လသား ကလေးအရွယ်မှ စ၍ နှစ်နှစ်သားအရွယ်ထိရှိသော ရင်ခွင်ပိုက်အရွယ် ကလေးငယ်များကို အခန်းကျဉ်းတစ်ခုထဲတွင် အသက်၁၅ နှစ်အရွယ်မိန်းကလေးငယ် တစ်ဦးက ထိန်းကျောင်းပေးနေသည်။

မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်က မေတ္တာဆုံဆည်းအမည်ရှိ အရပ်ဘက်အဖွဲ့အစည်း ကလေးပြုစုရေးဌာနတွင် ထို ၁၅ နှစ်အရွယ် မိန်းကလေးငယ်က ကလေးငယ် ၁၆ ဦးကိုပြုစုစောင့်ရှောက်ပေးနေသည်။

မေတ္တာဆုံဆည်းအဖွဲ့၏ “မိခင်ဝိုင်း”အမည်ဖြင့် ဖွင့်လှစ်ထားသော ရင်ခွင့်မဲ့ကလေးငယ် ၁၆ ဦးကိုပြုစုစောင့်ရှောက်ပေးသော ဆရာမအဖြစ်လုပ်ကိုင်နေသည့် မစံပယ်အေး (အမည်လွှဲ)သည် လောက ခရောင်းလမ်း ခရီးရှည်ကြီးကိုဖြတ်သန်းခဲ့ရသည်။

သူမသည် အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူဘဝတွင် မမျှော်လင့်သော ကြမ္မာဆိုးများက သူမထံဝင်ရောက်လာလေသည်။ အသက်၁၄ နှစ်အရွယ်တွင် ကိုယ်ဝန်ဆောင်ခဲ့ရပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုရမည့်နှစ်တွင် သားသည်အမေ လုံးလုံးဖြစ်ခဲ့ရသည်။

ထိုရင်ခွင့်မဲ့ကလေးငယ် ၁၆ ဦးကို စောင့်ရှောက်ပေးနေချိန်တွင် တစ်နှစ်သားအရွယ် သူမ၏ကလေးငယ်ကား သူမ အနားတွင် ရှိမနေပေ။သို့သော် သူမ၏ မျက်နှာတွင်အားငယ်စိတ်ပျက်နေခြင်း အလျဉ်းမရှိ၊ မည်သည့် ကံအကြောင်း တရားမျိုးမဆို သူရင်ဆိုင်လိုသည့်နှယ် ..

မည်ကဲ့သို့သော ကံကြမ္မာမျိုးက လန်းဆန်းတက်ကြွနေသော အရွယ်၊ အညွန့်တလူလူဖြင့် ဖူးပွင့်တော့မည့် မစံပယ်အေး (အမည်လွှဲ) ၏တက္ကသိုလ်ဝင်တန်းကျောင်းသူ ဘဝကို အနှောင့်အယှက်ပေးခဲ့လေသနည်း။

မစံပယ်အေး (အမည်လွှဲ) အသက် ၁၂နီးပါးအရွယ်တွင် သူမ၏ မိခင်ဖြစ်သူ နောက်အိမ်ထောင်ထူထောင်ခဲ့ပြီး အဖွားဖြစ်သူ၏ နေအိမ်တွင် မစံပယ်အေးကို သွားရောက်အပ်နှံခဲ့သည်။

အဖွားနေအိမ်တွင် လွတ်လပ်ပျော်ရွှွင်စွာပညာသင်ကြားခွင့် ရခဲ့သော်လည်း သူမဘဝတွင်တွေးပင် တွေးတောဖူးမည်မဟုတ်သည့် ကံကြမ္မာမျိုး အသက် ၁၄ နှစ်အရွယ်တွင် ကြုံတွေ့ခဲ့ရလေတော့သည်။

ယင်းကံကြမ္မာ၏ အမည်မှာ မြန်မာနိုင်ငံတွင် ယခုနောက်ပိုင်း ပိုမိုကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်ပေါ်လာခဲ့သည့် သက်ငယ်မုဒိမ်းဆိုသည့် အန္တရာယ် စက်ကွင်းထဲသို့ သူမကျရာက်ခဲ့ရလေသည်။

