Advertisements

မြန်မာလူမျိုးများ ပွဲကြိုက်ကြသည်။ ကြိုက်တာမှ တော်တော်လေးကိုကြိုက်တာ။ အခုမှ ကြိုက်ခြင်းတော့ မဟုတ်။ တော်တော်လေးကြာပြီ။ ရှင်ဘုရင်တွေ ခေတ်တည်းက ဖြစ်မည် ။

မြန်မာများ ပွဲကြိုက်သည်ကိုတော့ မမေးနဲ့။ မေးလျှင် လေကုန်မည်။ ပွဲရှိရင် တစ်လ ကိုးသီတင်းပင် သွားကြည့် ကြတာ ။ ထမင်းမေ့ ဟင်းမေ့၊ အခုလည်း ထိုနည်းလည်းကောင်း။ ပိုပြီးတောင် ကြိုက်လာကြသည်ဟုပင် ထင်ရ သည်။

အရင်က ဇာတ်ပွဲများ ခေတ်စားသည်လေ။ ဇာတ်မင်းသားကြီး ဦးဖိုးစိန်အကြောင်းပင် ငယ်ငယ်က စာထဲတွင် ထည့်သင်ရဖူးသည်။ သင်ဆို သူက နာမည်ကြီးသည်ကိုး ။ ထို့ကြောင့်ပဲ ဖြစ်မည်။ မျိုးနဲ့ ရိုးနဲ့ ပွဲကြိုက်လာကြသည်။ ဇာတ်ပွဲ ၊ အငြိမ့်ပွဲ၊ နတ်ကနားပွဲ၊ အလှူပွဲ၊ ဘုန်းကြီးပျံပွဲ၊ ဘုရားထီးတင်ပွဲ ရှိသမျှပွဲ အကုန်သွားသည်။

သွားဆို ပျော်စရာကောင်းသည်ကိုး။ ပွဲသွားလျှင် ရီရသည်။ ပွဲက သူတွေက ပရိသတ်ကို ရီရအောင် လုပ်ကြသည်။ တစ်ချို့က ဟိတ်ကြီးဟန်ကြီးနှင့် ဟာသများ ပြောကြသည်။ တချို့က ကြိုတင် ဇာတ်တိုက်ထားသည့် အ တိုင်း အတော်ကောင်းသော ပြက်လုံးများ ပြက်ကြသည်။ နားထောင်၍တော့ ကောင်း၏။ ပွဲကြည့်သူများက တ ခိုးခိုး တခစ်ခစ်၊ တချို့ဆို ဝါးလုံးကွဲ ရီကြသည်။ ရီသောသူ အသက်ရှည်၏ မဟုတ်လား။ ဆိုရိုးစကားရှိသည်။

ခုနောက်ပိုင်းတွင် ထိုသို့ မဟုတ်တော့။ တဖြည်းဖြည်း ပို၍ ခေတ်မီလာသည်။ ဇာတ်ပွဲများ မကြည်တော့။ ဇာတ် သမားများ ထမင်းငတ်ဖို့ နီးလာသည်။ အငြိမ့်ပွဲများ လူသိပ်မကြည့်တော့။ မောင်သူရကတော့ ပြန်ခေတ်စား အောင် လုပ်မည်ဟု ပြောသံကြားသည်။ သို့သော်မထင်။ နတ်ကတော်များ လမ်းပေါ်တွင် လမ်းသလားနေရသ ည်။ တောင်းပြုံးပွဲပင် မကရတာ့။ ရုပ်ရှင်တော့ နည်းနည်းပါးပါး ရိုက်ကြရသည်။ ခေတ်မီလာသည်ဟု ပြောရမည်။

အရင်က ဇာတ်ပွဲများ တချိန်းချိန်း ကကြသည်။ အငြိမ့်ပွဲများ တချိန်းချိန်း ကကြသည်။ နတ်ကနားပွဲများ တချိန်း ချိန်း ကကြသည်။ ယခုထိုသို့ မဟုတ်တော့။ အရင်က ဇာတ်ပွဲကြည့်ကြသည်။ ခုမကြည့်တော့။ အရင်က ဇာတ် ပွဲတွင် လူစုကြသည်။ အခု ထိုသို့မဟုတ်တော့ ပြောင်းလဲသွားပြီ။

