အနုပညာလောကထဲကိုလေးနှစ်သားကတည်းကစတင်ခဲ့တယ်၊ ဇာတ်အနေနဲ့တော့ ၁၇ နှစ်ရှိပြီးဆိုတဲ့ ကိုဖိုးချစ်ကလက်ရှိပြည်သူပရိသတ်တွေကို “ငါသည်အောင်ဆန်း” ပြဇာတ်နဲ့ ဖျော်ဖြေခဲ့ပြီးရင် မကြာခင် “ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည်”ဆိုတဲ့ စင်တင်ပြဇာတ်ကြီးကိုထပ်မံတင်ဆက်သွားမည်ဖြစ်သည်။phoe-chit

ဟင်္သာမီဒီယာ။ ။ အစ်ကိုလက်ရှိမွန်ပြည်နယ်၊ မော်လမြိုင်ကိုရောက်ရှိလာတာဘာတွေလုပ်ဖို့လဲ။ ဘာတွေကိုရောလုပ်ပြီးပြီလဲ။
ဖိုးချစ်။ ။ ကျွန်တော် “ငါသည်အောင်ဆန်း” ပြဇာတ် လာကပါတယ်၊ ချစ်ကြည်ရေးအနေနဲ့ မော်လမြိုင်မှာရှိတဲ့ OLD STAR ဘောလုံးအသင်းနဲ့ ဘောလုံးကန်ပါတယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကိုတို့ဇာတ်အဖွဲ့က မော်လမြိုင်မှာကပြီးရင် ဘယ်မြို့တွေ၊ ဘယ်ပြည်နယ်တွေမှာဆက်ကဖို့ အစီအစဉ်တွေလုပ်ထားလဲ။
ဖိုးချစ်။ ။ ဒါပြီးရင် သံဖြူဇရပ်၊ ပြီးရင် ကျိုက်ထို ၊ ဘားအံမြို့နယ်တွေမှာသွားကဦးမှာပါ။

ဟင်္သာမီဒီယာ။ ။ အစ်ကိုကအနုပညာလောကကိုဘယ်ခုနှစ်လောက်ကစတင်ပြီးလုပ်ခဲ့ပါသလဲ။
ဖိုးချစ်။ ။ ဇာတ်အနေနဲ့ ပြောရင်တော့ ၁၇ နှစ်ရှိပြီးအနုပညာအနေနဲ့ ပြောရင်တော့ လေးနှစ်သားထဲကစတင်ခဲ့တာပါ ဇာတ်သဘင်ကို ၂၀ဝ၀ခုနှစ်၊ ၂၀ဝ၁ခုနှစ်ထဲကစတင်ခဲ့တာပါ။

ဟင်္သာမီဒီယာ။ ။ အစ်ကိုကအခုလက်ရှိကပြနေတဲ့ “ငါသည်အောင်ဆန်း” ပြဇာတ်ကိုဘာဖြစ်လို့ ကဖြစ်ခဲ့တာလဲ၊ ဘယ်လိုရည်ရွယ်ချက်တွေ ရှိလို့လဲဆိုတာပြောပြပေးပါလား။
ဖိုးချစ်။ ။ ဗိုလ်ချုပ်အကြောင်းကိုသိစေချင်တယ်၊ သူကတစ်ကယ့်ကို ရိုးသားပါတယ်၊ အရမ်းတော်တဲ့ဗိုလ်ချုပ်၊အဲ့လိုတော်တဲ့ဗိုလ်ချုပ်ကိုဘာကြောင့်လေးစားရတာလဲ၊ဗိုလ်ချုပ်ကိုအားကျတဲ့ လူငယ်လေးတစ်ယောက် အနေနဲ့သရုပ်ဆောင်ထားတယ၊် အဓိကကတော့ ဗိုလ်ချုပ်ကိုချစ်နေရုံနဲ့မပြီးဘဲနဲ့ ဗိုလ်ချုပ်ကိုတစ်ကယ်ချစ်ရင် သူဖြစ်စေချင်တဲ့ တိုင်းပြည်မျိုးဖြစ်အောင် လူငယ်တွေ ကြိုးစားဖို့လိုတယ်ဆိုတာကိုအသိပေးစေချင်တာပါ။

ဟင်္သာမီဒီယာ။ ။ အစ်ကိုအနေနဲ့ ပြဇာတ်ပြကွက် တင်ဆက်မှုတွေနဲ့ ပတ်သက်ပြီးဘယ်လိုပြဇာတ်မျိုးတွေကိုလုပ်သွားဖို့ရှိသေးလဲ။
ဖိုးချစ်။ ။ ကျွန်တော်မကြာခင်မှာ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်”ဆိုတဲ့ စင်တင်ပြဇာတ်ကြီးတင်ပါမယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကိုရဲ့ဇာတ်မှာလူဦးရေဘယ်လောက်ရှိလဲ၊ ဘယ်လိုဒေသတွေမှာဖျော်ဖြေမှုတွေ သွားရောက်ရတာများလဲ။
ဖိုးချစ်။ ။ မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ ဇာတ်အလှသဘင်မှာအနုပညာရှင်နဲ့ အလုပ်သမား ၁၃၁ ဦးရှိပါတယ်၊ ဒီနှစ်ထဲမှာတော့ ပြဇာတ်လိုက်ကပြရတာနေရာအတော် များများပါပဲ။

