‘ပွင့်ထူးစံ’ ကျောက်မျက်ကုမ္ပဏီက လွှတ်တော်အမတ်များအား “ငွေထုပ်” ထည့်ပေးလိုက်ကြောင်း Moe Zay Nyein account ပိုင်ရှင်က စွပ်စွဲသည်။ လက်ဆောင်ထုပ်ထဲ ငွေပါမှန်း သိသိချင်း ပြန်ပေးခဲ့သည်ဟု လွှတ်တော်အမတ်များက ပြန်ရှင်းသည်။

ကျောက်စိမ်းတွင်းများကို စစ်ဆေးရန် ဇန်နဝါရီလ အစောပိုင်းက ကချင်ပြည်နယ် ဖားကန့်သို့ သွားရောက်ခဲ့ကြသည့် လွှတ်တော်အမတ်များသည် ၎င်းတို့၏ခရီးစဉ်အတွင်း ကျောက်မျက်ကုမ္ပဏီတစ်ခုမှ လာဘ်ငွေယူခဲ့သည်ဆိုသည့် စွပ်စွဲချက်ကို အဆိုပါအမတ်များက ငြင်းဆိုလိုက်ပြီး ယင်းအကြောင်းအရာကို Facebook တွင် စတင်ရေးသားခဲ့သူကို တရားစွဲရန် ပြင်ဆင်နေသည်။

ထိုသို့ စတင်ရေးသားခဲ့သည့် အကောင့်မှာ Moe Zay Nyein ဆိုသူဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့တွင် ရေးသားခဲ့ခြင်းဖြစ်ကာ နှစ်ရက်အကြာတွင် ပြန်ဖြုတ်သွားခဲ့ကြောင်း အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ဇန်နဝါရီ ၂၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။

သို့သော် အဆိုပါပို့စ်ကို ကော်မတီက screenshot ရယူထားခဲ့သည်။

“ဖားကန့်မှာ တရားမဝင် ကျောက်စိမ်း အကြီးအကျယ် ခိုးတူးနေတဲ့ ‘ပွင့်ထူးစံ’ ကုမ္ပဏီက အမျိုးသားလွှတ်တော်အမတ်တွေကို ကုမ္ပဏီမှာ ညစာဖိတ်ကျွေးပြီး လက်ဆောင်ပစ္စည်းတွေထဲ ငွေထုပ်ထည့်ပေးလိုက်လို့ ခိုးကျင်းကိစ္စ ပါးစပ်ပိတ်သွားကြတယ်” ဟု ရေးသားခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ဆိုသည်။

‘ဒေသထွက်အစားအစာနှင့် ပုဆိုး’ ဟုဆိုပြီး လက်ဆောင်ပေးသဖြင့် ကနဦးက လက်ခံခဲ့ကြခြင်းဖြစ်သော်လည်း ထိုလက်ဆောင်ပစ္စည်းအတွင်း ငွေကြေးပါဝင်သည်ကို သိသိချင်း ကာယကံရှင်ထံ ပြန်ပေးခဲ့သည်ဟု ကော်မတီဘက်က သတင်းစာရှင်းလင်းသူများက တုံ့ပြန်ပြောကြားခဲ့သည်။

၎င်းတို့အား Moe Zay Nyein ဆိုသည့် Facebook account က မဟုတ်မမှန်ရေးသားသည်ဟု ဆိုကာ အကောင့်ပိုင်ရှင်အား အရေးယူပေးရန် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ထံ အကြောင်းကြားစာပေးပို့သွားမည်ဟု ယင်းကော်မတီ၏ ဥက္ကဋ္ဌ အာဏာရပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးသိမ်းဆွေက ဇန်နဝါရီ ၂၉ရက်၊ မွန်းလွဲပိုင်းတွင် ကော်မတီရုံးခန်းအတွင်း မီဒီယာများကို ရှင်းလင်းပြောကြားသည်။