အရင်က ဇာတ်ပွဲ ကြိုက်သူများ အခု ဇာတ်ပွဲမကြည့်တော့။ သူတို့ကို သူတို့ ခေတ်နောက်ကျသည်ဟု လူအထင် မခံချင်ပုံလည်း ရသည်။ ဇာတ်ပွဲနေရာတွင် ကြိုဆိုထောက်ခံပွဲများ အစားထိုး၍ အားပေးလာကြသည်။ အငြိမ့်ပွဲ နေရာတွင် ဆုတောင်းပွဲများ အစားထိုး၍ နေရာယူလာသည်။ နတ်ကနားပွဲများ နေရာတွင် ဆန္ဒပြပွဲများဖြင့် ပြောင်းလဲလာကြသည်။ အရင်က ဇာတ်ပွဲတွေ တချိန်းချိန်း ကကြသလို အခု ထောက်ခံပွဲတွေ တချိန်းချိန်း လုပ် လာကြသည်။ အရင်က အငြိမ့်ပွဲများ မကြာခဏ လုပ်သလို အခုကန့်ကွက်ဆန္ဒပြပွဲများ မကြာခဏ လုပ်ကြသည်။ တစ်နေ့တစ်မျိုး မရိုး။ နိုင်ငံအနှံ့ ပတ်၍ လုပ်ကြသည်။

ရန်ကုန်တွင် လုပ်သည်။ မန္တလေးတွင် လုပ်သည်။ နေပြည်တော်တွင် လုပ်သည်။ ပုသိမ်တွင် လုပ်သည်။ နိုင်ငံ တဝန်း အလျိုအလျို လုပ်ကြသည်။ နောက်ဆုံး နိုင်ငံခြားအထိပါ လိုက်၍ လုပ်ကြသည်။ ပွဲကြိုက်သည့် အကျင့် က နိုင်ငံခြားအထိပါ ပါသွားပုံရသည်။ တချို့က တချို့ကို ထောက်ခံပြီး တချို့က တချို့ကို ကန့်ကွက်ကြသည်။ ထို့ကြောင့် တချို့နှင့် တချို့ မတူသော ကန့်ကွက်ပွဲများ ထောက်ခံပွဲများဖြင့် စည်းကားနေခြင်းဖြစ်သည်။

ပွဲကြိုက်တာချင်းအတူပေမဲ့ အကြိုက်ချင်းတော့မတူ။ တချို့က အမေကြိုက်သည်။ တချို့က အဘကြိုက်သည်။ ထို့ကြောင့် တချို့က အမေ ထောက်ခံပွဲလုပ်ကြသည်။ တချို့က အဘ ထောက်ခံပွဲများ လုပ်ကြသည်။ စစ်တပ် ထောက်ခံပွဲ၊ အကြမ်းဖက် ဆန့်ကျင်ပွဲ စသဖြင့်လည်း ကြိုကြားကြိုကြား လုပ်ကြသေးသည်။ ဘာသာပေါင်းစုံ ဆုတောင်းပွဲတို့ ဘာတို့လည်း ပါတတ်သေးသည်။ ဘာပဲလုပ်လုပ် သူ့ လူနှင့် သူတော့ လာကြည့်ကြသည်။ သူ့အရပ်နှင့် သူ့ဇာတ်တော့ ကွက်တိ။ စည်းချက်ကိုက်နေကြသည်။
အပေါ်ကလည်း ပြောချင်ရာ လျှောက်ပြောကြသည်။ အောက်ကလည်း ဟေးလားဝါးလား အော်ချင်ရာ အော်ကြ သည်။ လက်ခုပ်လက်ဝါးတီး၍ ထောက်ခံအားပေးကြသည်။ ကကြ ခုန်ကြသည်။ ဇာတိမာန်သီချင်းများ ဖွင့်ကြ သည်။ ပျော်ကြမြူးကြသည်။ ယခင် ပွဲများ နည်းတူပင် ဖြစ်သည်။

အဲဒီလို ပျော်ကြမြူးကြဖို့လည်း အချိန်တော်တော် ယူရသည်။ တချို့ဆို ရေတစ်တန် ကုန်းတစ်တန်လာရသည်။ တချို့ က ကားတစ်တန် သင်္ဘောတစ်တန် လာရသည်။ အဝေးက လာကြရသည်ကိုး။ တချို့က ရိုးရိုးလာကြ သည်။ တချို့က နည်းနည်းဆန်းသည်။ ကားတန်းကြီးဖြင့် ဆိုင်းသံ ဗုံသံများဖွင့်၍ လာကြသည်။ မည်သို့ပင်လာ လာ သူတို့က ပွဲကြိုက်ခင်များသာ ဖြစ်သည်။ ပွဲကြိုက်၍ နိုင်ငံတဝန်း လှည့်ပတ်သွားနေသူများသာ ဖြစ်သည်။ ပြဿနာမရှိ။

ပြဿနာက ကျွန်တော့တွင်ရှိသည်။ ကျွန်တော်က ပွဲသိပ်မကြိုက်။ ပွဲဆိုလျှင် Miss ပြိုင်ပွဲလောက်သာ စိတ်ဝင် စားသည်။ ထောက်ခံပွဲ ကန့်ကွက်ပွဲတွေ သွားမဲ့အစား Miss ပြိုင်ပွဲတွေ သွားတာက ပိုမိုက်သည်။ ကောင်မလေး ချောချောလေးတွေ တွေ့ရသည်။ ဘစ်ကနီလေးတွေနဲ့ပါ လမ်းလျှောက်ပြကြသည်။ အခန့်သင့်ရင် အဲဒီ Miss လေးတွေနဲ့ စကားစမြည်ပြော ဓာတ်ပုံတွဲရိုက်၍ ရမည်။ အဲဒီပွဲတွေက ပိုကောင်းသည်ဟု မိမိထင်သည်။ ထို့ ကြောင့် ပွဲဆိုရင် Miss ပြိုင်ပွဲပဲ သွားသည်။ ဒါက မိမိအခွင့်အရေး။ မိမိ စိတ်ကြိုက် ရွေးလို့ရသည်။

