ဖိလစ်ပိုင်နိုင်ငံ မာလာဝီမြို့တွင် အစိုးရတပ်နှင့် ဘာသာရေး အစွန်းရောက် အကြမ်းဖက်သောင်းကျန်းသူ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူပေါင်း ၁၀၀ကျော်ခန့်သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူအရေအတွက်စာရင်းကို မေလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဖော်ပြ ထားသည်။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူ ရာပေါင်းများစွာ ရှိနေပြီး အစွန်းရောက် အကြမ်းဖက် သမားများ ကို အမြန်ဆုံးလက်နက်ချရန် ဖိလစ်ပိုင်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Restituto Padilla က ပြောကြားလိုက်သည်။

မာလာဝီ မြို့တွင် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ သည် အချိန် တစ်ပတ်ခန့်ကြာမြင့် ခဲ့ပြီးဖြစ်ကာ မေလ ၂၉ ရက်နေ့ ညပိုင်း အချိန်အထိ သေဆုံးသူ ပေါင်း ၁၀၄ ဦးရှိခဲ့ပြီး ၎င်းတို့တွင် အစိုးရ တပ်ဖွဲ့ဝင် နှင့် ရဲဝန်ထမ်း ၂၀ ဦး ၊ အရပ်သား ၁၉ ဦး နှင့် အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့မှ ၆၅ ဦး တို့ ပါဝင် ကြောင်း ၊ ထို့ပြင် အစိုးရတပ်ဖွဲ့ဝင် နှင့် ရဲဝန်ထမ်း စုစုပေါင်း ၇၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Padilla က ပြောကြား ခဲ့သည်။

ထို့ပြင် အစိုးရ တပ်ဖွဲ့ အနေဖြင့် မာလာဝီ မြို့တွင် ကျန်ရှိနေသည့် Maute လက်နက်ကိုင် အဖွဲ့အစည်း ကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ပြီး ပိုမိုများပြားသည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှု မဖြစ်ပွားစေရန် ကျန်ရှိနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် သမား တို့အား အစိုးရ ထံ အမြန်ဆုံး လက်နက်ချရန် တိုက်တွန်းကြောင်း ၊ အစိုးရတပ်ဖွဲ့အနေဖြင့် မာလာဝီ မြို့အတွင်း ပိတ်မိနေသော ပြည်သူလူထုကို ကယ်ထုတ်ရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Padilla က ဖြည့်စွက်ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ အစိုးရ တပ်ဖွဲ့သည် မေလ ၂၃ ရက်နေ့တွင် စုံစမ်းရရှိသည့် သတင်းအရ မာလာဝီ မြို့တွင် Maute အဖွဲ့အစည်း နှင့် Abu Sayyaf လက်နက်ကိုင် အဖွဲ့ဝင် တို့ကို သွားရောက် ရှာဖွေဖမ်းဆီး စဉ် အတွင်း နှစ်ဖက်မှ တိုက်ပွဲ ဖြစ်ပွား ခဲ့သည်။

ဖိလစ်ပိုင်သမ္မတ ဒူတာတေး မှ တိုက်ပွဲစတင်ဖြစ်ပွား သည့် နေ့မှ စတင်၍ Mindanao ကျွန်း ဒေသများတွင် စစ်အုပ်ချုပ်ရေး ရက်ပေါင်း ၆၀ ကို ကြေညာခဲ့သည်။

Abu Sayyaf လက်နက်ကိုင် အဖွဲ့အစည်း သည် ၁၉၉၀ ခုနှစ် မှ စတင်တည်ထောင် ခဲ့ပြီး ဖိလစ်ပိုင်တောင်ပိုင်းတွင် တိုက်ခိုက်မှု များ နှင့် အနုကြမ်းစီးမှု များကို များစွာ ဆောင်ရွက်ခဲ့သည်။ Maute အဖွဲ့အစည်း သည် Mindanao ကျွန်း တွင် လှုပ်ရှားနေသည့် အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဗုံးခွဲ တိုက်ခိုက်မှု နှင့် အနုကြမ်းစီးမှု များစွာ ကို ဆောင်ရွက်ခဲ့သည်

Written by – နော်ဘတ်တီဟန်

Ref: Bangkok Post

Leave a Reply