မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၃ ။ ။ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ကျရောက်သော မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ၁၀၁ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် မော်လမြိုင်မြို့တွင် ဗိုလ်ချုပ်အောင်းဆန်းနှင့်ပတ်သက်သော ရှားပါးဓါတ်ပုံပြပွဲ၊ ကဗျာ နှင့် ကာတွန်းပြပွဲ၊ ပဲဲပြုတ်နှင့် နံပြားများ အခမဲ့ ပေးဝေလှူဒါန်းခြင်း စသည့် အခမ်းအနားများ ကျင်းပခဲ့ကြောင်း မြို့ခံများထံမှသိရှိရသည်။

မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် သီတာလမ်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးသမိုင်းဝင်ဓါတ်ပုံများ ပြသထားပြီး အမှတ်တရ အဖြစ် ပဲပြုတ်နှင့် နံပြား၊ ကော်ဖီတို့ကို ကျွေးမွေးလှူဒါန်းခဲ့ကြောင်း ၎င်းရပ်ကွက်တွင် နေထိုင်သူ ကိုကျော်လွင်ထွန်း ကပြောသည်။

bo-joke-copy“ဒီလိုလုပ်ပေးတာ ကောင်းပါတယ်၊ ခုခေတ်ကလေးတွေ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို ပိုပြီး သိသွား တာပေါ့၊ ကို်ယ့်နိုင်ငံရဲ့ သူရဲကောင်းအာဇာနည်ဟာ ဒီလိုနေ့မျိုးမှာ မွေးဖွားခဲ့တယ်ဆိုတာ သိစေချင်တယ်၊ အရင် စစ်အစိုးရလက်ထက်က ဒီလိုလုပ်လို့မရဘူးလေ”ဟု ၎င်းက ပြောဆိုသည်။

မော်လမြိုင်တက္ကသိုလ်ကျောင်းရှေ့တွင်လည်း တက္ကသိုလ်ကျောင်းသားများ စုပေါင်းကာ လမ်းသွားလမ်းလာ ပြည်သူများကို ပဲပြုတ်နှင့် နံပြားအချပ် တစ်ထောင်ကို ပေးကမ်းလှူဒါန်းခဲ့ကြောင်း ဒုတိယနှစ် ရုက္ခဗေဒ ကျောင်းသား ကိုတင့်ထူးရှိန်က ပြောသည်။

“ခုခေတ် လူငယ်တွေအများစုက ဒီလမှာဆို ချစ်သူများနေ့ကိုပဲ သိကြတာများတယ်လို့ လူကြီးတွေထင်နေတယ်။ ကျွန်တော်တို့ လူငယ်တွေ ဗိုလ်ချုပ်မွေးနေ့ကို မသိကြဘူးလို့ထင်နေကြတယ်၊ ကျွန်တော်တို့ လူငယ်တွေလည်း ဗိုလ်ချုပ်မွေးနေ့ကို မမေ့ဘူးဆိုတာ သက်သေပြချင်တာရယ်၊ ကျွန်တော်တို့ ကိုယ်တိုင်ကရော တကယ်လုပ်ချင် တဲ့ စိတ်နဲ့ ခုလို ပြုလုပ်ရခြင်း ဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောဆိုသည်။

မော်လမြိုင်တက္ကသိုလ်အနီး ကဗျာကဖေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြု ကာတွန်း၊ ပန်းချီနှင့် ကဗျာများကို ချိတ်ဆွဲပြသထားပြီး လာရောက်စားသုံးသူများကို ပဲပြုတ်၊ နံပြားနှင့် ကော်ဖီတို့ကို အခမဲ့ တိုက်ကျွေးခဲ့ကြောင်း အဆိုပါ ဆိုင်မှ ကိုဝေမိုးအိမ်က ပြောသည်။

“ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ်ကို ကျွန်တော့်ဆိုင်မှာလုပ်တာ ခုဆို ငါးနှစ်ပြည့်ပြီ၊ နောင်နှစ်တွေလည်း ဆက်လုပ်သွားမှာပါ၊ ကျောင်းသားလူငယ်တွေ ဗိုလ်ချုပ်ရဲ့ ကျေးဇူးတွေကို သိစေချင်တယ်၊ သူတို့တွေ စိတ်မဝင်စားသည့်တိုင်အောင် ဆိုင်ကိုလာတဲ့ ကလေးတွေ ဒါတွေကိုမြင်တွေ့သွားပြီး အမှတ်ရသွားစေလိုတဲ့ ဆန္ဒနဲ့ လုပ်ခဲ့တာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အလားတူ မော်လမြိုင်မြို့ နေရာအနှံ့အပြားတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အား ဂုဏ်ပြုသောအားဖြင့် မုန့်ဟင်းခါး စတုဒီသာများ နှင့််၊ပဲပြုတ်နှင့် နံပြားများ အခမဲ့ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

Leave a Reply