ဖွားအေ၏ နေအိမ်တွင် နေထိုင်နေစဉ် သူမဦးလေး အရင်းဖြစ်သူက ကိုးတန်းကျောင်းသူမစံပယ်အေးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ အဓမ္မပြုကျင့်ခံရမှုကြောင့် သူမတွင် ကိုယ်ဝန်လွယ်ထားခဲ့ရသည်။ သို့သော် သူမ ၏ ကံကြမ္မာ ရဟတ်သည်ကား မရပ်တန့်သေး။

ဦးလေးတော်စပ်သူ၏ အဓမ္မပြုကျင့်မှုကိုဖုံးကွယ်ရန်အတွက် အဖွားဖြစ်သူကိုယ်တိုင်ကြိုးပမ်းမှုကို သူမ ထပ်မံကြုံဆုံခဲ့ရပြန်သည်။

ထိုအမှုကို ဖုံးကွယ်ရန်အတွက် မစံပယ်အေး၏ အဖွားတော်စပ်သူကိုယ်တိုင် နေအိမ်တစ်အိမ်ကျော်က လူငယ်အမျိုး သား တစ်ဦးနှင့်သမီးရည်စားဖြစ်အောင် နည်းလမ်းမျိုးစုံသုံး၍ဖန်တီးကာ အတင်းအဓမ္မ လက်ထပ်စေခဲ့ပြန်သည်။

ဦးလေးတော်စပ်သူ အဓမ္မပြုကျင့်မှုကြောင့်ရခဲ့သည့် ကိုယ်ဝန်မှာ တဖြည်းဖြည်းရင့်မာလာသည့်အချိန်တွင် ဘေးပတ်ဝန်းကျင်၏ ဝေဖန်ပြောစကားများကြောင့် သူမကိုတရားဝင် လက်ထပ်ယူသည့် လူငယ်မှာ သူနှင့်ရခဲ့သည့် ကိုယ်ဝန်မဟုတ်ဟုဆိုကာအလုပ်သွားရောက်လုပ်ကို်င်ရန်
အကြောင်းပြချက်ဖြင့် မြဝတီမြို့သို့ ရှောင်တိမ်းသွားလေတော့သည်။

“ကလေးမွေးခါနီးမှ ဦးလေးနဲ့ရတဲ့ ကိုယ်ဝန်မှန်း ရပ်ကွက်ကသူတွေဆီက သူ့သိသွားတော့နင့်ဦးလေးနဲ့ ရတဲ့ကိုယ်ဝန်ဆိုတာ ဘာလို့မပြောလဲ။ အဲဒီကစပြီတော့ ကလေးကို သူမယူနိုင်ဘူး။သူ့သွေးမဟုတ်တဲ့အတွက် မယူနိုင်ဘူးလို့ ပြောပြီးမြဝတီမှာသွားအလုပ်လုပ်တယ်” ဟု မစံပယ်
အေးက သူမ၏ဒုက္ခကို ပြန်လည်ဝေမျှသည်။

မစံပယ်အေး၏ ခင်ပွန်းအမည်ခံထားသည့် လူငယ် ရှောင်တိမ်းသွားချိန်တွင် သူမ မီးဖွားခဲ့ရသည်။ သူမကို တာဝန်ယူမည့်သူ တစ်ဦးမျှမရှိခဲ့ဟု ထိုအချိန်က ကြုံတွေ့ခံစားခဲ့ရသည်များကိုဝေငှပြောပြသည်။

ထိုအချိန်တွင်ပင် အထက်ပါအကြောင်းအရာများကိုသိရှိပြီး သူမကို သနားသော အမျိုးသမီးတစ်ဦးက မိခင်ရော မွေးလာမည့် ကလေးငယ်ကိုပါ အကူအညီပေးမည်ဟု ကမ်းလှမ်းလာခဲ့သည်။ထိုမှတစ်ဆင့် အရပ်ဘက် လူမှုကူညီရေးအဖွဲ့တစ်ခုနှင့် ချိတ်ဆက်မိခဲ့ရာမှ တရားစွဲအမှုဖွင့်မှု စတင်ခဲ့ခြင်းဖြစ်သည်။

ထို့သို့တရားစွဲခဲ့ရာ ပြစ်မှုကျူးလွန်သည့် ဦးလေးဖြစ်သူကို မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခဲ့ပြီး ခင်ပွန်းအဖြစ်အမည်ခံပေးခဲ့သည့် လူငယ်ကိုတော့ အမိန့်မချရသေးပေ။

