“မော်လမြိုင်မြို့ပေါ်က နေရာသုံးခုမှာ အနှေးယာဉ်နဲ့ သုံးဘီးယာဉ်တွေကို မဝင်ရနယ်မြေ ကန့်သတ်တော့မယ်တဲ့…”
သတင်းကြားကြားချင်း ခေါင်းကုပ်မိကြမှာကတော့ ဆိုက်ကားသမားတွေ၊ တွန်းလှည်းသမားတွေနဲ့ သုံးဘီးဆိုင်ကယ်အငှားယာဉ်မောင်းတွေပါပဲ။ ကန့်သတ်ဇုန်အဖြစ် သတ်မှတ်မယ့် နေရာသုံးနေရာကလည်း ကြည့်ဦးလေ။ အထက်လမ်းမကြီး၊ အ.ထ.က. (၁)ကျောင်းရှေ့ကနေ သစ်တောရုံးလမ်းဆုံအထိ တစ်နေရာ၊ အတ္ထရံဟိုတယ်လမ်းဆုံကနေ အောက်လမ်းမကြီး၊ ထားဝယ်တံတားလမ်းဆုံအထိက တစ်နေရာ၊ နောက် သိပ္ပံလမ်းအလယ်ထိပ်ကနေ မောရဝတီပန်းခြံထိပ်၊ ဆီဆိုင်နားထိ တစ်နေရာပါတဲ့။

ဆိုတော့ကာ ကျန်တဲ့နှစ်နေရာကတော့ ပြဿနာ သိပ်မရှိလှပေမယ့် အတ္ထရံဟိုတယ်လမ်းဆုံကနေ အောက်လမ်းမကြီး၊ ထားဝယ်တံတားလမ်းဆုံအထိဆိုတဲ့အထဲမှာ ဈေးကြီးက ပါနေပြန်တော့ ခုနက ပြောတဲ့ ကိုကိုဆိုက်ကားသမားတွေ၊ တွန်းလှည်းသမားတွေနဲ့ သုံးဘီးဆရာတို့တော့ အခက်ပွေကြလိမ့်ဦးတော့မယ်ပါပဲ။

သုံးဘီးဆိုင်ကယ်သမားတစ်ယောက်ဆိုရင် ပါးစပ်ကနေတောင် ထုတ်ပြီး ညည်းရှာပါတယ်။ “ကျွန်တော်တို့တွေက ဒီဈေးကြီးကို မှီခိုပြီး သုံးဘီးမောင်း စားနေတာ၊ ဒီဈေးကြီးမှာ မမောင်းရဘူးဆိုရင်၊ လူမရှိတဲ့ နေရာမှာ သွားထားထားမယ်ဆိုရင် ကျွန်တော့်နောက်မှာ မှီခိုနေတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် အများကြီး ဒုက္ခရောက်ကြမှာပါ”လို့ ဆိုပါတယ်။ ဟုတ်ပေမှာပဲ၊ သူနဲ့အလားတူ အခြားအခြားသော အခြေခံလူတန်းစားတွေလည်း အခက်ကြုံရတာမျိုးတွေက မရေတွက်နိုင်လောက်အောင် ရှိကြပေလိမ့်မယ်ဆိုတာ မလွဲမသွေပါပဲ။

ဒါပေမယ့် ဘယ်တတ်နိုင်လိမ့်မလဲ။ ခုလို သတ်မှတ်ရတာကိုက မော်လမြိုင်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ကျရေး၊ ကင်းစင်ရေးဆိုတော့ကာ ရည်ရွယ်ချက်ကလည်း သင့်လျော်နေတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့လည်း ဆေးခါးကြီးကို မျက်စိမှိတ်၊ နှာခေါင်းပိတ်၊ ဇွတ်မော့၊ ရှုံ့မဲ့မြိုချရတာတွေလည်း ရှိကြမယ်ပေါ့။
ယာဉ်ထိန်းရဲတပ်ဖွဲ့က ရဲမှူးကျော်သူကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခုလို မှတ်ချက်စကားဆိုထားပါတယ်။

