Advertisements

မော်လမြိုင် ဧပြီ ၅

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် လက်ရှိအနိုင်ရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မြန်မာ့ တပ်မတော် စသည့် နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်း တိုင်ပင်ဆွေးနွေးမှု မရှိသည့်အပေါ် ပြင်ဆင်ရေးအတွက် အနည်းငယ်သာ မျှော်လင့်ကြောင်း မွန်ညီညွှတ်ရေးပါတီမှ အတွင်းရေးမှူး(၁) နိုင်လယီတမက ပြောသည်။

“ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ နိုင်ငံရေးအရ နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းတိုင်ပင် ဆွေးနွေးမှု မရှိဘဲနဲ့ လွှတ်တော်ထဲကို သွားတဲ့သဘော။ အဲဒီတော့ နှစ်ဖက် ခေါင်းဆောင်တွေ သဘောတူညီချက် မရဘဲနဲ့ လွှတ်တော်ထဲမှာ ပြင်မယ်ဆိုရင်တော့ ပုဒ်မ ၄၃၆ ကို ကျော်လွှားနိုင်ဖို့က သိပ်အလားအလာမရှိဘူး” ဟု ၎င်းက ဆိုသည်။

မွန်ညီညွှတ်ရေးပါတီမှ မတ်လ နောက်ဆုံးအပတ်တွင် ပါတီခေါင်းဆောင်များ အစည်းအဝေးပြုလုပ်ခဲ့ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီတွင်ပါဝင်သည့် ပါတီကိုယ်စားလှယ်မှ တစ်ဆင့် ပါတီမှ ပြင်ဆင်လိုသည့် သဘောထားများကို တင်ပြဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ရှိနိုင်ငံရေး အနေအထားအရ မိမိတို့ပါတီမှ ဖယ်ဒရယ်နှင့် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်အညီ ပြင်ဆင်ထားပြီး ပါတီ၏ ရည်မှန်းချက်တစ်ရပ်သည်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

မွန်ညီညွှတ်ရေးပါတီမှ လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁) မှ အခန်း (၄) အထိ ပြင်ဆင်လိုသည့် သဘောထားများကို ပူးပေါင်း ကော်မတီတွင် ပါဝင်သည့် ကိုယ်စားလှယ်ထံ ပေးပို့ထားပြီး ကျန်ရှိသည့် အခန်းများကိုလည်း ထပ်မံပေးပို့သွားမည်ဖြစ်သည်။

ထို့ပြင် မွန်ပါတီများ ပူးပေါင်းဖွဲ့စည်းထားသည့် မွန်ညီညွှတ်ရေးပါတီသည် ဖွဲ့စည်းပုံ ပြင်ဆင်ရေးအပြင် ပါတီ၏ ရေးရာဌာနမှူး တာဝန်များ ခွဲဝေရေးကိုပါ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တေဇ

Advertisements
<

Leave a Reply