ဖုန်းဆိုင်ကို ဖောက်ထွင်းခိုးယူမှု ၅ နာရီအတွင်း ဖမ်းဆီးရမိ

ပေါင်၊ သြဂုတ်  ၈

ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာရှိ ‘ဌေး’ဖုန်းပြုပြင်ရေးလုပ်ငန်းဆိုင်အတွင်းမှ ကွန်ပျူတာနှင့် လက်ကိုင်ဖုန်းများ ခိုးယူခဲ့သူကို မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းကြည် ဦးဆောင်သည့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ၅ နာရီအတွင်း ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဆိုင်ပိုင်ရှင် ဒေါ်ခင်မာစိုးမှာ သြဂုတ် ၃ ရက်၊ ညနေ ၆ နာရီခန့်က မုတ္တမနယ်မြေရဲစခန်းသို့ ရောက်ရှိလာပြီး ၎င်းဆိုင်အတွင်းမှ acer အမျိုးအစားကွန်ပျူတာ (၁) စုံနှင့် ပြုပြင်ရန် လာရောက်အပ်နှံထားသော လက်ကိုင်ဖုန်း (၉) လုံး ပျောက်ဆုံးသွား၍ အရေးယူပေးရန် လာရောက်တိုင်ကြားခဲ့ကြောင်း၊ ရဲစခန်းမှ (ပ) ၁၅၆/ ၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ လိုက်လံစုံစမ်းနေစဉ် ကျုံကကျေးရွာ၊ ကျောက်ခွဲရပ်နေ လူငယ်တစ်ဦးမှာ ကွန်ပျူတာတစ်စုံနှင့် ဖုန်းများ လိုက်လံရောင်းချနေကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းပိုင်က အကြောင်းကြားလာသဖြင့် စခန်းမှူး ရဲအုပ်အောင်မင်းကြည်နှင့်အဖွဲ့က ဇော်မျိုးမင်း (ခ) ဝင်းထွန်း (၁၈ နှစ်) ဆိုသူ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ပြစ်မှုကျူးလွန်သူကို သက်သေခံပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.