ဖွဲ့စည်းပုံ ပြင်ဆင်ရမည့် အချိန် မရောက်သေးဘူးလား

(ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအပေါ် သူတို့အမြင်)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အရေးကြီးအဆိုနှင့် စပ်လျဉ်းပြီး တပ်မတော်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအကြား ပြည်ထောင်စု လွှတ်တော်တွင် တင်းမာမှုများရှိနေခဲ့သည်။ ပြီးခဲ့သည် ဖေဖော်ဝါရီ ၅ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အရေးကြီးအဆို နှင့် ပတ်သတ်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၄ဝဦး ဝင်ရောက် ဆွေးနွေးရန်ရှိခဲ့ကြသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကတော့ ပါဝင်ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပေ။

အရေးကြီးအဆိုနှင့် ပတ်သက်ပြီး ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယကမှ ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ခံယူခြင်းများကို ဖေဖော်ဝါရီ ၆ရက်တွင် ဆောင်ရွက်ခဲ့သည်။
ယင်းအဆိုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၁၂ဦး၊ ပြည်ခိုင်ဖြိုးပါတီဝင် ၅ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ၃ဦး၊ ရခိုင်အမျိုးသားပါတီဝင် ၃ဦး၊ တအောင်း အမျိုးသားပါတီဝင် ၂ဦး၊ မွန်အမျိုးသားပါတီဝင် ၁ဦး၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ၁ဦး၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဝင် ၁ဦး၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီမှ ၁ဦး နှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ် ၁ဦးတို့ အသီးသီးဆွေးနွေးခဲ့ကြသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အရေးကြီးအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲရာ ထောက်ခံမဲများသောကြောင့် ဖေဖော်ဝါရီ ၆ရက်တွင် အဆိုကို အတည်ပြုခဲ့သည်။

အဆိုကို အတည်ပြုလိုက်သည့်အပေါ် သူတို့ သဘောထား

“NLD ကတင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီကို ကျွန်တော်တို့က ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးကို ကျွန်တော်တို့ပါတီအပြင် နိုင်ငံသူ၊ နိုင်ငံသားတွေ လိုလားနေတဲ့ အပြောင်းအလဲတစ်ခုဖြစ်တဲ့အတွက် ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ မည်သူမဆို၊ အဖွဲ့အစည်းမဆို ကျွန်တော်တို့က ကြိုဆို ထောက်ခံပါတယ်”ဟု မွန်ညီညွှတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး (၁)၊ နိုင်လယီတမက ပြောသည်။

ဖွဲ့စည်းပုံသည် လူတစ်ဦးတစ်ယောက်နှင့် သက်ဆိုင်ခြင်းမဟုတ်ဘဲ အများပြည်သူနှင့် သက်ဆိုင်သည့် ကိစ္စရပ်တစ်ရပ်ဖြစ်သောကြောင့် ပူးပေါင်းကော်မတီဖွဲစည်းကာ ပြင်ဆင်ပါက ပိုပြီးသင့်တော်မည်ဟု မြင်ကြောင်း ပြောသည်။
လွှတ်တော်ပူးပေါင်းကော်မတီတွင် ပါဝင်နိုင်သည့် အခွင့်အရေး၊ အခွင့်အလမ်းရှိပါက မွန်ညီညွတ်ရေးပါတီအနေဖြင့် ပါတီကိုယ်စားလှယ်များရွေးချယ်ကာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၌ ပူးပေါင်း ပါဝင်လိုသည် ဆန္ဒရှိသည်ဟု ဆိုသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ပါတီက မူအားဖြင့် သဘောတူထားပြီးဖြစ်ပါတယ်။ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကန့်ကွက်နေခြင်း မဟုတ်ပါဘူး။ သို့သော် လွှတ်တော် ကိုယ်စားလှယ် တင်သွင်းတဲ့ အရေးကြီးအဆိုသည် ပူးပေါင်းကော်မတီ ဖွဲ့စည်းဖို့ဖြစ်တဲ့တွက် သက်ဆိုင်ရာ ပူးပေါင်း ကော်မတီ ပြင်ဆင်ရေး အခန်းမှာပါသော လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်မို့သာ ပြောဆိုနေခြင်းဖြစ်ပါတယ်”ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ် အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးခဲ့သော အခြေအနေများနှင့် ပတ်သတ်ပြီး NLD ဘက်က လွှတ်တော်ကိုယ်စားလှယ်များ တင်ပြဆွေးနွေးသည့် အချက်များကို ပြန်လည်ဆန်းစစ်ပါက အခန်း ၁၂တွင် ပါရှိချက်အရ အရေးကြီးအဆိုနှင့် သက်ဆိုင်ခြင်းမရှိဟု တင်ပြထားကြောင်း ဆိုသည်။

