ပွင့်လင်းရာသီ ရောက်လာသော်လည်း မွန်ပြည်နယ်အတွင်းသို့ ပြည်ပခရီးသွားဧည့်သည် လာရောက် လည်ပတ်မှုသည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက နည်းပါနေသေးကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောသည်။
“မွန်ပြည်နယ်မှာတော့ နိုင်ငံခြားဧည့်သည် ဝင်ရောက်မှုဟာ အရင်နှစ်ကနဲ့စာရင် လျော့လာတယ်၊ ကျိုက်ထီးရိုးရော မွန်ပြည်နယ် တစ်ခုလုံးကော လျော့လာတယ်၊ ဒါလည်းအခြေနေ အမျိုးမျိုးကြောင့်ပေါ့”ဟု ၎င်းက ဆက်လက်ပြောပြသည်။
၂၀၁၄ ခုနှစ်တွင် နိုဝင်ဘာလကုန်အထိ ပြည်ပ ဧည့်သည်ဝင်ရောက်မှုသည် ၁၅၀ဝ၀ဝ ဦးကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၃၀ဝ၀ဝ ဦးကျော်သာ လာရောက် လည်ပတ်မှု ရှိသေးသဖြင့် နိုင်ငံခြားသား ခရီးသွားဦးရေသည် ၁၂၀ဝ၀ ဦးကျော်သည် ဝင်ရောက်မှု လျော့နည်းသွားကြောင်း မွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်းကြားမှုဦးစီးဌာန မှတ်တမ်းအရ သိရသည်။
“အဓိက အကြောင်းရင်းကတော့ ကျွန်တော်စိတ်ထင်တော့ ရွေးကောက်ပွဲကြောင့်ပေါ့၊ ရွေးကောက်ပွဲမှာ အပြောင်းအလဲကို သူတို့တွေက စိုးရိမ်ပူပန်ပြီး မဝင်လာကြတာလို့ ကျွန်တော်ထင်တယ်”ဟု Tour Guide ဦးမျိုးမင်းက ပြောသည်။
ရွေးကောက်ပွဲကြောင့် နိုဝင်ဘာတစ်လသာ ဧည့်သည်ဝင်ရောက်မှုနည်းကြောင်းနှင့် ယခုဒီဇင်ဘာလအတွင်း ပြည်ပဧည့်သည် ဝင်ရောက်မှု ပိုမိုများလာကြောင်း ၎င်းကပြောသည်။