ဦးသိမ်းဆွေ ဦးဆောင်သော အဆိုပါ ကော်မတီဝင်များဖြစ်သည့် လွှတ်တော်အမတ်များ အပါအဝင် စုစုပေါင်း ၁၀ ဦး ပါဝင်သော အဖွဲ့သည် အစိုးရ၏ လွှတ်တော်တွင် ကတိကဝတ်ပြုခဲ့သော မေးခွန်းများအပေါ် စိစစ်ရန် ဇန်နဝါရီ ၅ရက် မှ ၁၄ရက် အထိ ကချင်ပြည်နယ်သို့ ကွင်းဆင်းခဲ့သည်။

ထိုသို့ ကွင်းဆင်းရာတွင် ဇန်နဝါရီလ ၇ရက်၊ ညနေပိုင်းက ဖားကန့်ရှိ ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များအသင်းရုံးတွင် ဌာနဆိုင်ရာများ အပါအဝင် တပ်မတော်အကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ စသည့် တာဝန်ရှိသူများဖြင့် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးတွင် ကော်မတီဝင်များ အပါအဝင် အစည်းအဝေးတက်ရောက်သူအားလုံးကို ကျောက်မျက်တူးဖော်ရေးလုပ်ငန်းရှင်များအသင်းက ညစာ ဖိတ်ကျွေးခဲ့သည်။

ညစာစားပြီးအပြန်တွင် ပွင့်ထူးစံ ကျောက်မျက်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင်ချန်းက ဒေသထွက် အစားအစာများနှင့် ပုဆိုးများ လက်ဆောင်ပေးချင်သည်ဟုဆိုကာ တိပ်ဖြင့် ပိတ်ထားသည့် အိတ်များကို ခရီးစဉ်တွင်ပါဝင်သည့် ကော်မတီဝင်အားလုံးအတွက် ကားပေါ် တင်ပေးလိုက်သည်ဟု ကော်မတီဘက်က ပြန်ပြောပြသည်။

“ဒေသအစားအသောက်၊ ပုဆိုးလေးတွေ ပေးတာက ကျွန်တော်တို့အနေနဲ့ ပြဿနာ မရှိနိုင်ဘူး။ ဆွဲအိတ်ကို တိပ်နဲ့ပိတ်ထားတဲ့အခါမှာလည်း ကျွန်တော်တို့က ဒါကြီးကို ဘာပါသလဲ သွားဖြဲကြည့်လို့ ရတာမှ မဟုတ်တာ။ မနက် သိသိချင်းမှာ ငွေကြေးပါလာတဲ့အတွက် လက်ခံလို့ မရဘူး” ဟု ဦးသိမ်းဆွေက ရှင်းလင်းပွဲတွင် ပြောသည်။

လက်ဆောင်အိတ်အတွင်း ငွေကြေးထည့်ပေးလိုက်သည်ကို သိရပြီးနောက် ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်က ဦးတင်ချန်းကို ဆက်သွယ်ခေါ်ယူပြီး နောက်တစ်နေ့ နံနက် ၆နာရီခွဲတွင် ငွေကြေးအပါအဝင် လက်ဆောင်ပစ္စည်းအားလုံး ပြန်ပေးလိုက်သည်ဟု ကော်မတီဘက်က ရှင်းပြခဲ့သည်။

“ခင်ဗျားပေးထားတဲ့ဟာတွေ စစ်ယူသွားပါလို့ ပြောလိုက်တယ်။ ဒီအတိုင်းပဲ ပြန်ယူသွားပါတယ်။ တစ်သောင်းတန်တွေ အထပ်လိုက်ပါပဲ။ သူကလည်း ပြောပါတယ်။ နှစ်သစ်ကူးလက်ဆောင်(အံပေါင်း) ဆိုပြီး ကျွန်တော်တို့ပေးတာကို ဒီလို ပြန်ပေးတာ တစ်ခါမှ မကြုံခဲ့ရဘူးတဲ့။ ကျွန်တော် လက်ဆောင်ပေးတာပဲတဲ့။ ဒါပေမယ့် ကျွန်တော် လက်ခံလို့ မရဘူးဆိုပြီး ပြန်ပေးလိုက်ပါတယ်” ဟု ဦးသိမ်းဆွေက ဆိုသည်။