ပြစ်မှုကျူးလွန်သူ ဦးလေးဖြစ်သူကို တရားရုံးက အမိန့်ချမှတ်ပြီးသည့်နောက် မစံပယ်အေးထပ်မံကြုံတွေ့ ရင်ဆိုင်နေရသည့် လောကဓံတရားများသည် မသေးလှ။ ထိုအချိန်တွင် သူမတွင်ရည်မှန်းချက်တစ်ခု လည်းရှိနေပြန်သည်။

သူမ၏ လတ်တလော ရည်မှန်းချက်သည်ကား “တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်ရန်” ပင်ဖြစ်သည်။

သို့သော် ကံကြမ္မာသည်ကား သူ့ဘက်တွင်ရှိမနေသေး။ သူမ ယခင် ပညာသင်ကြားခဲ့သည့်ကျောင်းတော်ကြီးကား သူမကို တက်ရောက်ခွင့်မပြုတော့။

အကြောင်းမှာ ကလေးမိခင် တစ်ဦးဖြစ်နေခြင်းကြောင့်၊ တရားဝင် လက်ထပ်ဖူးသူတစ်ဦး ဖြစ်နေခြင်းကြောင့် ဟူ၍။

မစံပယ်အေး ယခင်တက်ရောက်ခဲ့သည့် မော်လမြိုင်မြို့၊ ဇေယျာသီရိရပ်ကွက်ရှိ သုခဝတီအခြေခံပညာအထက်ကျောင်းမှတာဝန်ရှိသူများကို ဟင်္သာမီဒီယာ ကျောင်းတက်ခွင့်မပြုသည့်အကြောင်းနှင့် ပတ်သက်ပြီး သွားရောက်မေးမြန်းရာတွင်မူ ကျောင်းတာဝန်ခံ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းအေးက ထိုကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

“အိမ်ထောင်ကျပြီး မင်္ဂလာဆောင်ထားတယ်။ မီးဖွားထားတဲ့အတွက်ကြောင့်ပါ။ အဲကြောင့်ပါပဲ။ ကျွန်မတို့ စိတ်ထဲမှာ ကလေးတွေအတုယူမှားမှာကြောက်လို့ ကျန်တဲ့ကလေးတွေက ငါ့တို့ကလေးမွေးပြီးလည်း အိမ်ထောင်ကျပြီးလည်း ကျောင်းနေလို့ရတယ်။ အဲလိုထင်သွားမှာ
ကြောက်လို့” ဟု ကျောင်းတာဝန်ခံ အထက်တန်းပြဆရာမ ဒေါ်စန်းစန်းအေးက ဆိုသည်။

ယင်းသို့ တားဆီးမှုကြုံတွေ့နေရသော်လည်း မစံပယ်အေး၏ ရည်မှန်းချက်သည်ကားမပြောင်း၊ သူမ တက္ကသိုလ်ဝင်တန်းအောင်မြင်ရေးအတွက် ကျောင်းတက်ရမည်ဆိုပါက မည်သည့်ကဲရဲ့ ရှုတ်ချမှုမျိုးမဆို ခံနိုင်ကြောင်းပြောလေသည်။

“သမီးက သုခဝတီကျောင်းမှာ သွားအပ်တော့ ဆရာမတွေက ရပ်ကွက်သူ ရပ်ကွက်သားတွေနဲ့ နီးတယ်။ ပတ်ဝန်းကျင်နဲ့လည်းနီးတဲ့အတွက် သမီးစိတ်ထိခိုက်သွားမယ်တဲ့။ သမီးကိုလည်း ဆရာမတို့က အခြားကျောင်းကို လက်မလွှတ်ချင်ဘူးတဲ့။သမီးသာ ဆရာမတို့ကျောင်းမှာတက်လို့ရှိရင် ကျောင်းအောင်ချက်ကောင်းမယ့် သူက သမီးအပါအဝင်ပဲတဲ့။ အခြားကျောင်းမှာသွားအပ်ရင် ဆရာမတို့ကူညီမယ်”ဟု ပြောဆိုခဲ့ကြောင်း မစံပယ်အေး က ပြောသည်။

“ဒီကျောင်းရဲ့ ပတ်ဝန်းကျင်က အဲမျိုးစရိုက်တွေကများနေတယ်။ ကလေးတွေက လူတစ်ယောက်ကို ညှာတာ ရမှန်းလည်းမသိဘူး”ဟု ဆရာမ ဒေါ်စန်းစန်းအေးက ပြောသည်။

