Advertisements

ဘားအံ ၊ နိုဝင်ဘာ၂၇

ကရင်ကိုယ်တော်လေး ဖိုးတခေတ် ၊ ဖူးတခေတ်စသဖြင့် လူသိများသော စောကျော်လှသန်း၏ ၂၄ ကြိမ်မြောက်မွေးနေ့ပွဲကို ဖိုးတခေတ်အား ယုံကြည်ကိုးစားသူများ စုပေါင်းနေထိုင်ရာ ဘားအံမြို့နယ်၊ ဂျိုင်းကျေးရွာအုပ်စုရှိ ရိုးမဟာကုန်းတွင် နိုဝင်ဘာ ၂၆ မှ ၂၈ရက်အထိ ရိုးရာနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အသက် (၄၀)နှစ်ခန့် ရှိပြီဖြစ်သော ဖိုးတခေတ်၏ ယင်းမွေးနေ့ပွဲသို့ တောင်ငူ၊ မော်လမြိုင်၊ ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ပေါင်၊ ဇင်းကျိုက် ၊ရေး ၊လမိုင်း၊ ထားဝယ် စသည့်ဒေသများမှ ရဟန်းရှင်လူ ၅၀၀၀ခန့် လာရောက်ဆင်နွဲခဲ့ကြသည်။

“ကျွန်တော်ကတော့ ဒေသတွင်းမှာ မေတ္တာနဲ့ပဲ အဓိကထားပြီး ငြိမ်းချမ်းစွာနဲ့ပဲ လူမျိုးဘာသာမရွေး ကူညီပြီး စုပေါင်း နေထိုင်တယ်။ အဓိကကတော့ ကရင်တို့ရဲ့ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး မတိမ်ကော၊ မပျောက်ကွယ်ရအောင် နှစ်စဉ် အဓိဌာန်ပြုပြီး ဖော်ထုတ်ကျင်းပပေးနေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

နောင်လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်းတွင်လည်း ကျန်းမာရေး၊ ပညာရေး အသိပညာများ ဖွံ့ဖြိုးလာစေရန် ကိုယ်ထူကိုယ်ထကျောင်းနှင့် ကျန်းမာရေးဆေးခန်းများအပြင် ရာဘာ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထုတ်လုပ်မှုများလည်း ရှိလာပြီဖြစ်ကြောင်း ဖိုးတခေတ်၏တပည့်တစ်ဦးက ပြောသည်။

မွေးနေ့ပွဲတွင် ရပ်ဝေးရပ်နီးမှ သံဃာတော်များအား လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်းခြင်း၊ တရားနာ၊ သီလယူ၊ ရေစက်ချခြင်း၊ ရိုးရာ ထမုတ်ဆွမ်းတော်ကြီး တင်လှူခြင်း၊ ရိုးရာဓလေ့ အယူအဆများအရ ဆိတ်၊ ဆတ်၊ မြင်း၊ ကျွဲ ၊နွား၊မော်တော်ကားတို့ဖြင့် ဆင်ယင်သော ပန်းရထားများဖြင့် ထမုတ်ကွင်းအား လှည့်လည်ပူဇော်ခြင်း၊ စတုဒီသာ ကျွေးမွေးခြင်းတို့အပြင် ကရင်၊ မြန်မာဇာတ်သဘင်အဖွဲ့များ၏ ဖျော်ဖြေရေးအစီအစဉ်များလည်း ပါဝင်ကျင်းပခဲ့သည်။

“ကျွန်မတို့တော့ အဖိုးရဲ့သီလ၊ သမာဓိကို ယုံကြည်လေးစားလို့ နှစ်တိုင်း လာရောက် ဆင်နွှဲပါတယ်။ နိုင်ငံရပ်ခြား ရောက်နေတဲ့ အဖိုးရဲ့ ယုံကြည်ကိုးကွယ်သူတွေ၊ ဒေသအတွင်းက ယုံကြည်သူတွေလည်း ပါဝင် ဆင်နွှဲကြတယ်”ဟုမွေးနေ့ပွဲသို့လာရောက်သူ အငြိမ်းစား သူနာပြုဆရာမကြီး ဒေါ်နန်းစိန်က ဆိုသည်။

ဂျိုင်းကျေးရွာကို ကရင့်အမျိုးသားရွာဟု ခေါ်တွင်စေပြီး အိမ်ထောင်စု ၃၀၀ ဝန်းကျင်နှင့် လူဦးရေ ၁၀၀၀ခန့် စုပေါင်းနေထိုင်လျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးများအတွက် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ထူထောင်ထားကြောင်း၊ ဒေသခံတို့မှာ ရိုးရာအဝတ်အစားများကိုသာ ရာသက်ပန် ဝတ်ဆင်လျက် သက်သတ်လွတ်စားသောက်ရင်း စုပေါင်းစိုက်ပျိုးခြင်းဖြင့် နေထိုင်ကြကြောင်း၊ ဖူးတခေတ်အား ယုံကြည်ကိုးကွယ်သူမှာ ရပ်ဝေးရပ်နီးတွင် ဦးရေ တစ်သိန်းကျော်ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။

ယခင်က ဖိုးတခေတ် အယူအဆကို ယုံကြည်သူများမှာ ဘားအံမြို့နယ်၊ အောက်ရေတံခွန်ရပ်၊ ဒုံရင်းကျေးရွာအုပ်စုတွင် နေထိုင်ခဲ့ကြရာမှ ဒေသတွင်း ပဋိပက္ခများကြောင့် ယခုနေထိုင်ရာ ဂျိုင်းကျေးရွာအုပ်စု၊ ရိုးမဟာကုန်းဘက်သို့ ပြောင်းရွှေ့နေထိုင်လာသည်မှာ ၁၅ နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ရာဟု(ဖားအံ)

Advertisements
<

Leave a Reply