ကော်မတီအတွင်းရေးမှူး ဦးကျော်နီနိုင်ကလည်း “လက်ဆောင်ပစ္စည်းတွေ အကုန်လုံးကို ဥက္ကဋ္ဌ(ဦးသိမ်းဆွေ)အခန်းမှာ ထားပြီး ကိုတင်ချန်းကို ခေါ်ပြီးတော့မှ ပေးလိုက်ပါတယ်” ဟု ပြောကြားသည်။

လက်ဆောင်ပေးသည့် ငွေကြေးစုစုပေါင်း မည်မျှရှိသည်ကို အတိအကျ မသိသော်လည်း “တစ်သောင်းတန်တွေ အထပ်လိုက်ပါပဲ” ဟု ကော်မတီဘက်က ပြောသည်။

သို့သော် “ဖားကန့်ကို ရောက်လာတဲ့ အမျိုးသားလွှတ်တော်အမတ်တွေကလည်း တင်ချန်းရဲ့ ငွေထုပ်နဲ့တွေ့တဲ့အခါ ပါးစပ်တွေ ပိတ်သွားပြီး ဖားကန့်က ခိုးကျင်းကိစ္စ တစ်စခန်း ရပ်သွားတော့တာပါပဲ။ မက်လင်ချောင်၊ ဝိုင်တီတီ တောင်ကုန်းတစ်ခုလုံး ခိုးကျင်းတူးထားတယ်ဆိုတာ အမျိုးသားလွှတ်တော်အမတ်တွေ မြင်နေရက်နဲ့ တစ်ခွန်းမှ ဟမသွားဘူး။ NLD လည်း စားတာပါပဲ” ဟု Moe Zay Nyein အကောင့်တွင် ရေးသားထားသည်။

ယင်းခရီးစဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည့် ကော်မတီအဖွဲ့ဝင် တပ်မတော်သားအမတ် ဗိုလ်မှူးချုပ် တင်ဆွေကလည်း အထက်ပါ ရေးသားချက်အပေါ် “ကျွန်တော်တို့ကို မဟုတ်မမှန်စွပ်စွဲတာ” ဟု Myanmar Now ကို ပြောသည်။

Moe Zay Nyein အကောင့်တွင် ဇန်နဝါရီလ ၉ရက်က ထိုသို့ ရေးသားခဲ့ပြီး နောက်နှစ်ရက်အကြာတွင် ပြန်ဖြုတ်သွားသည်ဟု ကော်မတီဘက်က ပြောဆိုပြီး (Screenshot) ယူထားသည့် ယင်းရေးသားချက်များကို Print ထုတ်ကာ မီဒီယာများကို ယနေ့ ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။ Moe Zay Nyein အကောင့်ပိုင်ရှင်က ပြန်ဖြုတ်သွားသော်လည်း ၎င်း၏ ရေးသားချက်များကို ကော်ပီကူးယူကာ မျှဝေသူ သောင်းဂဏန်းအထိ ရှိနိုင်သည်ဟု ကော်မတီဘက်က ခန့်မှန်းသည်။

အဆိုပါ Screenshot အရ ပွင့်ထူးစံကုမ္ပဏီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကေအိုင်အေမှ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လအပြင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့၏ မိသားစုများနှင့် နီးစပ်ပြီး “တရားမဝင် ကျောက်စိမ်း အကြီးအကျယ် ခိုးတူးနေ” သည်ဟုလည်း စွပ်စွဲထားသေးသည်။

Myanmar Now အနေဖြင့် ယခုကိစ္စနှင့်ပတ်သက်ပြီး Moe Zay Nyein အကောင့်ပိုင်ရှင်ထံ Facebook မှတစ်ဆင့် ဆက်သွယ်နေဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

