Advertisements

အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်သည့်အနေဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချသွားမည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားတွင် ထည့်သွင်း ပြောဆိုပြီးဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၏ တင်ပြချက်များကို အခြေခံ၍ ပြောင်းလဲသင့်သည်များ ပြောင်းလဲမည်၊ ပြည်သူလူထုနှင့်နီးစပ်သည့် အောက်ခြေမှ စတင်မည်ဟုလည်း သမ္မတက တစ်ပါတည်းထည့်ပြောထားသည်။

ယင်းသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်ရန်အခြေအနေ မရှိသေးသည့်ကြားမှပင် ဖြစ်သည်။ ထူးခြားသည်မှာ အပြောထက် အလုပ်ကရှေ့မှရောက်နေသည့် အခြေအနေပင်။ မိန့်ခွန်း
မပြောမီ ရက်သတ္တ ပတ်နှစ်ပတ်ခန့်ကတည်းက ယင်းနှင့်သက်ဆိုင်သည့် ညွှန်ကြားချက်တစ်ရပ်ထွက်ရှိထားခြင်းကိုဆိုလိုသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ တိုင်း/ပြည်နယ် အစိုးရအဖွဲ့ထံသို့ ဧပြီ ၅ ရက် ရက်စွဲဖြင့် ပညာရေးဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ရေးတင်ဒါခေါ်ယူမှု၊ အရည်အသွေးကြီးကြပ်မှုတို့ကို ကိုယ်တိုင်စီမံခန့်ခွဲခွင့် ပြုလိုက်ပြီဟု အသိပေးလိုက်ခြင်းဖြစ်၏။

နောက်ထပ်တိုးချဲ့ပေးအပ်လာမည့် ကဏ္ဍများအကြောင်း သိနိုင်ရန် နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဟင်္သာကဆက်သွယ်မေးမြန်းသည့်အခါ “အကောင်အထည်ဖော်မယ့်ဟာတွေကို ဝန်ကြီးဌာနအလိုက် လုပ်နေတယ်၊ လောလောဆယ် ဘယ်လိုလဲဆိုတာ ကျွန်တော်တို့ ပြောလို့ မရသေးဘူး၊ သမ္မတကပေါ်လစီပေးလိုက်ပြီ”ဟု ဆိုသည်။

မျှော်လင့်ချက်တွေ

မည်သို့ဆိုစေ မွန်ပြည်နယ်မှ နိုင်ငံရေးလေ့လာသုံးသပ် သူတို့ကမူ သမ္မတပေးသော ကတိအတွင်း အာဏာခွဲဝေမှုအပိုင်းပါ ပါဝင်လာမည်လားဟု စိတ်ဝင်စားနေကြသည်။

မွန်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးက “အခွန်စနစ်နဲ့ ပတ်သက်ပြီးတော့ အောက်ခြေမှာ လုပ်ပိုင်ခွင့် ပိုပေးတဲ့ဟာမျိုး၊ ဒေသဖွံ့ဖြိုးရေးနဲ့ဆိုင်တဲ့ကိစ္စတွေကို အပေါ်ကနေ ကိုင်ထားတာမျိုးမဟုတ်ဘဲနဲ့ အောက်ခြေကို လုပ်ပိုင်ခွင့်ပေးတာမျိုး၊ နောက်တစ်ခုက ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ကိစ္စတွေ ပြည်ထောင်စုကနေပြီးတော့မှ ဆုံးဖြတ်တာမျိုးမဟုတ်ဘဲ အောက်ခြေကနေဆုံးဖြတ်တဲ့ ဟာမျိုးတွေလုပ်စေချင်တယ် လုပ်သင့်တယ်”ဟု သူ၏ ယူဆချက်ကိုပြောသည်။

မွန်ပြည်နယ်မှ နိုင်ငံရေးလေ့လာသုံးသပ်သူ နောက်တစ်ဦးဖြစ်သည့် ကိုကျော်စံဝင်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဇယား(၂) ဥပဒေပြုစာရင်းပါ အခွင့်အရေးများအားလုံး တိုင်း/ပြည်နယ်တို့ လုပ်ပိုင်ခွင့်ရလာပါက တိုးတက်မှု လျင်မြန်လာမည်ဟု သုံးသပ်သည်။

တိုင်း/ပြည်နယ်လွှတ်တော်တို့ကို လက်ရှိ အခြေခံဥပဒေကြီးက မူလကတည်းကပင် ခွင့်ပြုထားပြီးဟုဆိုနိုင်သော ယင်းအခွင့်အရေးများ အပြည့်အဝရရန် မွန်ပြည်နယ်နေ ပြည်သူအချို့ဘာကြောင့်များထည့်သွင်းမျှော်လင့် နေရသည်လဲ။

အခြေခံဥပဒေ ဇယား (၂)ပါ တိုင်း/ပြည်နယ် ဥပဒေပြုခွင့်အာဏာများအဖြစ် ကဏ္ဍအလိုက် သတ်မှတ်ပေးထားချက် အသေးစိတ်ခေါင်းစဉ်ငယ်များအားလုံးကို ရေတွက်ကြည့်ပါက စုစုပေါင်း(၄၂) ခု အထိ ရှိသည်။