“နေရာတိုင်းကို အနှေးယာဉ် သုံးဘီးဆိုင်ကယ်မဝင်ရ သတ်မှတ်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးတော့မှ ယာဉ်ကြောရှုပ်ထွေးကြပ်တည်းတဲ့နေရာတွေကို သတ်မှတ်တာပါ။ ကျန်တဲ့နေရာတွေမှာ အသုံးပြုလို့ရပါတယ်”လို့ ဆိုပါတယ်။

အမှန်က ဒီဇာတ်လမ်းမှာ တကယ့်ဗီလိန်အစစ်က လမ်းပေါ်မှာ ရပ်ချင်တိုင်းရပ်၊ ကုန်ပစ္စည်းတွေ အတင်အချလုပ်ချင်သလို လုပ်နေကြတဲ့ ကုန်တင်ယာဉ်တွေပါ။ ယာဉ်ကြောပိတ်ဆို့မှု၊ ကျပ်တည်းမှုတွေရဲ့ အဓိက လက်သည်က သူတို့ပါ။ သူတို့သာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ စနစ်တကျ ကုန်တင်ကုန်ချလုပ်ကြမယ်ဆို မော်လမြိုင်မြို့ထဲမှာ ယာဉ်ကြောပိတ်ဆို့မှုဆိုတာ ပြောစရာမရှိ၊ သြဇာစေ့ပါပဲ။ ခုတော့ ကိုယ့်ဆရာတွေကို ရှောင်ရတိမ်းရ၊ ကျော်ရလွှားရတာကိုက အများသူငါ ခရီးဖင့်နေကြရတာပါ။

ရဲမှူးအနေနဲ့ကတော့ “ကမ်းနားလမ်းဆိုရင် လမ်းကျယ်လည်းဖြစ်တယ်။ လမ်းကျယ်ဖြစ်တဲ့အတွက် အဲဒီမှာ ကုန်တင်ယာဉ်တွေ အနှေးယာဉ်တွေ သုံးဘီးယာဉ်တွေ ကုန်တင်ကုန်ချ လုပ်လို့လည်းရတယ်။ ယာဉ်ကြောပိတ်ဆို့မှုလည်း ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးပေါ့” လို့ အကြံပေးထားတာ ကြားသိရပါတယ်။

သုံးဘီးသမားတချို့ ညည်းညူ၊ ဆိုက်ကားသမားတချို့က ငြူစူ၊ တွန်းလှည်းသမားတွေကလည်း ဘယ်သူ့အပြစ်တင်လို့ တင်ရမှန်းမသိ၊ ဇဝေဇဝါဖြစ်နေချိန်မှာ မော်လမြိုင်မြို့ခံတစ်ဦးရဲ့ မှတ်ချက်စကားက ဒီလို ရှိပြန်ပါတယ်။

“ဒီလိုနေရာတွေပဲ သတ်မှတ်ပြီး မလုပ်ဆောင်ဘဲ မော်လမြိုင်တစ်မြို့လုံးမှာရှိတဲ့ နေရာတိုင်းကို လုပ်ဆောင်သင့်ပါတယ်။ ကျွန်တော်တို့လို ပြည်သူတစ်ဦးတစ်ယောက်ချင်း အနေနဲ့လည်း စည်းကမ်းစနစ်တကျနဲ့ လမ်းဘေးချရပ်ပြီး ကုန်တင်ကုန်ချ လုပ်မယ်ဆိုရင် ယာဉ်ကြောပိတ်ဆို့မှု၊ ယာဉ်အန္တရာယ်ဖြစ်မှုတွေ လျော့နည်းပပျောက်သွားမှာပါ”လို့ ပြောပါတယ်။ သူ့ရဲ့ သဘောထားကလည်း မြန်မာပြည်ရဲ့ အထင်ကရမြို့တော်ဖြစ်တဲ့ မော်လမြိုင်က ယာဉ်ကြောလမ်းကြောကျပ်တည်းမှု၊ ပိတ်ဆို့မှုတွေအတွက် အဖြေရှာမယ်ဆို ထည့်သွင်း စဉ်းစားဖို့ ကောင်းတာ အမှန်ပါပဲ။
သဘောထားမှတ်ချက်ဆိုတာတွေကတော့ အသီးသီး၊ အဖုံဖုံ ရှိကြပေလိမ့်မပေါ့လေ။