“အခုကိစ္စနဲ့ ပတ်သတ်ပြီး တပ်မတော်ကလည်း မကျေမချမ်းဖြစ်တယ်ပေါ့နော်။ NLD ကလည်းတင်တာက ဖွဲ့စည်းပုံမူကြမ်း ရေးဆွဲဖို့အတွက် အစုဖွဲ့တဲ့သဘောပဲ။ လက်ရှိမှာ ပြင်ဆင်လို့ရတဲ့ မူကြမ်းပေါ့။ ၂ဝရာခိုင်နှုန်း ရရင်ပြင်မယ် ပြင်ဖို့အတွက် ဆွေးနွေးရမယ်။ လိုအပ်တဲ့ ၄၃၆တို့ဆိုရင် ၇၅ရာခိုင်နှုန်းအထက်ပေါ့။ သူတို့အချင်းချင်း နားလည်မှုကွဲနေတာပေါ့”ဟု မွန်ညီညွှတ်ရေးပါတီမှ တွဲဖက်အတွင်းရေးမှူး (၃) နိုင်စိုးမြင့်က ပြောကြားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်သင့်သော ဥပဒေဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်တွင် တပ်မတော်နှင့် NLD သဘောထားကွဲလွဲနေခြင်းသည် ကောင်းမွန်သော လက္ခဏတစ်ရပ် မဟုတ်ကြောင်း ပြောသည်။

တပ်မတော်နှင့် NLD အစိုးရအနေဖြင့် ပြင်ဆင်မည့်အချက်များ၊ ပြင်ဆင်မည့် ပုံစံနှင့် ပတ်သတ်ပြီး သေချာဆွေးနွေးကြရန် လိုအပ်ပြီး ဆွေးနွေးပြီးမှသာ ဆက်လက်လုပ်ဆောင်သင့်ကြောင်း အကြံပြု ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ မွန်ပြည်နယ် ကော်မတီဝင် ဥက္ကဠ ဦးဖေသောင်းက “တပ်မတော်ကလည်း ပြင်မှာပဲ တပ်မတော်က ပြင်ဖို့ ကန့်ကွက်တာက ခြေဥ အခန်း ၁၂ကို အခြေခံပြီးပြင်ခိုင်းတာ လွှတ်တော်ပိုင်းကတော့ အဖွဲ့ဖွဲ့ပြီး ပြင်ချင်တဲ့ သဘောပေါ့နော်၊ ဒီနှစ်ခုက နီးစပ်ပေးမယ့် ပြင်တာကတော့ ပြင်ရမှာပဲ”ဟု ဆိုသည်။

တပ်မတော်ဘက်မှလည်း ဖွဲ့စည်းပုံအခြေခံကို ပြန်လည်ပြင်ဆင်ရာတွင် လုပ်ထုံး လုပ်နည်းနှင့် အညီလုပ်ဆောင် စေရန် ပြောခြင်းဖြစ်ပြီး လက်ရှိအစိုးရဘက်မှလည်း ပြင်ဆင်ရန် မူကြမ်း ရေးဆွဲနိုင်ရန်အတွက် ဆောင်ရွက်ရာတွင် တစ်ဦးနှင့် တစ်ဦးကြား နားလည်မှုလွဲနေခြင်းဖြစ်ကြောင်း ဆက်လက်ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပေဒပြင်ဆင်ရန်အတွက် ၂၁ရာစု ပင်လုံညီလာခံတွင် ဆုံးဖြတ်ထားပြီဖြစ်သောကြောင့် လက်ရှိအစိုးရအနေဖြင့် ပြင်ဆင်မည့်အချက်၊ ပြင်ဆင်မည့်ပုံစံ၊ တိုင်းရင်းသားပါတီများနှင့် ပူးပေါင်ဆောင်ရွက်မည့် ပုံစံများကို သေချာဆောင်ရွက်ရမည်ဖြစ်ကြောင်း အကြံပြုပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဘာကြောင့် ပြင်သင့်လဲ

“၂ဝဝ၈ကို စပြီးရေးဆွဲကတည်းက ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူးလေ။ အခုချိန်ထိ ၁၈နှစ်လောက်သာ ကြာခဲ့တယ်။ တွေ့တဲ့အတိုင်း ပွင့်လင်းမြင်သာမှုမရှိခဲ့ဘူး။ နာဂစ်ဖြစ်တယ် လူတွေအများကြီးသေခဲ့ကြတယ်။ ဒါပေမယ့် မဲရရှိမှု ရာခိုင်နှုန်းက ၉၁ ဒဿမကျော်တယ်။ အချက်အလက်တွေက မှန်ကန်မှုမရှိခဲ့ဘူးပေါ့။ အဲလိုမျိုးတွေကို ကြုံခဲ့ရတယ်ပေါ့”ဟု နိုင်စိုးမြင့်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူလူထု ထောက်ခံခြင်းမရှိသော ဥပဒေတစ်ရပ်ဖြစ်သောကြောင့် ပြင်ဆင်ခြင်းသည် လုပ်ကိုလုပ်ဆောင်ရမည် ကိစ္စဖြစ်ကြောင်း ဆက်လက်ပြောသည်။