ကမ္ဘာ့ဒီမိုကရေစီညွှန်းကိန်း (၂၀၁၇)

သို့သော် မွန်ပြည်နယ်လွှတ်တော်ဝက်ဘ်ဆိုဒ်တွင် လွှင့်တင်ထားသည့်အချက် အလက်များကို လေ့လာကြည့်သောအခါ ရှစ်နှစ်နီးပါးရှိလာချိန်တွင် ဥပဒေ (၂၄)ခုသာ ပြဋ္ဌာန်းထားနိုင်သည်ကိုတွေ့ရသည်။ ယင်းစာရင်း၌ ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်သည့်ဥပဒေအချို့လည်းပါဝင်သည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ဇယား (၂)မှာ ပေးထားတဲ့ ကဏ္ဍတွေကို ပြည်ထောင်စု လွှတ်တော်က ဥပဒေပြုလိုက်တာတွေ ရှိတယ်၊ ဒီတော့ ပြည်နယ်ကပြုလုပ်တဲ့ ဥပဒေတွေက အသက်မဝင်ဘူး ဖြစ်သွားတယ်”ဟု မွန်ပြည်နယ် လွှတ်တော် ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

တိုင်းနှင့် ပြည်နယ်သည် ကိုယ်ပိုင် ဥပဒေပြုခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်တရားစီရင်ခွင့်၊ ကိုယ်ပိုင်အခွန်ကောက်ခံခွင့် ရှိရမည်ဖြစ်သော်လည်း ဇယား (၂) တွင် ပေးထားသည့် လုပ်ပိုင်ခွင့်သည် ပြည်နယ်အတွက် အားနည်းနေကြောင်း ၎င်းင်းက ထောက်ပြပြောဆိုသည်။

ဥပဒေများတွင် ပြည်ထောင်စု လွှတ်တော်က ပြုထားပြီး ဥပဒေများနှင့် ထိပ်တိုက်တွေ့နေမှုများ ရှိနေသောကြောင့် ဥပဒေပိုင်းအရ လက်တွေ့ဆောင်ရွက်ရန် ခက်ခဲနေသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောဆိုထားဖူးသည်။

“ကျွန်တော်တို့ ပြည်နယ်တွေက ဇယား (၂) မှာ ပါတဲ့ ကိစ္စရပ်တွေကို ဥပဒေပြုခွင့်ရတာဖြစ်လို့ ပြည်နယ်အတွက် ဘယ်ဥပဒေတွေပဲ ပြုပြု အခက်အခဲ ရှိနေတယ်”ဟု ၎င်းက ဆိုခြင်းဖြစ်သည်။

ဘဏ္ဍာငွေလည်းတိုးပါစေ

မွန်ပြည်နယ်မှအကြံပြုကြသည့် နောက်ထပ်အခြေအနေတစ်ရပ်မှာ ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စများ ယခုထက်ပို မိုလုပ်ကိုင်ခွင့်ရရေးနှင့် တိုင်း/ပြည်နယ်များ၏ အခွန်ဆိုင်ရာခံစားခွင့်နှုန်းထားများ မြှင့်တင်ရရှိရန် ဖြစ်သည်။

လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး တိုင်းနှင့် ပြည်နယ်၏ ရင်းနှီးမြှုပ်နှံမှု ကော်မတီကို ဒေါ်လာ ငါးသန်းအောက်လုပ်ငန်းတိုင်းကို ကိုယ်တိုင် စီမံပိုင်ခွင့်ပေးထားသည်။

ထိုသို့ လုပ်ပိုင်ခွင့် ပေးထားသော်လည်း ဒေါ်လာ ငါးသန်းအောက် လုပ်ငန်းသည် စစ်တမ်းတစ်ခု ကောက်ရုံဖြင့်ကုန်သွားနိုင်သည့်အတွက် ယခုထက်ပိုသော နှုန်းကို သတ်မှတ်ပေးရန် လိုပြီးဥပဒေကိုလည်း ပြင်ဆင်သင့်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။

“လျှော့ချသင့်တာက ရင်းနှီးမြှုပ်နှံမှုအတွက် ပြည်ထောင်စုကို ပေးထားတဲ့ဟာတွေကို ပြည်နယ်ကို ပေးဖို့လိုတယ်၊ ဒေါ်လာငါးသန်း မဟုတ်ဘဲ သန်း ၁၀၀၀ လောက် ပြည်နယ်ကို မြှင့်ပေးလိုက်မယ်ဆိုရင် ပြည်နယ်က လုပ်ပိုင်ခွင့် ပိုတက်လာမယ်၊ အဲဒါမှလည်း ပြည်နယ်တွေက ကုမ္ပဏီတွေကို ထိန်းချုပ်နိုင်မယ်” ဟုဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်သို့ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများစုသည် ပြည်ထောင်စုအဆင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်နှင့်ဖြစ်၍ ပြည်နယ်အဆင့်မည်သည့် ဌာနကိုမှ ဂရုမစိုက်သည့် အနေအထားများရှိနေကြောင်း မွန်ပြည်နယ် လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီ ဥက္ကဋ္ဌဦးအောင်ကျော်သူက ဆိုသည်။