ဒါက မော်လမြိုင်မှ မဟုတ်ပါဘူး။ ရွှေပြည်ကြီးတဝှမ်းလုံးမှာက ယာဉ်ကြော လမ်းကြောပြဿနာတွေဆိုတာ တင်းကြမ်း၊ ပြည့်လို့နှက်လို့ရယ်ပါ။ စားဝတ်နေရေးတောင်မှ သွားရေးလာရေးလောက် ခေါင်းမခဲကြရဘူးလို့ ဆိုရမလိုတောင် ဖြစ်နေပါပကော။

ရန်ကုန်လို မြို့တော်ကြီးဆို ပိုဆိုးပေါ့။ ဒရိုင်ဘာ ကိုရွှေယာဉ်မောင်းတစ်ယောက် ရေရွတ်တာ ကြားဖူးရဲ့။ ဘာတဲ့…
“မောင်းမယ်ဆိုတော့လည်း လမ်းပေါ်မှာ ကားက ပိတ်တော့ ဘယ်လို မောင်းရ၊ ကျော်ရ၊ ရှောင်ရမယ်မသိ။ ရပ်မယ်ဆိုပြန်တော့လည်း ဘယ်နေရာမို့ မရပ်ရ၊ ဘယ်ရှေ့မှာမို့ မရပ်ရနဲ့ ရပ်ရခက်။ မောင်းစရာမရှိ၊ ရပ်စရာမရှိ။ ဒုက္ခပါပဲကွာ…”တဲ့။
ဟုတ်တယ်။ ရန်ကုန်မှာက တချို့ မြို့တွင်းဧရိယာတွေမှာဆို ယာဉ်ရပ်နားစရာနေရာ၊ ကားပါကင် ကိစ္စအတွက် ခိုက်ရန်စကားများရ၊ ဆဲရဆိုရ၊ ရိုက်ကြနှက်ကြ၊ ကျော်မကောင်း ကြားမကောင်း။ တခါသားများ လမ်းမတော်မြို့နယ်မှာ ဒီကိစ္စအတွက် လူသတ်မှုထိတောင် ဖြစ်ကုန်သေးတာကလား။

မော်လမြိုင်ဆိုတာကတော့ တနည်းအားဖြင့် အေးအေးလူလူရှိတဲ့ မြို့ကလည်းဖြစ်ပြန်တော့ ဒီယာဉ်ကြော လမ်းကြောကိစ္စဆိုတာ အဲဒီလောက် အကျယ်အကျယ် မငြိမ်းဖွယ်တွေ၊ အုတ်အော်သောင်းနင်းတွေ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် နိစ္စဓူဝ လူမှုအရေးနဲ့ ယှဉ်တွဲလာတော့ ဝိုင်းဝန်းစဉ်းစား အဖြေရှာသင့်တဲ့ ကိစ္စတစ်ရပ်ပါပဲလေ။
စည်းကမ်းသတ်မှတ်ချက်တခုခု ထွက်ပေါ်လာရင်၊ ဥပဒေတရပ်ရပ် တင်းကြပ်လိုက်ရင် ရွှေပြည်ကြီးမှာက စီကနဲ ညံကနဲလေးတွေ အသံဗလံက ထွက်တတ်တာ သဘာဝပါ။

ဘာပဲပြောပြော တို့ရွှေမြို့တော် မော်လမြိုင်မှာဖြင့် လမ်းကြောတွေ ဖြောင့်ဖြူးသာယာပြီး သွားရလာရ လွယ်ကူချောမွေ့ချင်တာတော့ အမှန်ပါပဲလေ။

