ဖေဖော်ဝါရီ (၁၃)တွင် မွန်ပြည်သစ်ပါတီက အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ

မွန်ပြည်သစ်ပါတီ(NMSP)နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU)တို့အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၃ နှစ်ပြည့်မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် အတည်ပြု လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါနေ့တွင်လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းကို မွန်ပြည်နယ်သစ်ပါတီနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့က ဖေဖော်ဝါရီ ပထမသီတင်းပတ်ထဲတွင် ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

မွန်ပြည်သစ်နှင့် လားဟူအဖွဲ့တို့အနေဖြင့် ဇန်နဝါရီ ၂၃ရက်ကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို သီးခြားစီ တွေ့ဆုံကြပြီးနောက် NCA စာချုပ်တွင်မကြာမီပါဝင်လက်မှတ်ရေးထိုးမည်ဟုကတိကဝတ်ပြုထားကြောင်းကို ယင်းနေ့ကတည်းက ကြေညာထားခဲ့သည်။

NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို နေပြည်တော်ရှိ MICC II ခန်းမတွင် ကျင်းပသွားဖို့ အစိုးရက စီစဉ်ထားပြီဖြစ်သည်။ အခမ်းအနားကျင်းပမည့် အစီအစဉ်များအတွက်လည်း ဖေဖော်ဝါရီ ၅ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

ယင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက နိုင်ငံတော် အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို နွေးထွေးစွာ ရင်းရင်းနှီးနှီး ကြိုဆိုဖို့ တာဝန်ရှိကြောင်းပြောဆိုထားသည်။

‘’NCA စာချုပ် လက်မှတ်ရေးထိုးပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်အောင်ဆောင်ရွက်ပေးဖို့ဟာကျွန်တော်တို့အားလုံးရဲ့ အဓိက တာဝန်ပဲဖြစ်ပါတယ်’’ဟု ၎င်းကပြောခဲ့သည်။
ယင်းအပြင် NCA လက်မှတ် ပါဝင်ရေးထိုးခြင်း မပြုရသေးသည့် ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးကထပ်လောင်းပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်အနေဖြင့် NCA လက်မှတ်ရေးထိုးရာတွင် ငြိမ်းချမ်းရေးကော်မရှင် PC နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့DPN တို့ ဆွေးနွေးခဲ့သည့် သဘောတူညီချက် ၈ ချက်ကိုပါတစ်ပါတည်း ရေးထိုးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁ရက်က ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားအပြီး၌သတင်းမီဒီယာများကို ပြောဆိုထားသည်။

ယင်းအပြင် NCA စာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းမှာ လက်နက်ချခြင်း မဟုတ်သလို ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင် တစ်ခုလည်း မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီက ယင်းနေ့က ထုတ်ပြန်ခဲ့သည်။

ရည်မှန်းချက်ပန်းတိုင်မှာ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝရရှိမည့်ဖက်ဒရယ်ပြည်ထောင်စုတည်
ဆောက်နိုင်ရေးသာဖြစ်ကြောင်းလည်း ဆိုထားသည်။

ယခု NCA စာချုပ်ပါဝင်လက်မှတ်ရေးထိုးခြင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ တက်လှမ်းရန်နှင့် ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရန် အခွင့်အလမ်းတစ်ခုမျှသာဖြစ်သည်ဟုလည်းပါတီက ဆိုထားသည်။

Written by ရွှေရိုး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်