ပြေတီဦးနဲ့ ရုပ်ရည်ခြင်း အတော်ဆင်နေတဲ့အတွက် နာမည်ကြီးနေတဲ့ ကောင်လေးကတော့ နေနော်ပဲ ဖြစ်ပါတယ်။ သူနဲ့တွေ့ဆုံခိုက် ပရိသတ်စိတ်ဝင်စားစေမယ့် အကြောင်းအရာမျိုးစုံကို အခုလိုမေးမြန်း တင်ဆက်ပေးလိုက်ပါတယ်။

မေး ။ ။ လတ်တလော ဘယ်လိုမျိုး ဇာတ်ကားတွေ လက်ခံရိုက်ကူးဖြစ်နေလဲ။
နေနော် ။ ။ လတ်တလောကတော့ မကြာမီ မျှော်ရုပ်ရှင် ဇာတ်ကားကြီးအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ ဘယ်လို ကာရိုက်တာမျိုးဆိုတာ မသိပေမယ့် မအေးမြတ်သူရဲ့ ချစ်သူနေရာကနေပြီး ပါဝင် သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။ ဒီကားက ဇာတ်ဝင်တေးတွေ အကတွေလည်း ပါမယ်ဆိုတော့ အဓိက အဝတ်အစားကို ပြင်ဆင်နေပါတယ်။ နောက်ပြီး ဒီကားက ထင်ထားတာထက် ပိုပြီးလည်း အလုပ်လုပ်ရမယ် ထင်ပါတယ်။ အားလုံးသိတဲ့အတိုင်း အိန္ဒိယ ကားတစ်ကားက နှစ်နဲ့ချီပြီး ရိုက်ကူးရက် ကြာတဲ့အနေအထားမှာ ကျွန်တော်တို့က ရက်တိုတိုနဲ့ ရိုက်ရမှာ ဖြစ်တဲ့အတွက် အချိန်ရရင်ရသလို ရာသီဥတုကောင်းရင် ကောင်းသလို အဝတ်အစားချက်ချင်း လဲရိုက်ရမှာဖြစ်ပါတယ်။

မေး ။ ။ အကတွေပါမယ်ဆိုတော့ ဘာတွေပြင်ဆင်ထားသေးလဲ။
နေနော် ။ ။ အဓိက ကျွန်တော့်ရဲ့အား နည်းချက်က ကရတာပါပဲ။ ကျွန်တော် လုံး၀ မကတတ်ပါဘူး။ ဒါပေမယ့် စီစဉ်သူတွေ အနေနဲ့ အိန္ဒိယ အကဆရာတွေ Fighting ဆရာတွေပါခေါ်ထားတော့ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။ ကတယ်ဆိုပေမဲ့လည်း အရမ်းကြီး ကရမှာမဟုတ်ပဲ အိန္ဒိယဟန် မင်းသမီးနဲ့ လိုက်လျောညီထွေး လောက်ပဲ ဆိုတော့ အဆင်ပြေမှာပါ။

မေး ။ ။ တခြားရော ဘယ်ဇာတ်ကားတွေ ရိုက်ကူးဖြစ်နေသေးလဲ။
နေနော် ။ ။ လက်ရှိမှာတော့ ကိုမြင့်မြတ် ဝတ်မှုံရွှေရည်နဲ့အတူ တစ်ကားရိုက်နေပါတယ်။ ဒီကားမှာတော့ ဝတ်မှုံရဲ့ အစ်ကိုနေရာကနေပြီး ပါဝင်ထားပါတယ်။ နောက်ပြီး ကိုစာမိနဲ့လည်း တောင်ကြီးမှာ ရုပ်ရှင်ကားကြီး တစ်ကား ရိုက်သွားဖို့ ရှိပါတယ်။ ဒီကားရဲ့ နာမည်က လမ်းကြောင်းလို့ သိထားပြီး ကိုထွန်းထွန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒီကားမှာ လုပ်ကွက်တွေ အများကြီးရမယ်လို့လည်း ထင်ပါတယ်။

