Advertisements

မော်လမြိုင်၊ စက်တင်ဘာလ ၂၄

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ ၁၄ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ပြည်နယ် လွှတ်တော်ကိုယ်စားများ မေးမြန်းမည့် မေးခွန်း၄၉ ခုတွင် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ၂၅ခုသာဖြေဆိုမည်ဖြစ်ပြီး ကျန်ရှိနေသည့် မေးခွန်း၂၄ ခုမှာ ပြည်သူတွေအတွက် အဟောသိကံ ဖြစ်သွားမည် မဟုတ်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

စက်တင်ဘာလ ၂၄ရက်နေ့က ကျင်းပသော ဒုတိယ အကြိမ်မွန်ပြည်နယ်လွှတ်တော်၏ ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့အပြီးတွင် မီဒီယာများ၏ အမေးအပေါ် ၎င်းကယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

လွှတ်တော်အနေဖြင့် မေးခွန်းမေးမြန်းရာတွင် အစိုးရကို အခက်တွေ့စေခြင်းမျိုး မလုပ်ဘဲ ဌာနဆိုင်ရာများအနေဖြင့် ကွင်းဆင်းစစ်ဆေးရာတွင် အချိန်ကြာမည်ဆိုပါက ရက်ပြောင်းပေး၍ရကြောင်း ဒေါ်တင်အိက ဆိုသည်။

“အစိုးရက အခက်အခဲရှိလို့ ဒီမေးခွန်းကို မဖြေသည့်တိုင်အောင် ဒီမေးခွန်းက ပျောက်ဖျက်မသွားဘူး ဖြေကိုဖြေရမယ် ဘယ်လိုနည်းနဲ့ ဖြေရမလဲ သူတို့ဖြေပြီးတဲ့ အချိန် ကျွန်မတို့ လွှတ်တော်ခေါ်ချင်ခေါ်မယ် ကိုယ်စားလှယ်တွေရဲ့ ဆန္ဒအရ ကြယ်ပွင့်မပြလို့ ပြောင်းချင်ပြောင်းမယ် အစိုးရမဖြေဘူးဆိုပေမဲ့ ပြည်သူတွေ မထိခိုက်ဘူး ဒီမေးခွန်းတွေက ဟောထိခံဖြစ်မသွားပါဘူး” ဟု ဒေါ်တင်အိက ဆိုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က အဆိုပါ အကြောင်းကြားစာကို စက်တင်ဘာလ ၁၇ ရက်နေ့ရက်စွဲဖြင့် လွှတ်တော်သို့ပေးပို့ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာဌာနများအနေဖြင့် မေးခွန်းနှင့် အဖြေများ ဖြေဆိုရန် အချိန်မလုံလောက်သဖြင့် နောက်တစ်ကြိမ်လွှတ်တော်အစည်းအဝေးတွင်သာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ မေးခွန်း၁၀ ရက်အတွင်း မရောက်ရှိတာဖြစ်လို့ အစိုးရအနေဖြင့် မဖြေဆိုနိုင်ခြင်းမှာ ဥပဒေအရ အငြင်းပွားမှုတာဖြစ်ပြီး လွှတ်တော်နည်းဥပဒေအရ လွှတ်တော်မစမီ ၁၀ရက်အလို လွှတ်တော်အကြီးအမှုးထံ ပေးပို့ရမည်ဟုသာ ပါရှိသည်ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ဆိုသည်။

“ခါတိုင်းလဲ ဒီနေ့ဒီချိန်ပဲ ပေးပို့ခဲ့ကြတယ် ဒါမဲ့ဖြေဆိုခဲ့ကြတယ် အခုကျမှ ဥပဒေနဲ့ နည်းနည်းတင်းကြပ် ကိုင်တွဲလာတဲ့အချိန်မှာ တစ်ဖက်နဲ့ တစ်ဖက် ဥပဒေအရ အငြင်းပွားမှု ဖြစ်တယ်ပေါ့နော်” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

ယင်းဥပဒေနှင့် ပတ်သက်ပြီး ပြတ်ပြတ်သားသားဖြစ်ရန်အတွက်လည်း ပြင်ဆင်ရမည်ဟု ယူဆကြောင်းလည်း ၎င်း က ဆိုသည်။

ယင်းအကြောင်းပြန်မှုအပေါ်တွင် စက်တင်ဘာလ ၁၈ရက်နေ့က မွန်ပြည်နယ်လွှတ်တော်မှ ကျန်ရှိသည့် မေးခွန်း၂၄ခုကို စက်တင်ဘာလ ၃၀တွင် ရက်ပြောင်းရွေ့ပေးမည်ဖြစ်ကြောင်း စာပြန်ခဲ့သော်လည်း စက်တင်ဘာလ ၂၄ရက်တွင် နောက်တစ်ကြိမ်လွှတ်တော်တွင်သာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်းသာ အကြောင်းပြန်ခဲ့သည်။

မွန်ပြည်နယ်အစိုးရအနေဖြင့် ယင်းကဲ့သို့ နောက်တစ်ကြိမ်လွှတ်တော်တွင် ဖြေဆိုရန် ရက်ပြောင်းရွေ့ခြင်းမှာ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ပထမအကြိမ်ဖြစ်ပြီး ပြီးကဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းတွင်လည်း ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း အချက်အလက်များအရ သိရသည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply