မော်လမြိုင်၊ မေ

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံးမြို့နယ် (ဘီလူးကျွန်) သို့ ဆက်သွယ်ထားသော တံတားကို ဗိုလ်ချုပ်အောင်ဆန်းအား သတိရ၊ ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်အောင်ဆန်း (ဘီလူးကျွန်း) တံတားဟု အမည်ပေးခြင်းမှာ သင့်လျှော်မွန်မြတ်လှကြောင်း မေ ၉ ရက်က ပြုလုပ်သည့် ယင်းတံတားဖွင့်ပွဲ အခမ်းအနား၌ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုခဲ့သည်။

“ပြည်ထောင်စုစိတ်ဓာတ် ပင်လုံစိတ်ဓာတ်ကို စတင်မွေးမြူပေးခဲ့တဲ့ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး၊ လွပ်လတ်ရေးဗိသုကာကြီး၊ တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို သတိတရ ဂုဏ်ပြုသော်အားဖြင့် အမည်ပေးခြင်းဟာလည်း သင့်လျှော်မွန်မြတ်လှပပါတယ်”ဟု ၎င်းက အဆိုပါအခမ်းအနားတွင် ပြောဆိုခဲ့သည်။

ကမ္ဘာနိုင်ငံများတွင်လည်း မိမိနိုင်ငံအတွက် ကိုယ်ကျိုးမဖက် အနစ်နာခံပြီး အသက်ကို ပဓာနမထားဘဲ တိုင်ပြည်နဲ့ လူမျိုးအတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့သော သူရဲခေါင်းများ နိုင်ငံခေါင်းဆောင်များအား မှတ်တမ်းတင် ကဗျည်းထိုး ဂုဏ်ပြုခြင်းကို တွေ့မြင်ရမှာဖြစ်ကြောင်းနှင့် အိမ်နီးချင်း နိုင်ငံတစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံတွင်လည်း မျိုးချစ်ခေါင်းဆောင်ကြီး မဟန္တမဂန္နီ ရဲ့အမည်ကို ဂုဏ်ပြုပြီး တံတားအမည်ပေးမှုများ ရှိကြောင်း ၎င်းက အဆိုပါအခမ်းအနားတွင် ပြောဆိုခဲ့သည်။

အဆိုပါတံတားအမည်ပေးခြင်းမှာ တိုင်းရင်းသားများအားလုံး အာသာဆန္ဒပြင်းပြနေသော ဖယ်ဒရယ် ပြည်ထောင်စုအရေး ဒီမိုကရေစီအရေးများ မမေ့မလျော့စေရန် တိုင်းရင်းသားများအရေးကို ဦးစားပေး ရည်ရွယ်ရေး တစ်ခုဖြစ်တယ်လို့ နားလည်ပေးစေလိုကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် နိုင်ငံတော်ရဲ့အနာဂတ်အရေးကို မျှော်တွေးကာ အဆိုတင်ခြင်း ထောက်ခံခြင်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကျသော ကိုယ်စားလှယ်များကိုလည်း ချီးကျူးဂုဏ်ယူကြောင်း ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။

ဒါ့အပြင် နောက်နောင်တွင် ပြည်သူများ အသုံးပြုနိုင်ရေးအတွက် တံတားအမည်များကို တည်ဆောက်မည့် မြစ်နှင့် ဒေသများကို အခြေခံ၍ လည်းကောင်း၊ အခြေအနေ အချိန်အခါနှင့် ထူးခြားသော ဝိသေသများရှိပါက နိုင်ငံတော်ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းများကို လိုအပ်သလို ဂုဏ်ပြု ကဗျည်းထိုးပေးသင့်ပါကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း (ဘီလူးကျွန်း) တံတားဖွင့်ပွဲသို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပဲခူးတိုင်ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်မှ ဝန်ကြီးချုပ်များ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ တိုင်းမှူးနှင့် ပြင်ပအဖွဲ့အစည်း အသီးသီးပုဂ္ဂိုလ်မှ ကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများ တတ်ရောက်ခဲ့ကြသည်။

မော်လမြိုင်မြို့ မုပွန်ရပ်ကွက်နှင့် ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာတို့ကို ဆက်သွယ် ဆောက်လုပ်ထားသော ဗိုလ်ချုပ်အောင်ဆန်း (ဘီလူးကျွန်း) တံတားအရှည်မှာ ၅၂၀၃ ပေရှည်လျားပြီး နှစ်လမ်းသွားဖြစ်ကာ ကားလမ်းအကျယ် ၂၈ ပေနှင့် လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ သုံးလက်မ ပါရှိပြီး ယင်းတံတားစီမံကိန်းကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

written byဟိန်းထက်

Leave a Reply