Photo - Internet

ဖမ်းဆီးခံ NLD စည်းရုံးရေးမှူး အသက်အန္တရာယ်စိုးရိမ်ရဟု ဆို
++++++++++++++++++
၂၁ ဇန်နဝါရီ ၂၀၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် သံယောဇဉ်ကျေးရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ရပ်/ကျေးအဆင့် စည်းရုံးရေးမှူးကို လက်နက်ကိုင်များက ဇန်နဝါရီ ၁၃ တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လက်ရှိအချိန်ထိ အဆက်အသွယ်မရသေး၍ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ဟင်္သာသို့ပြောသည်။

Photo – Internet

“ ကျွန်တော်ကတော့ အထက်ကို အစီရင်ခံစာတင်ထားတယ်။ မိသားစုကလည်း သက်ဆိုင်ရာကိုအကြောင်းကြားထားပေမယ့် အမှုဖွင့်တာမျိုးတော့ မလုပ်ထားဘူး။ ဘာမှန်းမသိရတော့ အသက်အန္တရာယ်ကို စိုးရိမ်ရတာကြောင့်လည်းပါတယ် ” ဟု ဦးကျော်ဌေးလွင်က ဇန်နဝါရီ ၂၁ တွင် ရှင်းပြသည်။ ဖမ်းဆီးခံရသည့် ရက်ကတည်းက သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အကြောင်းကြားထားသော်လည်း ဇန်နဝါရီ ၂၁ အထိ ထူးခြားမှုမရှိသေးဟု ဆိုသည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ ဦးလွင်မောင်ဌေးသည် ဒေသတွင်း လယ်ယာမြေ ကိစ္စရပ်များ၊ ရွှေမျောလုပ်ငန်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကူညီဖြေရှင်းမှုများပြုလုပ်ခဲ့ဖူးကြောင်း၊ဖမ်းဆီးခံရသည့် အကြောင်းရင်း၊ အဖွဲ့တို့ကို မသိရှိသေးကြောင်း ဦးကျော်ဌေးလွင်က ပြောသည်။

ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေး လှုပ်ရှားဆောင်ရွက်မှု ကော်မတီ စည်းရုံးလှုံ့ဆော်ရေးမှူး မသဉ္ဇာရွှန်းလဲ့ရည်က“ ဒီလိုကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ဆိုရင် အရင်ဆုံး လွှတ်တော်နဲ့ အစိုးရကနေ တရားဥပဒေစိုးမိုးရေးကို သေသေချာချာ လုပ်ပြဖို့လိုတယ်။ ဒီလိုလုပ်ပြနိုင်တယ်ဆိုရင် လက်နက်ကိုင်ငယ်တွေက ကျူးလွန်တဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ချက်ရှိလာမယ်” ဟု အကြံပြုသည်။

ယင်းနောက် “ဒီမှာက အကြီးဆုံး လက်နက်ကိုင်အဖွဲ့ကြီး၊ တရားဝင်အဖွဲ့အစည်းလို့ပြောလို့ရတဲ့ အဖွဲ့ကြီးက ကျူးလွန်တဲ့ပြစ်မှုတွေကိုတောင် အရေးမယူနိုင်သေးဘူး။ တကယ်သာ အစိုးရက ထိန်းချုပ်နိုင်ပြီဆိုရင် လက်နက်ကိုင် အသေးလေးတွေ ကျူးလွန်တဲ့ ကိစ္စတွေကိုလည်း ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်”ဟုလည်း သူက ဆို၏။

အဆိုပါ ဖြစ်စဉ်ကြောင့် မိသားစုအပါအဝင် ရပ်ရွာလူထုကို စိုးရိမ်ထိတ်လန့်စေကြောင်း ဦးကျော်ဌေးလွင်က မှတ်ချက်ပြုသည်။ ယင်းဒေသမှာ ကချင် လက်နက်ကိုင်တပ်ဖွဲ့ KIA၊ ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ SNA တို့ လှုပ်ရှားမှုများ ရှိကြောင်း သိရသည်။

Leave a Reply