Advertisements

အကယ်ဒမီညွန့်ဝင်းရဲ့ ဗန်တိုလူလေးကို သတိရမိတယ်။ မကောင်းသူကို ပယ်။ ကောင်းသူကို ကယ်။အများဘက်နေတော့၊ ကြိုက်တာပေါ့။ရုပ်ရှင်ဆိုတာတောင်သတိမထားနိုင်ပါဘူး၊ကိုယ်ပါ လူလေးဖြစ်သွားတယ်။

အခုလည်း လွှတ်တော်မှာ ပြောရဲ၊ဆိုရဲ၊ တင်ပြရဲတာ ကြားရတော့၊ ပြည်သူ့ကိုယ်စား အမတ်တစ်ယောက် ပြောဆိုတာအားရပါတယ်။ လူငယ်လည်းဖြစ်တယ်။ ပြည်သူ့အသံကိုလည်း နားထောင်တယ်။ ပထမဆုံးက ကျောက်မိုင်းတစ်ခုရဲ့ ရှားပါးတန်ဖိုးရှိတဲ့သတ္တုတစ်မျိုးကို တင်ပြတယ်၊

နိုင်ငံခြားသားတွေ ဥပဒေနဲ့မညီဘဲ လာရောက်နေထိုင်လုပ်ကိုင်တာ တင်ပြတာ အတော်လေးသဘောတွေ့ပါတယ်။ ထုံးစံအတိုင်းဝန်ကြီးကလည်း ဝန်ထမ်းတင်ပြတဲ့အတိုင်း  ဖြေသွားပါတယ်။ ရှားပါးတန်ဖိုးရှိတဲ့ သတ္တုတွေ အဟောသိကံ ဖြစ်သွားပြီး အခွန်ရမှုတွေမှာနည်းသွားတာ စဉ်းစားမိပုံမရပါဘူး။ လိုအပ်ရင် ကွင်းဆင်းမယ်၊မှန်ရင် ဘယ်လို အကျိုးရှိအောင်လုပ်မယ်ဆိုတာမျိုးလည်း မကြား၊ မသိရပါဘူး။

Advertisements
data-language="en"

ဝန်ကြီးဌာနတစ်ခုက ဌာန ၂၀ကျော်အနည်းလေးကိုင်နေရတယ်။အဲဒါမျိုးက လူကြီးက အသိနည်းလေ။သူတို့ ဂွင်ကျယ်လေပဲ။ ပြည်သူအတွက်ဆိုတာတွေ ကျဉ်းလာလေပဲ။ဘယ်သူမှလည်း အားလုံး မသိနိုင်ပါဘူး။

ဒီမှာ ဗိုလ်ချုပ်သူရစစ်မောင်ကလုပ်ခဲ့တာလေး သတိရတယ်။ ဘုရားသုံးဆူမှာ သူနဲ့အတူနေဖူးတဲ့ မြို့မှူးအဆင့်ရှိ သူကပြောပါတယ်။ ဒါကတော့ ကျွန်တော်မသိဘူး၊ ခင်ဗျားတို့တင်ပြတဲ့အတိုင်း မလိမ်မညာဘဲလုပ်ပါ။ လိမ်ညာတာ တွေ့ရင်တော့ အထုပ်ပြင်ထားပါလို့၊ မသိတာကို ပွင့်ပွင့်လင်း ပြောသလို၊ မဟုတ်တာလုပ်ရင်လည်း ပြတ်ပြတ် သားသား အရေးယူပါတယ်။

အဲလို နမူနာကောင်းတွေကို အတုယူသင့်ပါတယ်။ဘယ်နေရာမဆိုယူတတ်ရင် ပညာရစရာတွေများပါတယ်။

သူ့လိုပဲ သဘာဝပတ်ဝန်းကျင်ရေးရာဆရာတစ်ယောက်ဆို၊ အမတ်မှာ လုပ်ကိုင်မှုတွေ လေးစားစရာဖြစ်ခဲ့တယ်။ ကျိုက်မရောနယ်မြေခံ ဆရာတော်၊ ဒေသခံတွေ သဘောကျကြပါတယ်။ မျှော်လင့်လည်း မျှော်လင့်ခဲ့ပါတယ်။ အားကိုးခဲ့ပါတယ်။

