ရန်ကုန်၊ သြဂုတ် ၁ ။ ။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ဗလီများတွင် ခွင့်ပြုချက်မရှိဘဲ တရားဟောပြောခြင်းများ ပြုလုပ်ခဲ့သော ပါကစ္စတန်နိုင်ငံသား သားအဖနှစ်ဦးကို သြဂုတ် ၁ ရက်၊ မွန်းလွဲပိုင်းက ဒဏ်ငွေတစ်သိန်း ပေးဆောင်ရန် အမိန့်ချမှတ်လိုက်ကြောင်း တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

logo-copy

ယင်းနောက်တွင် ၎င်းတို့ နှစ်ဦးကို ဗီဇာစည်းကမ်းဖောက်ဖျက်သည်ဟုဆိုကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ထားကြောင်း တာမွေမြို့နယ် လဝက ရုံးထံမှသိရသည်။

“ လဝက အက်ဥပဒအရ ထောင်ဒဏ်တစ်နှစ် ဒါမှမဟုတ် ဒဏ်ငွေတစ်သိန်း ပေးဆောင်ဖို့ တရားရုံးက အမိန့်ခဲ့ တာ တရားခံနှစ်ယောက်က ဒဏ်ငွေဆောင်သွားတယ်၊ ပြည်နှင်ဒဏ် ပေးတာကိုတော့ လဝက က ဆက်လက် ဆောင်ရွက်မှာပါ။ ” တာမွေမြို့နယ် တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြစ်ဒဏ်ချမှတ် ခံရသူများမှာ အသက် ၆၃ နှစ်အရွယ် AHMAD ZULFIQAR နှင့် ၎င်း၏သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် AHMAD SAIFULLAH တို့နှစ်ဦးဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ၎င်းတို့ကို ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၁၃(၁) အရ တစ်ဦးလျင် ဒဏ်ငွေကျပ်တစ်သိန်းစီ ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တာမွေမြို့နယ် တရားရုံးထံမှ သိရှိရသည်။

ယင်းကိစ္စရပ် နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က “ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ သေချာမသိသေးပါဘူး၊ ဒါပေမယ့် နိုင်ငံခြားသားတစ်ဦးက သူများနိုင်ငံကို လာပြီး ပြစ်မှုကျူးလွန်ရင် တရားရုံးက ပြစ်မှုပုဒ်မနဲ့ ထိုက်သင့်တယ့် ပြစ်ဒဏ် ချမှတ်သလို၊ လဝက ကလည်း ဗီဇာစည်း ကမ်းဖောက်ဖျက်တယ့်အတွက် အမည်ပျက်စာရင်းသွင်းပြီး ပြည်နှင်ဒဏ် ပေးရပါတယ်။ ” ဟု ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဆိုပါ ပြစ်ဒဏ်ချမှတ် ခံရသည့် ပါကစ္စတန်နိုင်ငံသား နှစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်က ထိုင်းနိုင်ငံမှ မြန် မာနိုင်ငံသို့ ရောက်ရှိလာပြီး ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်းစသည့် မြို့နယ်အတွင်းရှိ ဗလီ များတွင် ခွင့်ပြုချက်မရှိဘဲ တရားဟောခြင်းများ ပြုလုပ်ခဲ့သောကြောင့် ၎င်းတို့နှစ်ဦးကို ဇူလိုင် ၃၀ ရက်နေ့က ဖမ်းဆီးပြီး အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း တာမွေမြို့နယ် ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

Leave a Reply