Myanmar Now

ဖျာပုံမြို့နယ်၊ အမာမြို့ဝန်းကျင် ပင်လယ်ပြင်တွင် မျောပါနေသည့် ‘အိုက်စ် (Ice)’ ဟု ယူဆရသည့် မူးယစ်ဆေးများထည့်ထားသည့် အိတ်များကို ငါးဖမ်းစက်လှေများက တွေ့ရှိခဲ့ပြီး အမာရဲစခန်းတွင် သိမ်းဆည်းထားသည်ဟု ဖျာပုံခရိုင် ဒုတိယ ရဲတပ်ဖွဲ့မှူးက Myanmar Now ကို ပြောသည်။

အမာမြို့၊ အရှေ့ဖျားကျေးရွာမှ ရေမိုင် ၁၅ မိုင်အကွာ ပင်လယ်ပြင်တွင် ပီနံအိတ် ၂၃ အိတ် မျောပါနေသည်ကို ငါးဖမ်းစက်လှေ ခုနစ်စီးက ယမန်နေ့ညနေပိုင်းက တွေ့ရှိခဲ့ပြီး ဆယ်ယူလာခဲ့သည်ဟု အဆိုပါပီနံအိတ်များကို ရဲစခန်းသို့ပို့ဆောင်ရာတွင် ပါဝင်ခဲ့သူ အမာမြို့ဒေသခံ ကိုဇော်ဝင်းက ပြောသည်။

“သူတို့က ဘာတွေမှန်းမသိကြဘူး။ ပင်လယ်ထဲကနေ ဆယ်လာပြီး လှေပိုင်ရှင်တွေဆီ ယူလာကြတယ်။ ကော်စေ့လို့ထင်ပြီး မီးရှို့ကြည့်ပြီးတာကနေ အနံ့က ခေါင်းမူးတော့မှ မူးယစ်ဆေးဖြစ်နိုင်တယ်ဆိုပြီး သက်ဆိုင်ရာကို လှမ်းဆက်သွယ်ကြတာ” ဟု ကိုဇော်ဝင်းက ဆိုသည်။

ငါးဖမ်းစက်လှေများဆယ်ယူခဲ့သည့် ပီနံအိတ်များပေါ်တွင် “ငါးစာ” ဟု မြန်မာလိုရေးထားပြီး ပီနံအိတ်ကို ဖွင့်လိုက်သည့်အခါ “လက်ဖက်ခြောက်” ဟု တရုတ်စာဖြင့် ရေးထိုးထားသည့် ပလတ်စတစ်အိတ်များကို တွေ့သည်ဟုလည်း ကိုဇော်ဝင်းက ဆိုသည်။

ဖျာပုံခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းဝင်းက “လတ်တလော သိရသလောက်တော့ crystal (အခဲ) တွေလို့ပဲ သိရသေးတယ်၊ ဓာတ်ခွဲပြီး သေချာကြည့်ရဦးမယ်” ဟု Myanmar Now ကို ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အမတ် ကိုဘိုဘိုမင်းဇော်က အဆိုပါအထုပ်များတွေ့ရှိသည်ကို အတည်ပြုပြီး “မနေ့ညကတည်းက မူးယစ်အဖွဲ့တို့ဘာတို့နဲ့ သူတို့ သက်ဆိုင်တဲ့သူတွေ စစ်ဆေးနေကြပါတယ်” ဟု ဆိုသည်။

တွေ့ရှိထားသည့် ပီနံအိတ်များအတွင်း တစ်ကီလိုဂရမ် အထုပ် ၃၀ ပါဝင်ပြီး ပီနံအိတ်ပေါင်း ၂၃ အိတ်ရှိသည့်အတွက် ကီလို ၆၅၀ ရှိမည်ဟု ခန့်မှန်းရကာ အချို့ပီနံအိတ်များတွင် ပါကင်ထုပ်များ လျော့နည်းနေသည်များလည်း ရှိနေသည်။

ယင်းကဲ့သို့အထုပ်များကို လက်ဝယ်ထားရှိပါက ဥပဒေကြောင်းအရ အန္တရာယ်ရှိနိုင်ကြောင်းနှင့် ပင်လယ်ပြင်တွင် ထပ်မံတွေ့ရှိပါက သက်ဆိုင်ရာသို့ အပ်နှံရမည်ဖြစ်ကြောင်း ယမန်နေ့ညနှင့် ယနေ့ နံနက်ပိုင်းက အမာမြို့တွင် လော်စပီကာဖြင့် ကြေညာထားသည်ဟု ဒေသခံကိုဇော်ဝင်းက ဆိုသည်။

‘အိုက်စ်’ သည် စွမ်းအားအဆင့်အမြင့်ဆုံး မက်သမ်ဖက်တမင်း မူးယစ်ဆေးဝါးများဖြစ်ပြီး ပုံဆောင်ခဲအသွင်ရှိကာ ရှူရှိုက်ခြင်း၊ သွေးကြောထဲထိုးသွင်းခြင်း၊ မီးရှို့ကာ အငွေ့ကိုရှူခြင်း စသည့် သုံးစွဲနည်းအမျိုးမျိုးရှိသည်

Leave a Reply