သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၁၉ မေ ၃

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာမှ ရွာသား ၂၇၅ ဦးကို AA (ရက္ခိုင့်တပ်မတော်)နှင့် ပတ်သက်ဆက်နွယ်မှု ရှိမရှိ စစ်ဆေးနေချိန် ဖမ်းဆီးခံထားရသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက် တိုက်ခိုက်လာခဲ့ခြင်းကြောင့် မလွှဲမရှောင်သာ ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တော့ အတွင်းထဲမှာ ဝင်စစ်တယ်။ တပ်ကတော့ အပြင်ကနေ လုံခြုံရေး ယူပေးတာပေါ့။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်တဲ့နေရာမှာဆိုရင် အိမ်ထောင်စုစာရင်းတွေနဲ့ တိုက်စစ်တယ်။ အဲဒီမှာ ဝိုင်း တိုက်ခိုက်ဖို့ လုပ်တာပေါ့။ တိုက်ခိုက်ဖို့ လုပ်တဲ့အချိန်မှာ ကျနော်တို့ဆီက ပထမဦးဆုံးတော့ ခြောက်လှန့်ပစ်ခတ်တာ လုပ်တယ်။ သို့သော် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်လုမယ့် အနေအထားထိ ဖြစ်လာတော့ ပြန်လည်ပ စ်ခတ်လိုက်ရတယ်။ အခု လောလောဆယ် စာရင်းရထားတာတော့ ၆ ယောက် သေတယ်၊ ၈ ယောက်ဒဏ်ရာရထားတယ်” ဟု ပြောသည်။

တပ်မတော်အနေဖြင့် ရွာသားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ မရှိကြောင်း၊ AA အဖွဲ့ ဝင်များက ကျေးရွာများအတွင်း ရွာသားအသွင်အယောင်ဆောင်ကာ ဝင်ရောက်လာခြင်းများရှိနေသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်နေရခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“အရပ်သားအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတော့ မရှိပါဘူး။ ကျနော်တို့က AA ကိုပဲ တိုက်ခိုက်တာ ဖြစ်တယ်။ အရပ်သားကို ပစ်မှတ်ထားပြီး ပစ်ခတ်တာမရှိဘူး။ ကျနော်တို့မှာ တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်။”

အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်း ဖြစ်ခဲ့ပါက နိုင်ငံတကာ ဥပဒေများအရ စစ်ရာဇဝတ်မှု မြောက်သည်။

မေလ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကျောက်တန်းကျေးရွာမှ ပစ်ခတ်မှုအတွင်း ရွာသား (၆) ဦးသေဆုံးပြီး (၈) ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါရွာသားများအား တပ်မတော်မှ ရက္ခိုင့်တပ်မတော် AA နှင့် ဆက်နွယ်မှုရှိမရှိ၊ ကျေးရွာအတွင်းရှိ အိမ် ထောင်စု ၄၇၇ စုမှ ရွာသားများအား အိမ်ထောင်စုစာရင်းများနှင့် ကိုက်ညီမှု ရှိမရှိ ခေါ်ယူစစ်ဆေးနေခြင်းဖြစ် သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၁ ရက်နေ့က ထုတ်ပြန်ထားသည်။

သို့သော်လည်း ထိုကဲ့သို့ မသင်္ကာမှုဖြင့် စစ်ဆေးခံနေသူများမှာ ကျောက်တန်းကျေးရွာမှ သာမန် ရွာသားများသာ ဖြစ်ကြောင်း၊ AA နှင့် ပတ်သက်မှု မရှိကြောင်း၊ ရွာသားများအနေဖြင့် ကျေးရွာအထကကျောင်းတွင် အစည်းအဝေးပြုလုပ်မည်ဟု ခေါ်ဆိုသောကြောင့် ရိုးသားစွာ အစည်းအဝေး တက်ရောက်ရန် သွားရောက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

