ဖေ့စ်ဘွတ်ခ်ကိုသာလျှင် အရေးမလုပ်ပါနှင့်

မကြာသေးမီ ရက်ပိုင်း နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်သည်၊ ဖေ့စ်ဘုတ်ခ် အသုံးပြုသူ အကောင့်ပိုင်ရှင်တစ်ဦးက လူမှုကွန်ရက်စာမျက်နှာထက်တွင် ‘မွန်ပြည်နယ် ဝန်ကြီးချုပ် ဖြေပေးပါ’ဟူသော ခေါင်းစဉ်ဖြင့် ပို့စ် တစ်ခု ရေးသား လွှင့်တင်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက နောက်နှစ်ရက်အကြာတွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံစဉ် အဆိုပါ မေးခွန်းများကို ရှင်းလင်း ဖြေကြားခဲ့သည်။

မေးခွန်းစေ့ ဖြေဆိုခြင်း မဟုတ်သော်ငြား ဝန်ကြီးချုပ်၏ တုန့်ပြန်မှုနှင့် ဖြေကြားချက်များမှာ နှစ်ထောင်းအားရသူလည်း ရှိမည်၊ မချင့်မရဲ စောဒက တက်လိုသူတွေလည်း ရှိမည်သာ။

တရားဝင် ချဉ်းကပ် မေးမြန်းစုံစမ်းလာခြင်း မဟုတ်သည့်တိုင် ဝန်ကြီးချုပ်က ယင်းသို့ အချိန်ပေး ဖြေကြားခဲ့ခြင်းမှာ ရေငုံနှုတ်ဆိတ်နေခြင်းထက် ပို၍ အားရကျေနပ်ဖွယ်ရာ ရှိသည်တော့ အမှန်ပင်။

‘ဆိတ်ဆိတ်နေ ထောင်တန်သည်’ဆိုရိုးရှိငြား အစိုးရအဖွဲ့ အကြီးအကဲဖြစ်စေ အဖွဲ့ဝင်ဖြစ်စေ တိတ်ဆိတ်နေခြင်းမူကား ထောင် လည်း မတန်၊ သောင်းလည်း မထိုက်ဟူ၍ ဟင်္သာက ယုံကြည်ယူဆပါ၏။

သို့ဖြစ်ရာ အဆိုပါမေးခွန်းများနှင့် ပတ်သက်၍လည်းကောင်း ဝန်ကြီးချုပ်အဖြေများနှင့် ပတ်သက်၍လည်းကောင်း ဟင်္သာအနေဖြင့် တစုံတရာ မှတ်ချက်ပြု ရေးသားလိုခြင်း အလျဉ်း မရှိသော်လည်း ပြည်နယ်ဝန်ကြီးချုပ်၏ တုန့်ပြန်ပုံအပေါ် အားရကျေနပ်ဖြစ်မိပေသည်။

အလားတူပင်၊
သတင်းမီဒီယာ၏ တွေ့ဆုံမေးမြန်းမှုများအပေါ်လည်း ယင်းကဲ့သို့ တုန့်ပြန်ဖြေကြားနိုင်လျှင် အစိုးရ၊ ပြည်သူနှင့် သတင်းမီဒီယာတို့ ပေါင်းကူးယှက်နွှယ်ခြင်း ဒီရေမြင့်တက်ကာ ရလဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု ယုံကြည်ထားပါကြောင်း။

အယ်ဒီတာ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.