လက်ရှိဖွဲ့စည်းပုံကြောင့် ကျိန်စာသင့်နေသော တိုင်းပြည်ဖြစ်ခဲ့ရပြီး တစ်ပြည်ထောင်စနစ်၊ တစ်ပါတီအာဏာစနစ်ဖြင့် ကြီးစိုးခဲ့သောကြောင့် ပြည်တွင်းစစ်သည် နှစ် ၇ဝတိုင်ကြာခဲ့သည်။ ပြည်တွင်းငြိမ်းချမ်းရေးကို မဖြေရှင်းနိုင်ခြင်းသည် ယင်းဖွဲ့စည်းပုံကြောင့်ဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြင်ကို ပြင်ရမှာလေ၊ အဲဥပဒေက တစ်သက်လုံး မှန်တယ်လို့လည်း ပြောလိုမရပါဘူး၊ ပြင်တော့ ပြင်ရမှာပေါ့၊ ဘယ်လိုပုံစံနဲ့ ပြင်ဆင်သွားမှာလဲ၊ ဘယ်လိုချဉ်းကပ်မလဲဆိုတာ လက်ရှိအစိုးရကလုပ်ရမှာပေါ့”ဟု ဦးဖေသောင်းက ဆိုသည်။

ပြည်သူ့ပါတီမှ ဒုတိယဥက္ကဌ ဦးမင်းဇေယျက “၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုတာကလည်း စစ်မှန်သော ဒီမိုကရေစီကို ကိုယ်စားမပြုဘူး။ ဒီမိုကရေစီ အင်္ဂါရပ်နှင့် မပြည့်စုံသေးဘူးပေါ့နော်၊ အဲတော့ အများကြီး ပြင်ဆင်ဖို့ လိုအပ်နေတယ်”ဟု ပြောသည်။

ပြည်သူများ၏ စားဝတ်နေရေး ခက်ခဲမှု၊ နိုင်ငံစီးပွားရေး၊ ငြိမ်းချမ်းရေးစသည့် အခက်အခဲများသည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီစံနှုန်းနှင့်အညီ မရေးဆွဲနိုင်သ၍ ပြေပျောက်သွားမည်မဟုတ်ကြောင်း ထပ်မံပြောသည်။

၂၁ရာစု ပင်လုံညီလာခံတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကိစ္စရပ်များကို မူအားဖြင့် သဘောတူထားသောကြောင့် ဆွေးနွေးချက်များ ပြီးမြောက်မှသာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြကာ အဆင့်ဆင့်ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိအချိန်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရမည့် အချိန်မရောက်သေးကြောင်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အတွင်းရေးမှူး ဦးဝင်းမော်ဦးက ထင်မြင်ချက်ပေးသည်။

“ဖွဲ့စည်းပုံကိုသာ ပြင်နိုင်မယ်ဆိုရင် ပြည်နယ်နဲ့ တိုင်းတွေရဲ့ ဝန်ကြီးချုပ်တွေ၊ လွှတ်တော်တွေက ရွေးချယ်မှုတွေ ပိုရှိလာပြီး ပိုပြီး အနှစ်သာရ ပြည့်လာယ်လို့ ထင်ပါတယ်၊ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ပါဝင်ခွင့်လည်း ရှိလာနိုင်မှာပါ”ဟု နိုင်လယီတမက ပြောသည်။

တပ်မတော်၊ လက်ရှိအစိုးရနှင့် တိုင်းရင်းသားပါတီများ အလွတ်သဘော ဆွေးနွေးညှိနှိုင်းကာ ဆောင်ရွက်သင့်ပြီး ပူးပေါင်းကော်မတီတွင် ပါတီစုံ ပါဝင်လာမည်ဖြစ်သောကြောင့် ပြင်ဆင်ချက်မူကြမ်း ရေးဆွဲရာတွင် ပါတီစုံ၊ တိုင်းရင်းသားစုံကို အခြေခံသော ဥပဒေတစ်ရပ်ပေါ်ထွက်လာနိုင်သည်ဟု ဆိုသည်။

“တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒတွေကို လွှတ်တော်ထဲမှာရှိတဲ့ ကိုယ်စားလှယ်တွေက အဲဆန္ဒတွေကို ဆွဲယူလိုက်တဲ့ သဘောပေါ့။ ပညာသားပါတဲ့သဘောပေါ့”ဟု တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီမှ ဥက္ကဌ ဦးဖေသောင်းက ထင်မြင်ချက်ပေးသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်ထဲမရောက်သေးသော အဖွဲ့အစည်းများ၏ အသံနှင့် အမြင်များကို ယူသင့်ပြီး ၎င်းတို့သည် လွှတ်တော်ထဲတွင် လုပ်ဆောင်နေသူများ မမြင်သည့်အချက်များကို မြင်နိုင် ၊ ထောက်ပြနိုင်ကြောင်း မွန်ညီညွှတ်ရေးပါတီမှ အတွင်းရေးမှူး (၃) နိုင်စိုးမြင့် က ပြောသည်။

ပြည်သူ့ပါတီ ဒုတိယဥက္ကဌ ဦးမင်းဇေယျကမူ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီသော နိုင်ငံတော်တည်ဆောက်မယ်ဆိုပါက ၂ဝဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီနှုန်းနှင့် ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေအဖြစ် မဖြစ်မနေရေးဆွဲဖို့ လိုအပ်မည်ဖြစ်ကြောင်း ပြောဆိုသည်။ ။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.