ထားဝယ်၊ စက်တင်ဘာ ၂၅
ထားဝယ်မြို့၊ အနောက်မြို့တွင်းရပ်ကွက်၊ မြို့တွင်းလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ BSM Mobile အရောင်းဆိုင်အတွင်းသို့ စက်တင်ဘာလ ၂၂ရက်နေ့၊ နံနက် ၄နာရီ ၄၃မိနစ်တွင် ဝင်ရောက်၍ ဖုန်းများခိုးယူခဲ့ပြီး ယင်းလုပ်ဆောင်မှုသဲလွန်စဖျောက်ရန် ဆိုင်ကိုဓါတ်ဆီလောင်း၍ မီးရှို့ခဲ့သူ အာကာမျိုး(၁၉နှစ်) အား စက်တင်ဘာလ ၂၅ရက်နေ့၊ ညနေတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းထံမှသိရသည်။

“ ဒို့ကတော့ လိုက်နေတာတော့ကြာပြီပေါ့ကွာ ဖြစ်တယ်ဆိုပြီးကတည်းက တောက်လျှောက်လိုက်နေတာ ဒီနေ့ကတော့ သရက်နှစ်ခွရွာ၊ ဘူတာဟောင်းအနီးမှာ ရောက်ရှိနေတယ်သတင်းရလို့ သွားရောက်ဖမ်းဆီးခဲ့တယ်”ဟု ထားဝယ်မြို့မရဲစခန်းမှူး ရဲအုပ်အောင်နိင်မိုးက ဆိုသည်။

ခိုးယူခဲ့သော သက်သေခံပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းဆောင်ရွက်ခဲ့ရာ ထားဝယ်မြို့နယ်၊ တောင်ပို့ကျေးရွာအနီး တောင်ကုန်းသစ်တောတွင် ဝှက်ထားခဲ့ကြောင်းသိရသဖြင့် သက်သေများနှင့်အတူ သွားရောက်သိမ်းဆည်းခဲ့ရာ လက်ကိုင်ဖုန်းမျိုးစုံ ၂၀လုံးအား သိမ်းဆည်းနိုင်ခဲ့သည်ဟု ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါဖုန်းဆိုင်မီးလောင်စဉ်စစ်ဆေးရာ ဆိုင်ပေါက်ပွင့်နေသည်ကိုတွေ့ရပြီး ဆိုင်အထဲတွင် လျှပ်စစ်Mainခုံတွင် မီးလောင်များသည်ကို တွေ့ရသော်လည်း အခြားဆက်စပ်နေရာ ၃နေရာတွင် မီးလောင်နေခြင်းကြောင့် ယင်းမီးလောင်းခြင်းမှာ ရိုးရိုးမီးလောင်ခြင်းမျိုးမဟုတ်ကြောင်းသုံးသပ်ရကြောင်း၊ ဆိုင်ရှင်မှ အပ်နှံ သည့် မီးလောင်သွားသော CCTVမှ Hard Disk ကိုသိမ်းဆည်းပြီး ကြည့်ရှုရာ ဆိုင်းအထဲ့ဝင်၍ ဖုန်းနှင့်ဆက်စပ် ပစ္စည်းများယူပြီး ဆိုင်အတွင်းဝင် ရောက်သူ ယူဆောင်လာသော ဓါတ်ဆီဗူး ၃ဗူးဖြင့် အပြင်မှမီးရှို့သည်ကို တွေ့ရှိရကြောင်းCCTV မှတ်တမ်းကို ကိုးကား၍ ထားဝယ်မြို့မရဲစခန်းမှူးက ပြော သည်။

CCTV မှတ်တမ်းအရ ဆိုင်အတွင်းဝင်ရောက်သူသည် ညာခြေတွင်ဆေးမှင်ဂျောင်ရေးထိုးထားသည်ကိုတွေ့ရပြီး စားပွဲလက်ထောက်ချိန်နှင့် CCTVကင်မရာ အား လှမ်းကိုင်ချိန်တို့တွင် ညာဖက်လက်ခုံ၊ ဘယ်လက်တို့တွင် ဆေးမှင်ဂျောင်ရေးထိုးထားသည်ကိုတွေ့ရှိရသည်ဟု သိရသည်။

ဆိုင်အတွင်းဝင်ရောက်လှုပ်ရှားသည့်ပုံမှာ ဆိုင်သို့ရောက်ဖူးနေသူသည့်အနေအထားဖြစ်သည်ကို တွေ့ရှိရပြီး ဆိုင်သို့လာရောက်သည့် မသင်္ကာသည့် ပုံပန်း သဏ္ဍာန်အနေအထားအရ မည်သူဖြစ်နိုင်သည်ကို ဆိုင်မှအရောင် စာရေးများအား မေးမြန်းရာ လွန်ခဲ့သော ၂လခန့်က Oppo 11 နောက်ဆုံးအပေါ်ဖုန်းကို အရစ်ကျစနစ်ဖြင့်ဝယ်ယူထားသည့် အာကာမျိုးနှင့်တူကြောင်း စုံစမ်းသိရသည်ဟု ထားဝယ်မြို့မရဲစခန်းမှူးက ပြောသည်။

ရဲစခန်းမှတ်တမ်းအရ အာကာမျိုးသည် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရပြီးလွန်ခဲ့သော ၅လခန့်က လွှတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ထားဝယ်အကျဉ်းထောင် မှ လွှတ်မြောက်လာသူဖြစ်သည်ဟုသိရ၍ အကျဉ်းထောင်တွင် အာကာဖြိုးနှင့်ပတ်သက်သော အချက်အလက်များ၊ ဆေးမင်ဂျောင်ထိုးထားသည့်အချက် အ လက်များကိုရရှိခဲ့သည်ဟုထားဝယ်မြို့မရဲစခန်းမှ သိရသည်။

ထားဝယ်မြို့၊ကညံရပ်ကွက်၊ပုထိုးကျောင်းလမ်းသွယ်( ၃)လမ်းရှိ ယင်းနေအိမ်တွင် သွားရောက်ရှာဖွေရာ ထွက်ပြေးတိမ်းရှောင်နေ၍ ခရိုင်ဓနအဖွဲ့နှင့် ထား ဝယ်မြို့မရဲစခန်းနယ်ထိန်းအဖွဲ့များက လိုက်လံရှာ ဖွေလျှက်ရှိရာ စက်တင်ဘာလ ၂၅ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ ဘူတာရုံဟောင်း အနီးတွင် ရောက်ရှိနေသည်ဟုသတင်းရ၍ အဆိုပါ ခိုးယူသူ အား ဖမ်းဆီးနိုင်ခဲ့သည်ဟု ထားဝယ်မြို့မရဲစခန်း ထံမှ သိရသည်။

ထားဝယ်မြို့မရဲစခန်းတွင် အာကာမျိုးအား နေအိမ်စသည်တို့ အတွင်းတွင်ခိုးမှု ရာဇသတ်ကြီးပုဒ်မ ၃၈၀နှင့် အိမ်အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီးဖြင့် သို့တည်းမဟုတ် ပေါက်ကွဲတတ်သည့်အရာဖြင့် အကျိုးဖျက်ဆီးမှု ၄၃၆ ဖြင့်အမှုဖွင့်၍ စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

တင့်လွင်

Leave a Reply