မေး ။ ။ အနုပညာခရီးလမ်းမှာ စစချင်းဘယ်လို အခက်အခဲတွေ တွေ့ခဲ့ရလဲ။
နေနော် ။ ။ အားလုံးသိတဲ့အတိုင်း ကျွန်တော့်ရဲ့ အနုပညာခရီးဘဝက မီးထိုးမှန်ထိုးပါ။ ဒီအနုပညာတစ်ခု တည်းကိုပဲ ဝါသနာပါပြီး ဒါပဲ လုပ်မယ်ဆိုတဲ့ စိတ်နဲ့ နယ်ကနေ လာခဲ့တယ်။ ဆရာရဲ့လမ်းပြမှုနဲ့ အတူနေခဲ့ပြီး နှစ်တွေ အများကြီးကို ဖြတ်သန်းခဲ့ရတယ်။ ဒီကာလတွေထဲ ဖြတ်သန်းရင်း အားလုံးက ကိုပြေကြီး (ပြေတီဦး) နဲ့ ဆင်တယ်။ တူလိုက်တာဆိုပြီး ပရိသတ်တချို့က သိလာတယ်။ ကိုပြေတီဦး ပရိသတ်ကလည်း အနယ်နယ် အရပ်ရပ်မှာ ရှိနေတော့ ဘယ်သွားသွား ကျွန်တော်က ဒုတိယ ပြေတီဦးဆိုပြီး နာမည်တပ်ခံလာရတယ်။ အဲဒါနဲ့ပဲ အချိန်တို အတောအတွင်းမှာ ကိုပြေတီးကြောင့် ပရိသတ်ကလည်း ကျွန်တော့်ကို သတိထားမိလာတယ်။

မေး ။ ။ ပြေတီဦး နောက်တစ်ယောက်အဖြစ် ပရိသတ်ရဲ့ အမြင်အပေါ် ဘယ်လိုခံစားရလဲ။
နေနော် ။ ။ ကိုပြေတီဦး ကလည်း သူ့နာမည်ပါဆိုပြီး ဘာမှမပြောဘူး။ အရမ်းကို စိတ်ထား ပြည့်တယ်။ သူ့ကြောင့် ကျွန်တော်ဖြစ်လာတယ်လို့လည်း ပြောနိုင်ပါတယ်။ နယ်သွားရင်လည်း ကိုပြေတီဦး ညီလားဆိုပြီး လာမေးတာ၊ လက်ဆောင်ပေးကြတာတွေ ရှိတယ်။ တစ်ခါက ဆေးတက္ကသိုလ်ထဲ ရောက်သွားတုန်းက ဆိုရင်လည်း ဆေးကျောင်းက ကလေးတွေက အဖေ့ရဲ့ညီ အဖေ့ရဲ့ညီဆိုပြီး ဝိုင်းခေါ်ကြတယ်။ သူတို့ ကိုပြေတီဦးကို အဖေလို့ ခေါ်ကြတယ်ဆိုတာ နောက်မှ ပြန်သိရတယ်။ ကိုပြေတီဦးကြောင့် နေရာတိုင်းမှာ လူသိများခဲ့ရတယ်။ ကိုပြေတီဦးနဲ့တူတာ ငါကံကောင်းတာပဲလို့ ခံစားမိပါတယ်။

မေး ။ ။ ကိုပြေတီဦးဆီကရော ဘာတွေသင်ယူဖြစ်လဲ။
နေနော် ။ ။ သူကသရုပ်ဆောင် အရမ်းကောင်းပါတယ်။ ကိုဝိုင်းရိုက်တဲ့ လိပ်ပြာထောင် ချောက်တုန်းက ဆိုရင်လည်း သူနဲ့ဆုံတိုင်း သူက ဒိုင်ယာလော့ကျက်တာ ပြောတာဆိုတာ အိုက်တင် အားလုံးသင်ပေးတယ်။ အနုပညာ အလုပ်တွေအပြင် အပြင်လောကမှာ ပေါင်းသင်းဆက်ဆံတတ်ဖို့ စိတ်ထားကို ဘယ်လိုထားရမလဲ ဆိုတာတွေကိုလည်း သင်ပေးပါတယ်။

မေး ။ ။ ပရိသတ်အတွက် စကား လက်ဆောင်ကိုပြောပါဦး
နေနော် ။ ။ အားပေးတဲ့ ပရိသတ်ကြီးရဲ့ အားပေးမှုနဲ့ ထပ်တူကျအောင် ကြိုးစားနေပါတယ်လို့ ပြောချင် ပါတယ်။

SD

Leave a Reply