ဘာဖြစ်ဖြစ် အပြစ်တင်လိုက်ရမှ ဆိုရင်လည်း ဖန်ဆင်းရှင်ကိုသာ အပြစ်တင်သင့်သပ။ ဖန်ဆင်းရှင်တို့များ လူဆိုတဲ့ သတ္တဝါကို ဖန်ဆင်းတဲ့နေရာမှာ ခြေထောက်နေရာ ဘီးတပ်ဖန်ဆင်းလိုက် ပြီးရောပေါ့။ အဆင်ကို ပြေနေမှာရယ်။
လူတွေရဲ့ ခြေထောက်နေရာမှာ ဖန်ဆင်းရှင်ကသာ ဘီး ပြောင်းတပ်ကြည့်လိုက်ပါလား။ မြန်မာပြည်မှာ တက်နေတဲ့ ပြဿနာ တဝက် ငြိမ်းသွားမယ်။

သွားရ လာရလည်း လွယ်ကူလိုက်မယ့် ဖြစ်ခြင်း။ စက်သုံးဆီဈေးနှုန်းလည်း ကြီးလို့ ပူစရာမလိုတော့၊ ဘတ်စ်ကားမှတ်တိုင်မှာလည်း အချိန်ပုပ်ခံ စောင့်ပြီး ညောင်းနေစရာမလိုတော့ဘူး။ စပါယ်ယာ အဆူအဟောက်လည်း ခံနေရစရာ အကြောင်း မရှိ၊ ဒရိုင်ဘာ့လက်ထဲ ကိုယ့်အသက် ဝ ကွက်အပ်ပြီးမှ လိုရာခရီး ဆိုက်ရတဲ့ ဘဝကလည်း ကျွတ်ရော။
ယာဉ်မောင်းလိုင်စင် အသစ်လျှောက်ရ၊ သက်တမ်းတိုးရ၊ ယာဉ်လိုင်စင်က တမှောင့်၊ အဲဒီ အရှုပ်ထုပ်တွေပါ ရှင်းပြီးသားကို ဖြစ်လို့။ ကားပါကင်ပြဿနာ၊ ယာဉ်ရပ်နားစရာ ပူပင်သောကလည်း ဝေးမယ်။ ယာဉ်ထိန်းရဲကိုကို၊ မော်တော်ပီကယ်တွေနဲ့လည်း ခုလို ခဏခဏ စကားများနေ၊ ရန်ဖြစ်နေစရာလည်း မလိုတော့ဘူးလေ။ မော်တော်ပီကယ်တွေလည်း ခုလို လမ်းအရေး၊ ယာဉ်အရေး ခေါင်းခြောက်နေစရာ မလိုတော့ အေးတာပေါ့။

မြန်မာပြည်မှာ ပြဿနာအတော်များများက ဖန်ဆင်းရှင်မှာပဲ အပြစ်ရှိတယ်လို့သာ ထားလိုက်ကြ မောင်တို့ မယ်တို့ရယ်…။
လူဆိုတဲ့ သတ္တဝါကို ခြေထောက်တပ်၊ မဖန်ဆင်းပါနဲ့။ ဘီးတပ်ပြီးသာ ဖန်ဆင်းပေးပါ အရှင်ဘုရား။
ဒီနိုင်ငံမှာ နားညည်းလွန်းလို့ ကားမစီးရ၊ ဆိုင်ကယ်မစီးရလေ ကောင်းလေပါပဲလို့။

ကျေးဇူးပြု၍ သနားသောအားဖြင့် ခြေထောက်အစား ဘီးများသာ တပ်ပြီး လူကို ဖန်ဆင်းတော်မူပါ ဆုတောင်းရမယ်။
အကောင်းဆုံးကတော့ ခြေထောက်နေရာမှာ ဘီးတွေချည့်ဆိုတော့လေ၊ ဘောလုံးလည်း ခုလို ကန်နေစရာ မလိုတော့၊ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းလည်း ခုလို ခဏခဏ ရှုံးနေ၊ အရှက်ကွဲနေရစရာ မလိုတော့ဘူးပ။
ဒါ အကောင်းဆုံးပဲ…။

Written by မြတ်သွင်ဦး

Leave a Reply