Advertisements

မော်လမြိုင်၊ ဇန်နဝါရီ

ယခုအခါ ပွင့်လင်းရာသီဖြစ်သော်လည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်ရှိ ဟိုတယ်များတွင် ပြည်တွင်း ပြည်ပမှ ခရီးသွား ဧည်သည့် ဝင်ရောက်တည်းခိုမှု နည်းပါးလျက်ရှိကြောင်း ဟိုတယ်လုပ်ငန်းရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပြည်ပ ခရီးသွားဧည့်သည် နှစ်သောင်းကျော် ဝင်ရောက်မှုရှိသော်လည်း ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီတော်အထိသာ လာရောက်ကြပြီး မော်လမြိုင်မြို့နယ်ဘက်သို့ ဆက်လက်ဝင်ရောက်လာမှုနည်းခဲ့ကြောင်းဟိုတယ်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးချန်ထွန်းကပြောသည်။

“လက်ရှိ မိုးတွင်းကာလက နှစ်လကနေပြီးတော့ ဒီအချိန်အထိ ဝင်ရောက်မှုနည်းတယ်။ မနှစ်ကထက် ပိုပြီးတော့ ကျတယ်ပေါ့။ မိုးရာသီထက်တောင်နည်းတယ်။ ဒီအချိန်ပွင့်လင်းရာသီဆိုရင် ခရီးသွားဧည့်သည်တွေက များရမယ့်ဟာကို အခုကျတော့ ကျိုက်ထီးရိုးလာပြီးရင် ကျွန်တော်တို့ဆီ မဆင်းတော့ဘူး၊ ပြန်သွားကြတာများတယ်” ဟု ၎င်းက ဆိုသည်။

ဟိုတယ်လုပ်ငန်းအများစုမှာ မိုးတွင်းကာလက ဧည့်ဝင်ရောက်မှု လျော့နည်းသည့်အချိန်မှစပြီး ခြောက်လအတွင်းအရှုံးပေါ်နေသည်ကို တွေ့ရှိ
ရကြောင်း၊ လာမည့် ဇွန်လမှသြဂုတ်လအတွင်း တည်းခိုစရိတ်နှုန်းထားလျှော့ချမည့် အစီအစဉ်ကို ဇန်နဝါရီလကတည်းက ပြည်နယ်အစိုးရထံတင်ပြထားကြောင်း ဦးချန်ထွန်းက ပြောသည်။

မွန်ပြည်နယ်တွင် စည်ပင်လိုင်စင်ရ တည်းခိုခန်းအရေအတွက် များပြားလာသည်နှင့်အမျှ ဈေးကွက်ဝေစုခွဲဝေလုပ်ကိုင်ရခြင်းကြောင့် ဟိုတယ်လုပ်ငန်းများအဖို့ ရေရှည်တွင် ထိခိုက်လာနိုင်ကြောင်း လည်းခရီးသွားလုပ်ငန်းရှင်တစ်ဦးက ကောက်ချက်ချသည်။

“လက်ရှိဆိုရင် အခန်းများတဲ့ ဟိုတယ်တွေကို စိတ်ပူနေတယ်။ ဝန်ထမ်းအင်အားလည်းမနည်းဘူး။ ဒီတော့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် တိုးတက်အောင်လုပ်ရမယ်” ဟု မော်လမြိုင်မြို့မှ ဟိုတယ်ပိုင်ရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စသည့်ဒေသများ၌ ဟိုတယ် တိုးချဲ့တည်ဆောက်ရန် ကန့်သတ်ထားသည့်အတိုင်း ယခုအခါ မွန်ပြည်နယ်အတွင်း၌ လည်းတွေ့ရှိနေရပြီးဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မွန်ပြည်နယ်သို့ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ပြည်တွင်းမှ ဦးရေ နှစ်သိန်းကျော်ရှိပြီး ပြည်ပမှ ဦးရေနှစ်သောင်းကျော်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား၊ ပြည်နယ်ညွန်ကြားရေးမှူးရုံးထံမှ သိရသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply