သထုံ ဧပြီ

မွန်ပြည်နယ် သထုံမြို့နယ်ရှိ မရမ်းပင်များ ပန်းပွင့်ချိန်နှင့် သီးကင်းချိန်တို့တွင် နှင်းခါးများကျသဖြင့် အပွင့်နှင့် သီးကင်းများ ပျက်စီးမှုများပြားရကာ ယခုနှစ် သထုံနယ်ဘက်တွင် မရမ်းသီးများအလွန်အမင်းရှားပါးနေကြောင်း ခြံပိုင်ရှင်များနှင့် မရမ်းကုန်သည်များထံမှ ဧပြီ တတိယပတ်တွင် သိရသည်။

“ဒီနှစ် ရက်ရက်စက်စက်ကို ပွင့်တာ။ ပွင့်တာမှ အရွက်မမြင်ရလောက်အောင်ကို ပွင့်တာ။ ပွင့်သလောက်သီးရင် အကိုင်းတွေပါကျိုးနိုင်တယ်။ အသီးတွေလည်း သယ်နိုင်မှာမဟုတ်ဘူး။ အခု အပွင့်တွေကို ပြဒါးရိုက်(နှင်းခါးကျ)တော့ အပွင့်တွေကြွေကုန်တာပေါ့။ ကြွေတာမှ အဆုပ်လိုက် အဆုပ်လိုက်ကို ကြွေတာ”ဟု သုဝဏ္ဏဝတီမြို့ နန်းတောင်းရွာကြီးနေ သီးစား မရမ်းကုန်သည် ဦးအေးဝင်းက ယခုနှစ် မရမ်းအခြေအနေကို ရှင်းပြသည်။

မရမ်းများမှာ ဒီဇင်ဘာနောက်ဆုံးပတ်မှစ၍ ပွင့်လေ့ရှိပြီး တစ်လအကြာတွင် သီးကင်းများဖြစ်လာကြသည်။ အပွင့်နှင့် ကင်းစအရွယ်တို့တွင် အပွင့်၊ အကင်းများမှာ အင်မတန် နူးညံ့သည်။ ထိုအချိန်မျိုးတွင် နှင်းခါးကျ (ဒေသအခေါ် ပြဒါးရိုက်)ပါက အပွင့်၊ သီးကင်းများမှာ ပျက်စီးကြွေကျကုန်သည်။ အောင်သောအကင်းများမှာ ၁၅ရက်၊ ရက် ၂၀အကြာတွင် ရင့်လာ၊ မှည့်လာကြသည်။ပွင့်ချိန် ကင်းချိန်မှာမူ အန္တရာယ်များပြီး ထိခိုက်ပျက်စီးလွယ်သည်ဟု ဆိုကြသည်။

“ဝယ်တဲ့သူလည်း ဝယ်လို့မတတ်၊ ရောင်းမယ့်သူလည်း ရောင်းလို့ မတတ်ဘဲ ဖြစ်နေတယ်။ အသီးမှ မရှိတာ။ ရှိတဲ့အသီးနဲ့ သူ့ဘက်ကိုယ့်ဘက် အဆင်ပြေပြေ အရောင်းအဝယ်ဖြစ်အောင် ဈေးသတ်မှတ်ဖို့တအား ခက်နေတယ်”ဟု သထုံမြို့နယ် ဒေါင်းရွာနေ သီးစား မရမ်းကုန်သည် ဦးဖေအောင်ကပြောသည်။

သီးစားမရမ်းကုန်သည်များသည် မရမ်းပွင့်ချိန်တွင် မရမ်းရှိရာဒေသများသို့သွား၍ မရမ်းပွင့်အနေအထားကို ကြည့်ကာ ပိုင်ရှင်များနှင့် ဈေးညှိပြီး ငွေချေဝယ်ယူကြသည်။ မရမ်းသီးများရင့်မှည့်လာသောအခါ အပင်တက်သမား အသီးကောက်သမများကို ငှါးရမ်းခေါ်ယူကာ ဝယ်ယူထားသည့် မရမ်းပင်များဆီသွာ၍ မရမ်းသီးများကို ဆွတ်ယူကြရသည်။

“အလုပ်သမားဈေးက မနှစ်ဈေးအတိုင်းပဲ။ ထမင်းတစ်နပ်ကျွေးနဲ့ အပင်တက်သမားက တစ်နေ့ ၁၀၀၀၀၊ အသီးကောက်က ၅၀၀၀။ မနှစ်ကနဲ့ အတူတူပဲ။ အကွဲ အနာအဆာမရှိတဲ့ လက်ဆွတ်သီက မနှစ်က ၁ပိဿာကို ၅၀၀၀၊ ဒီနှစ် ၁ပိဿာ ၁၀၀၀၀။ ဒါပေမယ့် ခွက်ခွက်လှန်ရှုံးတယ်။ အသီးမှမရှိတာ။ ပြဒါးမထိတဲ့ အရွက်ကြားထဲက တောင် တစ်လုံး၊ မြောက် တစ်လုံးလောက်ပဲ သီးတာ။ ၁တင်းလောက် သီးတဲ့အပင်ဟာ ဒီနှစ် ၂ပြည်တောင် မရချင်ဘူး။ အသီး လုံးလုံးမတင်တဲ့ အပင်တွေကပိုများတယ်။ တချို့အပင်တွေဆို တက်ခပါ ထပ်ရှုံးမှာဆိုတော့ မတက်တော့ဘဲ ဒီအတိုင်းပစ်ထားလိုက်ရတယ်”ဟု အလံတရာ၊ နန်တောင်း၊ တံတားဦး၊ ဝီယော်၊ မင်းလွင်၊ ပန္နဲတော၊ စောအဲ့ဖိုး၊ ဖာဘိန်စသည့် ကျေးရွာဒေသထွက် မရမ်းသီးများကို နှစ်ပေါင်း ၃၅နှစ်ကျော် သီးစားဝယ်ယူ လုပ်ကိုင်လာခဲ့သူ ဦးအေးဝင်းက ပြောသည်။

စောပဏ်(ဖူးငုံရတနာ)

Leave a Reply