ထို့ပြင်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများ၏ အခွန်ငွေမှာလည်း ပြည်ထောင်စုတွင်သာ ထမ်းဆောင်နေရသဖြင့် ပြည်နယ်အတွက် အကျိုးမရှိကြောင်း၊ ထို့အတွက် အခွန်ထမ်းဆောင်မှုကို ဝင်ငွေခွန်၊ အမြတ်ခွန် အပါအဝင် အခွန်အရပ်ရပ်အတွက် ပြည်နယ်၃၀ ရာခိုင်နှုန်း၊ ပြည်ထောင်စု ၇၀ ရာခိုင်နှုန်းအထိ တိုးပေးရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။

 

 

အန္တရာယ်

ယင်းသို့ ဗဟိုချုပ်ကိုင်ခြင်း လျှော့ချမှုမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရပြီး ၂၀၁၆ ကတည်းက ပြုလုပ်ရန်ကြိုးပမ်းဖူးသော်လည်း မအောင်မြင်ခဲ့သည့် အခြေအနေမှာမူ ယနေ့တွင်သတိချပ်စရာအဖြစ်ရှိသည်။

ထိုစဉ်က သမ္မတအဖြစ်တာဝန်ယူထားသည့် ဦးထင်ကျော်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ခွင့်ရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအောက် ဌာနများကို တိုင်း/ပြည်နယ် အစိုးရတို့တိုက်ရိုက်ကွပ်ကဲရန် ညွှန်ကြားချက် ထုတ်ခဲ့သော်လည်း လက်တွေ့တွင်ဖြစ်မလာခဲ့။

ယင်းတို့တွင် မီးသတ်ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့အပြင် ပြည်သူကို စီမံအုပ်ချုပ်ရာတွင်အဓိကယန္တရားဖြစ်သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနလည်းပါ၀င်သည်။ မည်သည့်အကြောင်းဖြင့် ပျက်ပြယ်သည်ပင် မသိရသည့်အခြေအနေ၌ နိတ္ထိတံသွားသည်။

သို့သော် သမ္မတဦးဝင်းမြင့်က နည်းလမ်းသစ်ဖြင့် သူ၏သက်တမ်းအစ၌ပင် ယခုကဲ့သို့ လှမ်းပြလာခြင်းဖြစ်သည်။ သို့သော် မအောင်မြင်ဖူးသည့်ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်ရန် ရှိမရှိမှာမူ မသေချာသေး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရွေးချယ်ပေးထားသောစစ်ဘက်အရာရှိကြီးတစ်ဦး ဦးဆောင်သည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများနှင့်ပတ်သက်၍ ဆိုလိုခြင်းဖြစ်သည်။

“ဌာနဆိုင်ရာတွေကို ရွှေ့ပြောင်းလို့ရတယ်၊ ဘယ်ဌာနကိုဘယ်ဌာန အောက်ထည့်လိုက်တယ်၊ ဒီဟာက အခြေခံ ဥပဒေနဲ့ညီမလား မညီဘူးလားဆိုတာရှိတယ်၊ ဒါပေမဲ့ မိခင်ဌာနက သဘောတူရင် ဖြစ်တယ်”ဟု မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ဆိုသည်။

လက်ရှိအခြေခံဥပဒေအရမူ ကာကွယ်ရေးနှင့် လုံခြုံရေး၊ နိုင်ငံခြားရေး၊ တရားစီရင်ရေးစသော ကဏ္ဍတိုမှလွဲ၍ တိုင်း/ ပြည်နယ်တို့သည် ဘဏ္ဍာရေးနှင့် စီမံကိန်၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ်တော၊ စက်မှုလက်မှု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေးစသော ကဏ္ဍရှစ်ခုအောက်မှ လုပ်ငန်းနယ်ပယ် (၄၂)ခုကိုသာ လုပ်ပိုင်ခွင့်ရသည့် အနေအထားဖြစ်သည်။

ယင်းသို့အခြေအနေများနှင့်စပ်လျဉ်း၍ဖြေရှင်းရန်နည်းလမ်းများကို ဒေါက်တာ မင်းကြည်ဝင်းက ယခုလိုစဉ်းစားထားသည်။

သူက တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည်များကိုသာ ပြည်ထောင်စုအစိုးရက တာဝန်ယူပြီး ကြွင်းကျန် အာဏာ အားလုံးကိုတိုင်း/ပြည်နယ်တို့သို့ လွှဲပေးစေချင်သူဖြစ်သည်။

“တချို့ ကျတော့ ပြည်ထောင်စုအစိုးရလည်း မဆုံးဖြတ်သင့်ဘူး ပြည်နယ်တစ်ခုလည်း မဆုံးဖြတ်သင့်ဘူး ပူးပေါင်းကိုင် တွယ်တဲ့ အာဏာတစ်ခုပြန်ဖွဲ့ရမယ်”ဟုလည်း ၎င်းင်းက အကြံပြုသည်။

Written by ထိုက်ထိုက်၊ ဂေထော

Leave a Reply