မော်လမြိုင်၊ မတ် ၁၉ ။ ။ မော်လမြိုင်-ချောင်းဆုံ ချိတ်ဆက်တည်ဆောက်ထားသည့် တံတားကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည် နာမနှင့်သာ ဆုံးဖြတ်အတည်ပြုသွားမည်ဆိုပါက မွန်တိုင်းရင်းသားတို့၏ ဆန္ဒသဘောထား ဖြစ်ချင်သည့် နာမည်ကို ဆုံးခန်းတိုင်သည့်အထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ နိုင်မွန်ရာဇာက ပြောကြားသည်။

“ဗိုလ်ချုပ်အောင်ဆန်း တံတားအမည်နဲ့ပဲ ဆုံးဖြတ်အတည်ပြုပြီးတော့ အကောင်အထည်ဖော်တော့မယ်ဆိုရင် တိုင်းရင်းသားတို့ရဲ့ ဆန္ဒသဘောထား ဖြစ်ချင်တဲ့နာမည်ကို ဆုံးခန်းတိုင်တဲ့အထိ ဆက်လက်ချီတက် အကောင် အထည်ဖော်သွားမယ်”၎င်းက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်အား ရုပ်သိမ်းပြီး ဒေသခံ တိုင်းရင်းသားပြည်သူများ လိုလားသည့် တံတား အမည်တစ်ရပ်ကို ပေးအပ်ရန်နှင့် မွန်ပြည်နယ် ဒေသအတွင်းရှိ ကိစ္စရပ်များကို မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ် လွှတ်တော်တို့မှ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဆုံးဖြတ်ပိုင်ခွင့်အာဏာ ပိုမိုပေးအပ်ရန် အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိသည်။

ထို့ပြင် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ကြိုးပမ်းနေသည့် ကာလတွင် လူမျိုးတစ်မျိုးအတွင်း၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား အထင်အမြင်လွဲစေသည့် မည်သည့် ကိစ္စရပ်များကိုမျှ ပြည်ထောင်စုအစိုးရနှင့် လွှတ်တော်အသီးအသီးတို့မှ ဆောင်ရွက်ခြင်းမပြုရန် အလေအနက် တောင်းဆိုကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဒီတံတားနာမည်ကိုသာ အတည်ပြုသွားရင်တော့ တိုင်းရင်းသားတွေက ဆက်လက်ဆန္ဒပြသွားဖို့ပဲရှိတယ်။ နောက်ထပ် ဆန္ဒပြရင်လည်း ကျွန်တော်တို့ ဆက်လက်ပူးပေါင်းဆန္ဒပြပေးသွားမယ်”ဟု သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးစောစံတင်က ပြောကြားသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေးကို ရှေးရှုပြီး တိုင်းရင်းသားတို့၏ သဘောထား ဆန္ဒများကို လေစားအသိအမှတ်ပြုပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့က မွန်တိုင်းရင်းသားတွေရဲ့ ခံစားချက်နဲ့ ထပ်တူကျလို့ လာရောက်ပူးပေါင်းတယ်၊ ကျွန်တော်တို့ သဘောဆန္ဒအရဆို သံလွင်တံတား (ချောင်းဆုံ) ဆို ရပါပြီး”ဟု ဆန္ဒထုတ်ဖော်ပွဲတွင် လာရောက်ပူးပေါင်းသည့် သထုံမြို့နယ် ပအိုဝ်းတိုင်းရင်းသား သိန်းထွန်းက ပြောကြားသည်။

ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက မတ် ၁၄ ရက်က ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးသတ်မှတ်ရန် တင်ပြထားသောအဆိုကို မဲခွဲဆုံးဖြတ်အတည်ပြုလိုက်ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားပြည်သူများက လက်မခံနိုင်၍ ဆန္ဒပြရခြင်းဖြစ်ကြောင်း သံလွင်တံတား (ချောင်းဆုံ) အမည်ပြောင်းလဲခြင်းဆိုင်ရာ အမျိုးသားအသွင် ဆန္ဒထုတ်ဖော်ရေး ကော်မတီထံမှ သိရသည်။

သံလွင်တံတား (ချောင်းဆုံ) ကို “ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးရန် ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့တာကို ကန့်ကွက်သောအားဖြင့် မတ်လ ၁၉ ရက် မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Written by – ရွှေရိုး

Leave a Reply