“အစည်းအဝေးလုပ်မယ်ဆိုလို့ အားလုံးက ရိုးရိုးသားသား နားထောင်ဖို့သွားတာလေ။ အဲဒါ အသက်ကြီးပိုင်းနဲ့ ကလေးတွေပြန်လွှတ်ပြီး ကျန်တဲ့ အမျိုးသား ဒီရွာသားတွေကို ဖမ်းပြီးစစ်နေခဲ့တာ။ သူတို့ကို နေပူလှန်းတယ်။ ပြီးတော့ မနေ့က ည ၁၁ နာရီလောက်ကနေ မနက် ၂ နာရီလောက်အထိ သေနတ်သံတွေ ရွာထဲကနေ ကြားရ တာ။ အခု ၆ ယောက်သေသွားတယ်။ ၈ ယောက်က ဒဏ်ရာရတယ်။ ဒဏ်ရာပြင်းထန်တဲ့လူတွေကို စစ်တွေကို ပို့လိုက်ပြီ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

AA နှင့် ဆက်သွယ်မှုရှိသူများ ရှိပါက အစည်းအဝေးလုပ်မည်ဟု စတင်ခေါ်စဉ်ကတည်းက ထွက်ပြေး၍ရ ကြောင်း၊ သာမန်ရွာသားများသာဖြစ်သောကြောင့် ထွက်မပြေးဘဲ ၎င်းတို့ ခေါ်ရာ အထက်တန်း ကျောင်းနေရာသို့ အစည်းအဝေးတက်ရန် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “အဖမ်းဆီးခံရတဲ့ ထဲက အဲဒီလို ဖြစ်သွားတာ တော်တော်ရှားတယ်။ လမ်းပေါ်မှာ အဓိကရုဏ်းဖြစ်လို့ ဆန္ဒပြတဲ့လူတွေကို သတ်ရင် တောင်မှ တစ်နေရာတည်းမှာ ဒီလောက်မဆိုးဘူးလေ။ အခုက ဖမ်းဆီးခံထားရတဲ့ လူတွေလေ။ ဘာလက်နက်မှ မရှိတဲ့လူတွေ။ သံသယရှိတယ်ဆိုပြီး အကန်လုံးကို လျှောက်ဖမ်းလို့မှမရတာ။ အခုက သံသယရှိတဲ့လူက ၂၇၅ ယောက်ဆိုတော့ များတာပေါ့။ ဒါမျိုးက မကြားဖူးသလောက်လေ။ သံသယရှိတာ လေးငါးယောက်ဆိုရင်တော့ အဲ့ဒါက ဖြစ်နိုင်တယ်။ သဘာဝကျတယ်” ဟု ပြောသည်။

ဒဏ်ရာရှိသူများကို ရသေ့တောင်မြို့နယ်ရှိ စေတီပြင်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး နောက် မွန်းလွဲပိုင်းတွင် စစ်တွေဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ စစ်ဆေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်အချို့၏ အရပ်သားများအပေါ် ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေ ဖြင့် အမြန်ဆုံးအရေးယူဆောင်ရွက်ပေးရန် ရခိုင်အမျိုးသားပါတီ (ANP) က မေလ ၂ ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ကျောက်တန်းကျေးရွာ အထကကျောင်းတွင် ရွာသားများကို ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမှုများ ပြုလုပ်နေစဉ် လွန်လွန်ကျူးကျူး ထိခိုက်မှုများ မဖြစ်စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ ANP ပါတီက လွှတ် တော်ကိုယ်စားလှယ်များမှ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ရာ အရပ်သားပြည်သူများကို မမှန်မကန်စွပ်စွဲ အကြောင်းပြကာ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ သေဆုံးသူများ၏ ရုပ်အလောင်းများလည်း မိသားစုဝင်များ ယခုချိန်ထိ မရရှိသေးကြောင်း ထုတ်ပြန်ထားသည်။

ကျောက်တန်းကျေးရွာ ဒေသခံတစ်ဦးက “ရခိုင်တစ်ပြည်လုံးမှာ ကျောက်တန်းရွာတစ်ရွာတည်းမှာတင်မဟုတ်ဘဲ တခြားမြို့တွေမှာလည်း ဖြစ်နေပါပြီခင်ဗျ။ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့ အကုန်လုံးမှာ ဖြစ်နေပါပြီ။ အခုလိုမျိုး ပစ်သတ်ခံနေရတာတွေ အများကြီးရှိနေပါပြီ” ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာရှိ ရွာသားများကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်နေသကဲ့ သို့ ဘူးသီးတောင်မြို့နယ်အတွင်းရှိ စေတီတောင် စစ်ရှောင်စခန်းတွင်လည်း တပ်တော်က ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။
==

Leave a Reply