ဖတ်နေဆဲ စာအုပ်များ၏ အဆုံးကို ခဏခဏ လာပြောသည့် လုပ်ဖော်ကိုင်ဖက်ကို ဓားဖြင့်ထိုးလိုက်သည့် သိပ္ပံပညာရှင်

အန္တာတိကတိုက်ရှိ သုတေသနစခန်းတွင် အလုပ်လုပ်နေသော သိပ္ပံပညာရှင် တစ်ဦးသည် ၎င်းဖတ်ရှုနေဆဲ စာအုပ်များ၏ အဆုံးကို အမြဲလာလာ ပြောနေသည့် လုပ်ဖော်ကိုင်ဖက် တစ်ဦးအား ဓားဖြင့် ထိုးခဲ့ကြောင်း သိရသည်။

အသက် ၅၅ နှစ်အရွယ် ဆာဂေး ဆဗစ်စကီနှင့် အသက်၅၂နှစ်အရွယ် အိုလက် ဘီလိုဂူဇိုတို့မှာ အဆိုပါ နေရာတွင် တာဝန်ထမ်းဆောင်ရင်းနာရီပေါင်း များစွာ စာအတူတူ ဖတ်ကြသည်ဟုဆိုသည်။

တစ်ကြိမ်တွင် သူစာဖတ်နေစဉ်အတွင်း စာအုပ်၏ ဇာတ်လမ်းအဆုံးကို လာပြောပြန်ရာ ဒေါသထွက်ထွက်နှင့် မီးဖိုချောင်သုံးဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ကြောင်း ဆဗစ်စကီက ရုရှား အမှုစစ်အရာရှိများကို ပြောကြားခဲ့သည်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သူမှာ ယခုအခါတွင် ရင်ဘတ်တွင် ဓားဒဏ်ရာများဖြင့် အထူးကြပ်မတ် ကုသမှု ခံယူနေရကြောင်း သိရသည်။ ၎င်းတို့နှစ်ဦး အလုပ်လုပ်သည့် နေရာမှ ချီလီနိုင်ငံရှိ ဆေးရုံသို့ လေယာဉ်ဖြင့် သယ်ဆောင်လာခဲ့သည်။ ယခုအခါတွင်တော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ကြောင်း သိရသည်။

ဆဗစ်စကီမှာ ယခုအခါတွင် စိန့်ပီတာ စဘတ်ရှိ သူ၏ အိမ်တွင် နေအိမ်အကျယ်ချုပ် ချခံထားရပြီး လူသတ်ရန်ကြိုးပမ်းမှုဖြင့် အမှုဖွင့် အရေးယူခံထားရသည်။ ဤသည်မှာ ကမ္ဘာပေါ်တွင် လူမနေသော တိုက်ကြီးတွင် ပထမဆုံးအကြိမ် ဤပြစ်မှုမျိုးဖြစ် တရားစွဲခံရခြင်းဖြစ်သည်ဟု ဆိုကြသည်။

ရုရှားသတင်းမီဒီယာများတွင် ဖော်ပြချက်အရတော့ အမှုစစ်ကော်မတီက မျက်မြင်သက်သေများကို စစ်ချက်ယူထားပြီးဖြစ်ကြောင်း သိရသည်။

ဆဗစ်စကီကတော့ သုတေသနစခန်းရှိ ထမင်းစားခန်းတွင် ဖြစ်ပွားခဲ့သော ယခုဖြစ်စဉ်နှင့်ပတ်သက်၍ နောင်တရနေသည်ဟုဆိုသည်။

ဤဖြစ်စဉ်မှာ အရက်မူးနေခြင်းကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကာ သုတေသနစခန်း၏ နေရာကျဉ်းကြပ်မှုကြောင့်လည်း ဖြစ်သည်ဟုဆိုကြသည်။ အဆိုပါ သုတေသနစခန်းတွင် တာဝန်ကျနေသူများမှာ ရုရှား ရုပ်သံလိုင်းနှစ်ခု၊ အားကစားပစ္စည်းများနှင့် စာကြည့်တိုက်တစ်ခုကို မျှဝေသုံးစွဲ ကြရသည်ဟုဆိုသည်။

“သူတို့နှစ်ယောက်လုံးဟာ စခန်းမှာ နှစ်နဲ့ချီပြီး ရှာဖွေရေးသုတေသနတွေ လုပ်နေတဲ့ ပရောဖက်ရှင်နယ် သိပ္ပံပညာရှင် နှစ်ဦးဖြစ်ပါတယ်။ ဒီလိုဖြစ်တာ ဘာကြောင့်လဲဆိုတာကတော့ အမှုစစ်အရာရှိတွေ လုပ်ကြပါလိမ့်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်လုံးဟာ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေပါပဲ” ဟု အာတိတ်နှင့် အန္တာတိက သုတေသနအင်စတီကျုမှာ လက်ထောက်ဒါရိုက်တာ အလက်ဇန္ဒားက ပြောသည်။

ယခုအခါတွင် အမှုကို စစ်ဆေးနေပြီး ဆဗစ်စကီကတော့ သူ့ လုပ်ဖော်ကိုင်ဖက်ကို ဓားဖြင့် ထိုးခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း သေစေလိုသော ဆန္ဒမရှိကြောင်း ငြင်းဆိုခဲ့ည်။

အဆိုပါ သုတေသနစခန်းကို ၁၉၆၈ ခုနှစ်ကတည်းက ဆိုဗီယက် အန္တာတိက စူးစမ်းလေ့လာရေး ဌာနက တည်ထောင်ထားခြင်းဖြစ်သည်။

Source: Metro

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.