ဟင်္သာမီဒီယာ။ ။ မွန်ပြည်နယ်ကဇာတ်သဘင်အစည်းအရုံးနှင့် ဇာတ်တည်ထောင်သူတွေနဲ့ရောတွေ့ဖို့အစီအစဉ်ရှိလား၊ ဇာတ်တည်ထောင်သူကသူတို့ရဲ့အခက်ခဲတွေကိုတင်ပြချင်တာတွေရှိနေကြတယ်၊ သူတို့အနေနဲ့ကဗဟိုဇာတ်သဘင်ကလူကြီးတွေနဲ့တွေ့ရဖို့ဆိုတာမလွယ်ကူဘူးလို့ ပြောနေကြတယ်၊ အစ်ကိုအနေနဲ့ သူတို့ကိုဘာပြောချင်လဲ။
ဖိုးချစ်။ ။ မွန်ပြည်နယ်ကသဘင်အဖွဲ့နဲ့ ကျွန်တော်ထပ်တွေ့ဖို့ ရှိပါတယ်၊ တွေ့ပြီးတော့ဆွေးနွေးစရာရှိတာလေးတွေ ဆွေးနွေးမယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကိုအနေနဲ့ရုပ်ရှင်ဇာတ်ကားတွေရောထပ်ရိုက်ဖို့ အစီစဉ်ရှိမရှိကိုပြောပြပေးလို့ရမလား။
ဖိုးချစ်။ ။ ရပါတယ်၊ လက်ရှိလည်း ရုပ်ရှင်ဇာတ်ကားရိုက်ထားပါတယ်၊ ကျွန်တော် ရုပ်ရှင်တစ်ကားတော့ ရုံတင်ထားတယ်၊နောက်လထဲမှာရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ရှိပါတယ်၊ “နောင်တွင် အလွမ်းတွင်စေသတည်း”ရုပ်ရှင်ဇာတ်ကားကိုထပ်ထွက်ဖို့ရှိပါတယ်။ အခုထပ်ပြီးထွက်တာက “လော်မင်္ဂလာ” ဆိုတဲ့ကားထပ်ထွက်တယ် DVD အဖြစ်နဲ့ ထပ်ထွက်တာရုပ်ရှင်ကားကြီးကတော့ ရုံတင်ပြီးပြီး၊ အခုထပ်တင်ဖို့ရှိတာကတော့ “သူရာဘီလူးရှင်” ဆိုတဲ့ဇာတ်ကားကြီးတင်ဖို့ရှိပါတယ်။

ဟင်္သာမီဒီယာ။ ။ အစ်ကိုအနေနဲ့ ဘဝလက်တွဲဖော်အိမ်ထောင်ဖက် ရွေးချယ်ထားတာရှိပြီးလား၊ ဘယ်တော့လောက် အိမ်ထောင်ပြုဖို့ အစီစဉ်ရှိလဲ။
ဖိုးချစ်။ ။ ကျွန်တော် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အင်တာဗျူးမှာပြောဖို့၊ ပြောတဲ့သူတွေရှိလည်းရှိပါတယ်၊ ကျွန်တော်ကအိမ်ထောင်ပြုမယ်ဆိုရင် တရားဝင်အသိပေးပြီးတော့မှ လုပ်ရမယ့်ကိစ္စတွေပါ၊ ဒီအချိန်မှာတော့ မပြောလိုသေးပါဘူး။

ဟင်္သာမီဒီယာ။ ။ အစ်ကိုအနေနဲ့ အစ်ကိုကိုအားပေးနေတဲ့ မွန်ပြည်နယ်ကပရိသတ်တွေရယ်၊တစ်နိုင်ငံလုံးမှာရှိနေတဲ့ပရိသတ်တွေကိုဘာစကားလက်ဆောင်ပေးချင် ပြောချင်တာရှိလဲ။
ဖိုးချစ်။ ။ ကျွန်တော်ကိုအားပေးလာခဲ့တဲ့ ပရိသတ်တွေရောလက်ရှိအချိန်ထိအားပေးနေတဲ့ပရိသတ်တွေအားလုံးကိုလေးစားပါတယ်၊ ကျေးဇူးလည်းအထူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံဗဟိုဇာတ်သဘင် အစည်းအရုံးဥက္ကဋ္ဌအနေနဲ့လည်းမွန်ပြည်နယ်ကသဘင်အဖွဲ့အစည်းတွေနဲ့ ထပ်တွေ့ဖို့ ရှိပါတယ်။

Written by – ခေတ်မင်း

Leave a Reply