Advertisements

လူနှစ်သန်းကျော်နေထိုင်သည့် မွန်ပြည်နယ်။
ကြက်၊ ဝက်များကို အခြားဒေသများသို့ပါ ပို့ဆောင်နေရသည်ဟု လုပ်ငန်းရှင်များထုတ်ပြောထားသည့် ဒေသ။ မြစ်ချောင်း၊
အင်း၊ အိုင်၊ မြေယာ ပေါများကြွယ်ဝ၍ သီးနှံများစိုက်ပျိုးထွက်ရှိရာအရပ်။

ထိုထိုသော ဌာနေတွင် အိမ်နီးချင်းထိုင်းနိုင်ငံမှတင်သွင်းသော ကြက်၊ ဝက်အသားနှင့် ဟင်သီးဟင်းရွက်များမှာ အရည်သွေးအရရော၊ ဈေးကွက်ယှဉ်ပြိုင်မှုတွင်ပါ အားကောင်းမောင်းသန် တန်ခိုးထွားနေသည်။

ယင်းတို့သည် တရားမဝင်တင်သွင်းမှုများဖြစ်နေခြင်းကြောင့် ပြည်နယ်၏ အခွန်ဘဏ္ဍာငွေရရှိမှုအခြေအနေကို အထူးထင်ရှားစွာ မီးမောင်းထိုးပြရန် လိုမည်မဟုတ်သကဲ့သို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသော မွန်ပြည်နယ်၏ စီးပွားဖွံ့ဖြိုးမှုကဏ္ဍမည်သို့ရှိမည်မှာလည်း ပြေးကြည့်ရန်ပင်မလိုဟု ဟင်္သာက ယုံကြည်ထားပါ၏။

ထို့ကြောင့် ဇူလိုင် ၁၀ ရက်တွင် ပြုလုပ်သော ပြည်နယ်အစိုးရ ဒုတိယနှစ်၏ တစ်နှစ်တာဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုလည်း မေးခွန်းမေးမြန်းခဲ့ပါသည်။

ဝန်ကြီးချုပ်၏ ဖြေကြားမှုထဲတွင် “တရားမဝင် ဝက်တွေကြက်တွေကို ဖမ်းဖို့ဟာ အင်မတန်ခက်တဲ့ကိစ္စ ဖြစ်တယ်၊ ထိုင်းဟာဆိုရင် ကျွန်တော်တို့ဆီ ဝက်လည်း သွင်းတယ်၊ ကြက်လည်းသွင်းတယ်၊ နောက်ပြီး ဟင်းသီးဟင်းရွက်တွေပါ သွင်းတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီက မစိုက်လို့ သွင်းတာဖြစ်တယ်”ဟု ပါဝင်၏။

ယင်း၌ အကောင်လိုက်၊ ကားဖြင့်တင်သွင်းမှုများကို ဖမ်းဆီးရန်ခက်သည်ဆိုသော ကိစ္စ၊ မစိုက်လို့သွင်းခြင်းစသော ဖြေကြားချက်တို့မှာ ပကတိအခြေအနေများ၊ လုပ်တန်နိုင်စွမ်းရှိမှုစသည်တို့နှင့် ချိန်ထိုးကြည့်လျှင် အထွေအထူးရှင်းပြရန် ပင်မလိုသော လွဲချော်မှုများအဖြစ် ဟင်္သာက ထောက်ပြလိုပါသည်။

သို့သော် “သူတို့ဆီက နည်းပညာတွေက ကိုယ်တွေ ထက်ပိုကောင်းတယ်၊ ဒါအမှန်တိုင်း လက်ခံရမယ်”ဟူသော ဝန်ကြီးချုပ်၏ လက်တွေ့နှင့်နီးစပ်သောအဖြေထုတ်မှုကိုမူ နစ်ထောင်းအားရရှိသကဲ့သို့ လစ်လပ်နေသော လယ်ယာများရှိကြောင်း၊ ကြိုးစားဆောင်ရွက်နေကြောင်း ပြောဆိုမှုများအတွက် ကြိုဆိုမိပါ၏။

ထို့အတူ “ဒီတော့ ကျွန်တော်တို့ ဘယ်လို ကြိုးစားကြမလဲ၊ ဝိရိယ စိုက်ထုတ်ပြီး လုပ်ကြမလား၊ ပြောနေရုံနဲ့ မပြီးသေးဘူး” ဟူ၍ ဒေါက်တာအေးဇံက ပြောခဲ့သည်ဖြစ်ရာ အဆိုပါအခြေအနေ အရပ်ရပ်ကို ဖြေရှင်းကျော်လွှားနိုင်ရေး များစွာ အားတက်မိပါ၏။

ယင်းသည် ပြည်နယ်၏ စီးပွားရေး၊ အသားနှင့် အသီးအရွက်ကဏ္ဍတိုးတက်ရေး၊ ပိုးမွှား/ရောဂါကင်းစင်စွာ ထိန်းချုပ်နိုင်ရေး၊ အခွန်ဘဏ္ဍာ၊ အလုပ်အကိုင်ဖန်တီးနိုင်စွမ်း စသည် စသဖြင့်များစွာသော ကောင်းကျိုးများကို ရယူရန်နှင့် ဆိုးကျိုးများကိုကာကွယ်ရန် ဝန်ကြီးချုပ်တစ်ဦး၏ စိတ်ပိုင်းဖြတ်မှုဟု ဟင်္သာကယူဆထားပါသည်။

ထို့ကြောင့် မကြာမတင် စနစ်တကျ ပြင်ဆင်၊ ချဉ်းကပ်၊ စီမံဆောင်ရွက်တော့မည်ဟု မျှော်လင့်ထားပါကြောင်း။

Written by အယ်ဒီတာ

Advertisements
<

Leave a Reply