မစံပယ်အေး၏ ဖြစ်လိုသော နောက်ထပ်ဆန္ဒတစ်ရပ်မှာ မြန်မာ ကျောင်းသားအားလုံးဆင်မြန်းခွင့်ရသော အဖြူနှင့် အစိမ်း ဝတ်၍ ကျောင်းပုံမှန်တက်ရောက်လိုခြင်းဖြစ်သည်။

သုခဝတီကျောင်းမှ ဆရာမများက ကျောင်းအပ်လက်ခံခြင်းမပြုသောကြောင့်မော်လမြိုင်မြို့၊ဒိုင်းဝန်ကွင်းရပ်ရှိ အမှတ် (၁၀) ကျောင်းသို့ သွားရောက်၍ ကျောင်းအပ်နှံခဲ့ရာ၌ ယင်းကျောင်းမှလည်း လက်မခံခဲ့ကြောင်း မစံပယ်အေး  ကဆိုသည်။

သူမ၏ အဖြူ၊အစိမ်းဝတ်ဆင်ခွင့် အိပ်မက်သည်လည်း ဝေဝါးခဲ့ရပြန်သည်။

“ဒီလိုဖြစ်တော့ သမီး အရမ်းဝမ်းနည်းရတာပေါ့။ သမီးက ကျောင်းကို တက်ပြီးတော့ဖြေချင်တယ်။ ဘာလို့လည်းဆိုရင် ကျောင်းတက်ပြီးဖြေတော့ စာကို နှစ်ခါပြန်ရတာပေါ့။ ပိုပြီးတော့လည်း စာကို နားလည်နိုင်တာပေါ့။ အပြင်ဖြေရမယ်ဆိုရင် ကျူရှင်မှာ တစ်ခါပဲ သင်ရတော့သမီးနဲ့ အတူတူတက်နေတဲ့ ကျူရှင်က ကျောင်းသား၊ ကျောင်းသူတွေလို ကွဲကွဲပြားပြား သေသေချာချာ ဘယ်နားလည်မလဲ။ မသိရဘူးပေါ့”ဟု သူမ လက်ရှိကြုံတွေ့နေရသော ပညာသင်ကြားခွင့်အခြေအနေကို ရှင်းပြသည်။

ယင်းသို့ ကြုံတွေ့နေရသောအခြေအနေနှင့် ပတ်သက်ပြီး မွန်ပြည်နယ်လွှတ်တော်၊ မွန်ပြည်နယ်လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ကို ဆက်သွယ်မေးမြန်းရာတွင် “ပြစ်မှုကျူးလွန်ခံရတဲ့ ကလေးတိုင်းကိုတော့ ကျောင်း
ပေးမတက်တာတော့ မရှိပါဘူး။ အခုဟာက ကလေးအမေတစ်ယောက်ဖြစ်နေတဲ့အတွက်ကြောင့်ဖြစ်ပါလိမ့်မယ်” ဟု ရှင်းပြသည်။

သို့သော် မစံပယ်အေး ၏ ကျောင်းတက်ခွင့် အိပ်မက်သည်ကား ဆက်လက်ရှင်သန်နေသေးသည်။ သူမ၏ တစ်နှစ်အရွယ် ကလေးငယ်ကိုထိန်းသိမ်းစောင့်ပေးမည့် အဖွဲ့အစည်းမျိုးရှိပါက ကျောင်းဆက်တက်ခွင့်ရှိသည်ဟု ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

“ဒါပေမယ့် ကလေးက သူ့ဆီမှာမရှိဘူး။ ကလေးငယ်ကိို သွားသွားကြည့်နေတာမျိုး မရှိဘူးဆိုရင်တော့ ပညာသင်ခွင့်ရှိတယ်။ ကျွန်မ ပြည်နယ်ပညာရေးမှူးကို မေးပေးပါ့မယ်။ တစ်ခုခု နားလည်မှုလွဲနေတာမျိုး ဖြစ်ပါလိမ့်မယ်” ဟုဒေါ်ခိုင်ခိုင်လဲ့က ပြောသည်။

မစံပယ်အေးသည် သူမ၏ ကျောင်းနေခွင့်ရရှိရေးအိပ်မက်ကို မရပ်ပစ်။ လောကဓံအခြေအနေအရပ်ရပ်ကို ကြံ့ကြံ့ခံခဲ့သော သူမအဖို့ ယင်းတိုက်ပွဲကိုလည်း အောင်မြင်ရန် ဆုံးဖြတ်ထားသည်။