သို့သော် အခုမရတော့။ အလျိုအလျို လုပ်လာတဲ့ ထောက်ခံပွဲနဲ့ ကန့်ကွက်ပွဲတွေကြောင့် မိမိတိုင်ပတ်နေရသ ည်။ ဘယ်မှ သွားလို့မရ။ လမ်းပေါ်တွင် တစ်နေသည်။ ရှေ့တိုးမရ နောက်ဆုတ်မရ။ အတော်လေး ဂွကျသည်။ လမ်းပိတ်နေ၍ ရုံး နောက်ကျသည်ကလည်း များပြီ။ ကြာရင် ထမင်းငတ်နိုင်သည်။ ရုံးခဏ ခဏ နောက်ကျနေ ရင် အလုပ်ထုတ်ခံရ နိုင်သည်။
ဒါတော့မဖြစ်။ မိမိတွင် မိန်းမနှင့် သားရှိသေးသည်။ မတော်လို့ မိမိအလုပ်ပြုတ်လျှင် မိန်းမနှင့် ကလေးပါ ထမင်း ငတ်နိုင်သည်။ ဒီလိုတော့အဖြစ်မခံနိုင်။ တစ်ခုခုတော့ ပြောရမည်။ သို့သော် မည်သူ့ကို ပြောရမည် မသိ။

အခုက အစိုးရကပင် ပွဲကြိုက်နေခြင်းဖြစ်သည်။ ဝန်ကြီးချုပ်များ ဘာများကိုယ်တိုင် ပွဲတက်နေကြခြင်းဖြစ်သည်။ ထို့ ကြောင့် အစိုးရကိုလည်း ပြော၍ ရမည်မဟုတ်။ မိမိကိုတိုင် ပွဲထဲသွားပြီး ထောက်ခံပွဲတွေ ကန့်ကွက်ပွဲတွေ ချက် ချင်းရပ်လို့ သွားအော်ရမလား။ စဉ်းစားကြည့်မိသည်။ ဒါလည်း မဖြစ်။ အခန့်မသင့်ရင် ငုတ်တုပ်မေ့သွားနိုင်သ ည်။ အမျိုးသား သစ္စဖောက် တံဆိပ်ကပ်ပြီး ထောင်ထဲအပို့ပါ ခံရနိုင်သည်။ မဖြစ်သေး။ အမေ့ကို သွားပြော ရ အောင်လည်း သူတို့က အမေ့ကို စွတ်ထောက်ခံနေကြတာ။ အမေက မိမိပြောတာ လက်ခံမှာမဟုတ်။ ဟုတ် တော့ ဟုတ်နေပြီ။

ဒီအတိုင်းဆိုရင်တော့ ဒီသုံးလေးနှစ်အတွင်း ဒီဒါဏ်တွေကို ခံရဦးမည်။ သူတို့ကလည်း လက်လျှော့မည့်ပုံမပေါ်။ ဆက်ပြီးသာ လှော်ကြမည့်ပုံ။ မိမိမှာ လုပ်စရာ တစ်ခုသာ ရှိတော့သည်။ တစ်နိုင်ငံလုံးက တန်ခိုးကြီး ဘု ရား တွေ ကိုသွား။ အမြန်ဆုံး (၅) နှစ်ပြည့်ဖို့သာ ဆုတောင်းရတော့မည်။ (၅) နှစ်ပြည့်ပြီးရင် ဘာဆက်ဖြစ်မည်တော့ မိမိမ သိ။ ဖြစ်ချင်ရာ ဖြစ်လေ။ နောင်ခါလာ နောင်ခါဈေးပဲ မဟုတ်လား။ ဘုရားများများကို ပတ်သွားပြီး ဆုတောင်းမှ ဖြစ်တော့မည်။ ပြည့်ခြင်း မပြည့်ခြင်းကလည်း မိမိအလုပ်မဟုတ်။ ဆုတောင်းဖို့ကသာ မိမိအလုပ်ဖြစ်သည်။ သိတယ်မဟုတ်လား ။ ဗန်းစကားတောင် ရှိသေးတယ် ။

“ ဆုတောင်းလေ…. ဆုတောင်း ” …. ဟက် ဟက် ။

အောက်တိုဘာ၊ ၂၀၁၇ ။

Written by – နောင်ရိုး

Advertisements
<

Leave a Reply