မကြာခင် အုပ်ချုပ်သူဘက်ပြောင်းသွားပါတယ်။ ကျိုက်မရောသားတွေက ပိုပြီးဝမ်းသာတယ်။ သူတို့အတွက်ပိုလုပ်နိုင်မယ်လို့တွက်ပါတယ်။

မြောက်မြားတဲ့ တာဝန်အလုပ်တွေကြားမှာ မေ့တာ သဘာဝပါပဲ။မျှော်တော့မျှော်နေတယ်လို့ပဲ  ကျိုက်မရောသားတွေက ဆိုနေပါသေးတယ်။

အခုလည်း အတိုက်အခိုက်ကောင်းတယ်။ ဗန်တိုနဲ့နံမည်ကြီးတဲ့သူတစ်ယောက်လည်း အုပ်ချုပ်ရေးဘက်ကို ပြောင်းသွားပြန်တယ်။

သူကလည်း တစ်ခါပြောတာ ပြည်သူ့ဘဏ္ဍာတွေကို စားချင်ရာစားလို့ရတဲ့ ဘူဖေးလို သဘောမထားဖို့ပါပဲ။ အဲဒါတွေက သတင်းသမားတွေကြား ရေပန်းစားခဲ့ပါတယ်။

အရင်ဆရာတွေလိုပဲ အထိုင်ပြောင်းသွားတဲ့အခါ၊အုပ်ချုပ်ရေးဘက်မှာအဖော်ရပြီးအားကောင်းသွားသလို၊ အခုလည်းလွှတ်တော်အတွက်လူငယ်တစ်ယောက်လျော့ခဲ့ပါတယ်ဆိုတာဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ လူငယ်ကိုပဲ မျှော်လင့်ချက် ထားတာမဟုတ်ပါဘူး။ မော်လမြိုင်နဲ့ သထုံ
ဘယ်နေရာ လူငယ်များသလဲ။ ပြန်ကြည့်ရင် လူငယ်များတဲ့နေရာ ပိုပြီးလှုပ်ရှားနိုင်တာကိုတွေ့ရပါတယ်။

သူပြောခဲ့တဲ့ဘူဖေးလေးကို သတိရလိမ့်မယ်ထင်ပါတယ်။ ရသင့်တဲ့ဟာနဲ့ပဲ တာဝန်ကိုကျေဖို့ မျှော်လင့်နေကြပါတယ်။

တစ်ခုရှိတာကသတိရဖို့တောင် အချိန်ပေးနိုင်ပါ့မလား။ အလုပ်တွေကလည်းအများသား။ ဖြေရှင်းရတာကလည်း ထင်တာ ထက်ပိုများ။ ဆရာတွေရဲ့ အော်ဒါတွေကလည်း မျိုးစုံ၊အုပ်စုကလည်း တောင့်တော့ အမှန်တရားက ရောက်လာဖို့ ကမ္ဘာပတ်နေတဲ့အချိန်မှာ အမှားက တံခါးခေါက်
နေပြီ။

ဘာပဲဖြစ်ဖြစ်။ ဗန်တိုလူလေးကို သတိရနေပါတယ်။ ပြည်သူ့အတွက်လူလေးဖြစ်ပါစေလို့။ လွှတ်တော်မှာပြည်သူ့အတွက်ဖိုက်တာလေးတွေကို မေ့စရာအတိတ်မဟုတ်လောက်ပါဘူးလို့တွေးမိရင်း။ မျှော်နေရပါတယ်။ဗန်တိုလူလေးကို။

ရွှေမြိုင်မောင်ပေါက်ကျိုင်း

Leave a Reply