Advertisements

နိုဝင်ဘာ ၂၀ ၊ ၂၀၁၇။

တယ်လီဖုန်း ဆက်သွယ်ရေး အော်ပရေတာ များမှ ဖုန်းဘေလ်များအား ဖုန်းအသုံးပြုခ ကျသင့်ငွေထက် ပိုမို ကောက်ခံ နေသည်ဟု ပြည်သူ များ၏ တိုင်ကြားချက်အပေါ် ဆက်သွယ်ရေး အော်ပရေတာ များအား ပြန်လည် စိစစ်နေကြောင်းနှင့် ပိုမို ဖြတ်တောက် ထားသည်ဟု တွေ့ရှိပါက ပြန်လည် ထည့်သွင်း ပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး ပို့ဆောင်ရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် စွမ်းအင် ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်တွင် ယနေ့ ပြုလုပ်ခဲ့သည့် လွှတ်တော် အစည်းအဝေး၌ မရမ်းကုန်း မြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးရန်ရှင်းက ဖုန်းအသုံးပြုခ ဖြတ်တောက်သည့် ကိစ္စရပ်များ၌ အမှန်တကယ် ကျသင့် ငွေထက် ပိုမိုကျသင့် ဖြတ်တောက် နေခြင်းကို မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ စိစစ် အရေးယူ ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်း မေးမြန်း ခဲ့ပြီး ဝန်ကြီးမှ အထက်ပါ အတိုင်း ပြန်လည် ဖြေကြား ပေးခဲ့သည်။

ဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည့် အမ်ပီတီ ဖုန်းအသုံးပြု ခများနှင့် ပတ်သက်ပြီး ကျသင့် ငွေထက် ပိုမိုကောက်ခံ နေသည်ဟု ပြည်သူများ၏ တင်ပြမှုများ ရှိနေပြီး ယင်းအား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြန်လည် စိစစ် နေကြောင်း ဆိုပါသည်။

ယင်းအပြင် အခြား ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် အော်ရီဒူးနှင့် တယ်လီနော လုပ်ငန်း များကိုလည်း ဆက်သွယ်မှု ညွှန်ကြားရေး ဦးစီးဌာနမှ ၎င်းတို့နှင့် ချုပ်ဆို ထားသည့် စာချုပ်များနှင့် ပြန်လည် စိစစ်ပြီး ကျသင့် ငွေထက် ပိုမို ဖြတ်တောက်ခြင်း ရှိမရှိ ကိုလည်း ဆက်လက် စိစစ် နေဆဲ ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း MPT ကမူ ဖုန်းအသုံးပြု သူများ အနေဖြင့် မိမိတို့ လက်ကိုင်ဖုန်း အတွင်း အော်တို ဒေါင်းလော့ ဆော့လ်ဝဲများ ထည့်သွင်း အသုံးပြုခြင်း များကြောင့် ငွေကြေး ဖြတ်တောက်မှုများ ရှိနေခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြား ထားသည်။

လက်ရှိတွင် မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း အသုံးပြုခြင်းနှင့် ပတ်သက်၍ လိုင်စင် ရရှိထားသည့် အော်ပရေတာ ကုမ္ပဏီ လေးခုအနက် အမ်ပီတီ၊ တယ်လီနောနှင့် အော်ရီဒူး တို့မှ တရားဝင် လည်ပတ် လုပ်ကိုင်နေပြီ ဖြစ်သည်။

Written by – အောင်ကျော်ထွန်း

Advertisements
<

Leave a Reply