တားမြစ်ထားသည့် ဓာတုပစ္စည်းဖော်မလင်ကို အစားအသောက် ထုတ်လုပ်ရာတွင် သုံးစွဲထားမှုများတွေ့ရှိပါက လုပ်ငန်းပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင် က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

formalin

“ဈေးကွက်ထဲမှာတားမြစ်ဆေးဝါးသုံးထားတယ်လို့ သံသယရှိနေတဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်တွေကိုသွားရောက်စစ်ဆေးမယ်”ဟု ၎င်းက ပြောသည်။

စစ်ဆေးဆောင်ရွက်ရာတွင် တားမြစ်ဆေးသုံးစွဲထားသည်ဟု သံသယရှိအစားအသောက် နမူနာများကိုယူဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း၎င်းက ပြောသည်။
အဆိုပါ လုပ်ငန်းများတွင် မုန့်တီမုန့်ဖတ် လုပ်ငန်းများအပါအဝင် ကြာရှည်ခံရန်ဖော်မလင်ကို ထည့်သွင်းသုံးစွဲထားသည်ဟုယူဆရသည့် အစားအသောက် လုပ်ငန်းများပါဝင်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

ဈေးကွက်တွင်စားသုံးသူများအကြားပျံ့နှံ့နေပါက ကုန်ပစ္စည်းများကို ပြန်သိမ်းယူမူများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အဆိုပါ အစားစာများသည် စားသုံးရန်မသင့်ဟု ပြည်သူလူထုထံကြေညာသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အရေးယူခံရသည့် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလုပ်ဆောင်လိုလျှင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များနှင့်သာ လုပ်ကိုင်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့အပါအဝင် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ကပူးပေါင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Written by – အဂ္ဂနန်၊ ဇော်ထိုက်

Leave a Reply