုံးဖြစ်ပွားခဲ့သော ကိစ္စသုံးရပ်နှင့်စပ်လျဉ်းသည့် ဥပဒေများကို ချိန်ထိုးကြည့်လျှင်မူ မွန်ပြည်နယ်အစိုးရ၏ ဥပဒေသစ်များ
အပေါ်အကောင်အထည်ဖော်နေမှုအခြေ အနေမှာ မေးခွန်းထုတ်စရာကောင်း၏။

လွန်ခဲ့သော ၅ နှစ်ကျော်က ပြဋ္ဌာန်းထားသည့် မီးဘေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဥပဒေ ကြီးမှာ လတ်တလောကြုံတွေ့နေရသည့် ရေကြီးရေလျှံမှုများအကြားမည်သို့ရှိနေပါသနည်း။ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကြိုတင်ကာကွယ်ရေးကော်မတီများ ကြိုတင်ကာကွယ်ရေးအလို့ ငှာမည်မျှစွမ်းဆောင်နိုင်ခဲ့ပါသနည်း။ အဆိုပါ ကဏ္ဍမှာ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စများကဲ့သို့ မထင်ရှား မပေါ်လွင်သည်မှာကားအမှန်ပင်။

ထို့အတူ ၆ နှစ်အတွင်း လေးကြိမ်ပြဋ္ဌာန်း၊ ပြင်ဆင်ခဲ့သည့် မွန်ပြည်နယ်စည်ပင်သာယာရေးဥပဒေအရ ပြည်သူတို့ ရွေးချယ်ပိုင်ခွင့်ရှိသည့် ပြည်နယ်နှင့် မြို့နယ်အဆင့် စည်ပင်သာယာရေး
ကော်မတီဝင်များကိစ္စမှာလည်း ယနေ့တိုင် အကောင်အထည်မပေါ်သေး ဝေလာဝေးနေဆဲပင်။

လတ်တလော အငြင်းပွားမှုဖြစ်နေသည့် ပုဂ္ဂလိကလျှပ်စစ်ဓာတ်အားဖြန့်ဖြူးသည့်နှုန်းထားကိစ္စကိုကြည့်ပြန်လျှင်လည်း ဥပဒေပြဌာန်းမှု နှစ်နှစ်သက်တမ်းပြည့်တော့မည့် မွန်ပြည်နယ်အ
လတ်စားနှင့်အသေးစားပုဂ္ဂလိက လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာဥပဒေ၏ အခန်းကဏ္ဍ ပျောက်ကွယ်ဆဲ။ ထို့ကြောင့် ကြီးကြပ်မှု၊ ညှိနှိုင်းမှုအရာ၌ အားနည်းချက်တို့ရှိနေသည်မှာ အထင်အရှား။

ထိုထိုသော ကိစ္စအရပ်ရပ်ကို ထောက်ချင့်၍ ဟင်္သာက အထူးအထူး အလေးအနက်အထားပြောဆိုလိုသည်မှာ ပြဋ္ဌာန်းထားသည့်ဥပဒေများ အသက်မဝင်သေးခြင်း၊ အသက်မသွင်းသေး
ခြင်းသည် ပြုပြင်ပြောင်းလဲရေးဟူသော ကြွေးကြော်သံကို အသံတိတ်တိတ် အိပ်နေစေသကဲ့သို့ဖြစ်မည်ဟူ၍ပင်။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.