အမှန်တရားပေါ်ပေါက်ရန် ရေဆုံးရေဖျားရင်ဆိုင်သွားမည်ဟုကြေညာကာ ယနေ့ဖွဲ့စည်းလိုက်သည့် ‘ဗစ်တိုးရီးယားအတွက် အမှန်တရားတောင်းဆိုမှုကော်မတီ’ အားရဲတပ်ဖွဲ့ကို အမှုဖွင့်ခွင့်ပေးရန်ရှိသော်လည်း ရပ်တည်လုပ်ဆောင်ချက်များမှာမူ သီးခြားဖြစ်သည်ဟု ဗစ်တိုးရီးယားမိသားစုကပြောသည်။

ဗစ်တိုးရီးယားအမှုမှန် ပေါ်ပေါက်ရေးအတွက် ကော်မတီတစ်ခုကို နေပြည်တော်တွင် ယနေ့ဖွဲ့စည်းလိုက်ပြီး ကလေးငယ်နှင့် မိသားစု ကိုယ်ရေးအချက်အလက်များကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့သည့် ရဲအရာရှိများအား ရက်ပိုင်းအတွင်း မိသားစုကိုယ်စား အမှုဖွင့်ရန်ဆုံးဖြတ်လိုက်သည်။

ဗစ်တိုးရီးယား၏ မိသားစုနှင့် ၎င်းတို့အား စာနာထောက်ထားကြသူများစုဝေးတိုင်ပင်ခဲ့ပြီးနောက် ‘ဗစ်တိုးရီးယား အတွက် အမှန်တရား တောင်းဆိုမှု ကော်မတီ ( Committee for Demanding Justice for Victoria)’ ဟု အမည်ပေးထားသည့်ကော်မတီကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းကော်မတီက “အမှုကိစ္စ အမှန်တရား ပေါ်ပေါက်ရန်နှင့် တရားမျှတမှုကို ရရှိရန် ရေဆုံး ရေဖျား ဆက်လက် ရင်ဆိုင်သွားကြမည်” ဟုလည်း ထုတ်ပြန်ကြေညာလိုက်သည်။

ကော်မတီ အဖွဲ့ဝင်များအကြောင်း အသေးစိတ် ထုတ်မပြောသော်လည်း ရှေ့နေ၊ ဆရာ၀န် နှင့် ကွန်ပျူတာ ပညာရှင်များအပါအဝင်နယ်ပယ်အသီးသီးမှ လူ ၇၀ ခန့်ပါဝင်သည်ဟု ယူဆရသည့် အဆိုပါကော်မတီ၏ ရှေ့ထွက်ပုဂ္ဂိုလ်အဖြစ် လူသိများသည့် စာရေးဆရာ ဦးထင်လင်းဦးက တာဝန်ယူမည်ဖြစ်သည်။

ဦးထင်လင်းဦးသည် ဗစ်တိုးရီးယားနှင့် မိသားစု၏အမည်၊ ကိုယ်ရေးအချက်အလက်များကို အသေးစိတ် ထုတ်ဖော်ပြောဆို၊ ထုတ်ပြန်သည့် ရဲတပ်ဖွဲ့တာဝန်ရှိသူများကို အမှုဖွင့်ရန်အတွက်လည်းဦးဆောင်မည်ဟု ကော်မတီ ထုတ်ပြန်ချက်က ဆိုသည်။

“ဘယ်သူတွေကို အမှုဖွင့်မယ်၊ ဘယ်ပုဒ်မတွေနဲ့ဆိုတာတော့ အခုအတည်မပြုပေးနိုင်သေးပါဘူး၊ ရဲတပ်ဖွဲ့တစ်ခုလုံးကို မဟုတ်ဘဲ ဒါမျိုးပြောခဲ့သူ၊ ရဲဇာနည်အကောင့်အတွက် တာဝန်ရှိသူကိုသာ အရေးဆိုမှာပါ”ဟု ဦးထင်လင်းဦးက ဆိုသည်။

နေပြည်တော်တွင် မေလအတွင်း လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံခဲ့ရသည်ဟု ဆရာဝန်များအတည်ပြုထားသည့် မူကြိုအရွယ်ကလေးငယ်အမှုနှင့်စပ်လျဉ်း၍ ဒီဇင်ဘာ ၁၉ရက်၌ ရဲတပ်ဖွဲ့သတင်းစာရှင်းလင်းပွဲ နှင့် ရဲဇာနည် အမည်ရ Facebook စာမျက်နှာတွင် ကလေးငယ်၏ အချက်အလက်များကို ရဲတပ်ဖွဲ့က လူသိရှင်ကြား ထုတ်ဖော်ခဲ့၍ဖြစ်သည်။

ဗစ်တိုးရီးယားမိသားစုထံမှ တရားဝင်ကိုယ်စားလှယ်လွှဲစာယူသည့် လုပ်ငန်းစဉ်ကို ကနဦးဆောင်ရွက်ရန်ရှိသဖြင့် ဒီဇင်ဘာ ၂၆ ရက်တွင် အမှုဖွင့်လှစ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်ပြောသည်။

ဗစ်တိုးရီးယား၏ဖခင်ကို အနီးကပ်ကူညီပေးနေသည့် ဒေါက်တာဝင်းကိုကိုသိန်း(ခ)သက္ကမိုးညိုကလည်း
“ကလေးအဖေအနေနဲ့ ရင်ဆိုင်ရမှာတွေများတဲ့အတွက် ကိုယ်စားလှယ်လွှဲစာကတော့ ပေးဖြစ်ဖို့များတယ်”ဟုပြောသည်။

သို့သော် ကော်မတီ၏ ဆောင်ရွက်ချက်အားလုံးကို ဗစ်တိုးရီးယားမိသားစု၊ ရှေ့နေဒေါ်ရွက်နုအောင်နှင့် ၎င်းတို့၏ သဘောထားရပ်တည်ချက်များအဖြစ် တစ်ထစ်ချမမှတ်ယူရန် ဒေါက်တာဝင်းကိုကိုသိန်းကပြောသည်။

“ရည်ရွယ်ချက်ခြင်းတူတဲ့အပိုင်းမှာ ကျွန်တော်တို့ ဘယ်တော့မှမငြင်းပယ်ဘူး။ ကျွန်တော်တို့ဖက်ကတော့ ဗစ်တိုးရီးယားကိစ္စမှာ ကလေးအဖေရဲ့ဆုံး ဖြတ်ချက်သာအတည်ဖြစ်တယ်လို့ ခံယူထားပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဉာဏ်လှိုင်လင်း Myanmar Now

Leave a Reply