မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းရန် မော်လမြိုင်မြို့တွင် ကျင်းပခဲ့သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ တတိယအကြိမ်ညီလာခံတွင် ဆုံးဖြတ်ထားကြောင်း NNER ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ပြောကြားသည်။

“လက်တွေ့မှာ မူဝါဒတစ်ခုကို သဘောတူပြီးရင် အကောင်အထည်ဖော်ဖို့အတွက် လက်တွေ့ လုပ်ငန်းတွေလုပ်ဖို့ လိုအပ်ပါတယ်။

လက်တွေ့လုပ်ငန်းတွေ လုပ်ဖို့အတွက် ဒီကော်မတီဖွဲ့စည်းဖို့ ဆုံးဖြတ်ထားတယ်။ အဲဒီကော်မတီကို ဘယ်လိုဖွဲ့မလဲဆိုတော့ အဆိုပြုချက်ကို ရေးသားပြီးတော့ လာမယ့် သုံးလအတွင်းမှာ ဒီကော်မတီကို ဖွဲ့စည်းသွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

NNER ပညာရေးကွန်ရက်သည် ဖက်ဒရယ်ပညာရေးစနစ်ကို သွားနိုင်သည့် နည်းလမ်းမှန်သမျှ လက်ခံမည် ဖြစ်ပြီး မိခင်ဘာသာစကား သင်ကြားမှုဆိုင်ရာ၊ ဒေသအတွင်း သင်ရိုးညွှန်းတမ်းဆိုင်ရာနှင့် ဆရာ၊ ဆရာမများ အတွက် စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာသိန်းလွင်က ရှင်းပြသည်။

“ညီလာခံမှာ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်တွေက ဌာနေတိုင်းရင်းသားများ ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေ ပိုမိုသိရှိနားလည်အောင် မြန်မာနိုင်ငံမှာရှိတဲ့ အခြေခံပညာကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်မှုတွေကို ကျွန်တော်တို့ လေ့လာသွားဖို့ရှိပါတယ်။ သုတေသန လုပ်ငန်းတွေလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်”ဟု မွန်အမျိုးသားပညာရေးဌာန၏ Education Program Administration မင်းအောင်ဇေက ပြောသည်။

NNER ၏ ပညာရေးကွန်ရက်သည် အခြားပညာရေးလုပ်ငန်းမဟုတ်သော လူငယ်ကွန်ရက်၊ အမျိုးသမီး ကွန်ရက်၊ ရှေ့နေကွန်ရက်များနှင့် မဟာမိတ်ဖွဲ့စည်းရန် မဟာမိတ် မူဝါဒတစ်ရပ်ကို ချမှတ်ထားကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ တတိယအကြိမ် ညီလာခံ ဆုံးဖြတ်ချက်အရ သိရသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) တတိယအကြိမ်ညီလာခံကို မေ ၄ ရက်မှ ၆ ရက်အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ-၂၅၀၀ ရှိ လွီမာန်ရာမညဗိမာန်တွင် ကျင်းပခဲ့သည်။

written by – ရွှေရိုး

Leave a Reply