ပွင့်ထူးစံကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်ချန်းကမူ လွှတ်တော်အမတ်များ ဖားကန့်သို့ လာရောက်သည့်အချိန်သည် တရုတ်နှစ်သစ်ကူးကာလ ဖြစ်နေရာ ဧည့်ခံသည့်သဘောဖြင့် အံပေါင်းအဖြစ် ထည့်ပေးခြင်းဖြစ်ကြောင်း၊ ပေးလိုက်သည့် ငွေကြေးပမာဏမှာ ၈၆,၀၀၀ ဖြစ်ကြောင်းနှင့် လွှတ်တော်အမတ်များကလည်း အဆိုပါ “အံပေါင်း” ကို ပြန်ပေးလိုက်ကြောင်း Myanmar Now ကို ဖုန်းဖြင့် ပြောသည်။

“အံပေါင်း ဆိုတာက ပိုက်ဆံဖြစ်နေတဲ့အခါကျ သူတို့က မယူရဲဘူး။ ဒါတော့ မကောင်းဘူးဆိုပြီး ကျွန်တော့ကို ပြန်ပေးတာ။ ဒါပေမယ့် ကျွန်တော် လာဘ်ထိုးတာမျိုးလည်း မဟုတ်ဘူး။ လာဘ်ထိုးတယ်ဆိုရင် နောက်ကွယ်က ပေးမှာပေါ့။ အခုက တကယ့်ကို စိတ်ဖြူဖြူစင်စင်နဲ့ ကျွန်တော်တို့ထုံးစံအရ အံပေါင်းပေးတာပေါ့” ဟု ဦးတင်ချန်းက ပြောသည်။

၎င်း၏ ကုမ္ပဏီနှင့် ပတ်သက်ပြီး Moe Zay Nyein အကောင့်က ရေးသားထားသည်မှာလည်း မမှန်ကန်ကြောင်း ငြင်းဆိုသည်။

“အစိုးရလူကြီးတွေအနေနဲ့လည်း ကျွန်တော်တို့ ကုမ္ပဏီကို လာပြီးတော့ မေးမြန်းလို့ ရတာပဲ။ လာပြီး စစ်ဆေးလို့ ရတာပဲ။ လူဆိုတာ မှန်နေရင်တော့ မကြောက်ပါဘူး။ ပြောချင်သလိုပြောပါ” ဟု ပြောသည်။

သို့သော်လည်း ကော်မတီဝင် လွှတ်တော်အမတ်များကမူ ယင်းရေးသားချက်များကြောင့် ပြည်သူလူထုက ၎င်းအပေါ် အထင်အမြင် လွဲမှားမည်ကို စိတ်ပူသလို အဆိုပါ မဟုတ်မမှန် ရေးသားချက်ကို နိုင်ငံရေးတိုက်ကွက်အဖြစ် ပုံဖော်ပြီး ဟုတ်သယောင် ပြန်လည်ဖြန့်ဝေနေခြင်းသည် ၎င်းတို့၏ ဂုဏ်သိက္ခာကိုလည်း များစွာထိခိုက်ရသည်ဟု ပြောသည်။

“အခုဆိုရင် လက်ဆောင်လာပေးရင်တောင်မှ ပုဆိုးလေး တစ်ထည်လာပေးရင်တောင် ပုဆိုးကြားထဲမှာ မင်းတို့ ပိုက်ဆံထည့်လိုက်သေးလားလို့ မေးရမလိုတောင် ဖြစ်နေတယ်။ အဲ့တော့ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ နောက်ပိုင်း လက်ဆောင်ပေးတယ်ဆိုရင်တောင် စိစစ်မှုကို တစ်ခါထဲ လုပ်ပြီးတော့ ပဲကြော်ပေးရင်တောင် ပဲကြော်ထဲ ဘာပါလဲ ကြည့်ရမလိုတောင် ဖြစ်နေတယ်” ဟု ဦးသိမ်းဆွေက ယနေ့ ပြောသည်။

ကျောက်စိမ်းလုပ်ကွက်များအား ကွင်းဆင်းစစ်ဆေးရာတွင် တွေ့ရှိချက်များကိုမူ လတ်တလော အသေးစိတ် မပြောနိုင်သေးဘဲ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းမှသာ အသေးစိတ်ပါဝင်မည်ဟုလည်း ၎င်းက ဆိုသည်။

မင်းမင်း Myanmar Now

Leave a Reply