“မနက်ပိုင်း ကျူရှင်မှာဆိုရင် အားလုံးကအဖြူနဲ့ အစိမ်းနဲ့ လာကြတယ်။ သမီးတစ်ယောက်ထဲပဲ အရောင်ကွဲပြားနေတယ်။ နောက်ပြီးသူများတွေ ကျောင်းသွားနေတဲ့အချိန်မှာ အိမ်ထဲကနေပြီး ထိုင်ကြည့်နေရတာပေါ့”ဟု ဝမ်းနည်းဖွယ်ဆိုလေသည်။

မစံပယ်အေး ကျောင်းတက်ရောက်ခွင့် တိုက်ပွဲဝင်ပေးမည့်သူ နောက်တစ်ဦးရှိနေသေးသည်။ သူက မေတ္တာဆုံဆည်း အရက်ဘက်လူမှုအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သီသီနွယ် ဖြစ်သည်။

ဒေါ်သီသီနွယ်က မစံပယ်အေး ကျောင်းတက်ရောက်ခွင့်ရရှိရန်အတွက် မွန်ပြည်နယ် ပညာရေးဌာန တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး သူမ၏ ကလေးငယ်ကို ကလေးပြုစုရေးဌာနထံ သွားရောက် အပ်နှံကာ တက္ကသိုလ်ဝင်တန်းကို အနီးကပ် တက်ရောက်ခွင့်ပေးရန်
တိုက်တွန်းပြောဆိုခဲ့သည်။သို့သော် မွန်ပြည်နယ် ပညာရေးမှူးကလက်မခံခဲ့ပေ။

“ပညာရေးမှူးက ဒီကလေးက အပြင်ဖြေပဲရမယ်။ ကျွန်မတို့မှာ ညွှန်ကြားချက်ရှိလို့ ပြောတာ၊ ကျွန်တော်တို့က လက်မခံနိုင်ဘူး။ ကျွန်တော်တို့ သွားရောက်အပ်နှံခဲ့တဲ့ ကျောင်းတွေကတော့ ပြည်နယ်ပညာရေးမှူး ညွှန်ကြားရင်တော့ လက်ခံပေးမယ်လို့တော့ ပြောဆိုခဲ့တယ်” ဟု မေတ္တာဆုံဆည်း အရက်ဘက်လူမှုအဖွဲ့အစည်းမှ မော်လမြိုင်ခရိုင်တာဝန်ခံ ဦးသက်ထွန်း ကပြောဆိုသည်။

မြန်မာနိုင်ငံအရပ်ရပ်တွင် မစံပယ်အေးကဲ့သို့ သက်ငယ် မုဒိမ်းမှုကျူးလွန်ခံခဲ့ရပြီး အခွင့်အရေးအများအပြား ဆုံးရှုံးနေရသူများ ရှိသေးသည်။ တချို့ ကလေးငယ်များသည် သေသည်အထိကျူးလွန်မှုမျိုးခံခဲ့ရသည်။

သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့၊ အောင်သုခရပ်ကွက်တွင် ဇွန် ၅ ရက်နေ့က အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ဇွန်လ ၅ ရက် ည ၇ နာရီခန့်က သေဆုံးခဲ့သူ မိန်းကလေးငယ်မှာ ၎င်းနေအိမ်အတွင်းဆော့ကစားနေစဉ် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ပြောင်းရွှေ့လာပြီး ရေလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေသည့် ချစ်ကို (၂၂ နှစ်) ဆိုသူမှ ရောက်ရှိလာပြီး မိန်းကလေးငယ်အား မုန့်ဝယ်ကျွေးမည်ဟုပြောကာ အပြင်သို့ ခေါ်ဆောင်သွားခဲ့ပြီး ယင်းမိန်းကလေးငယ်ကို အလိုမတူဘဲ အဓမ္မပြုကျင့်ကာ ရေကန်အတွင်း ပစ်ချသတ်ခဲ့မှုဖြစ်ပွားခဲ့သည်။

ထို့အပြင် မုဒုံမြို့နယ် ကော့ခပုံကျေးရွာ အလယ်ပိုင်းတွင် အစ်ကို ဖြစ်သူက အဖေတူမအေကွဲ ညီမတော်စပ် သူကို အဓမ္မပြုကျင့်မှုတစ်ခုလည်း မေလ ဒုတိယ ပတ်တွင်ဖြစ်ပွားခဲ့သေးသည်။မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်က သက်ငယ်မုဒိမ်းမှုပေါင်း ၆၀ မှုဖြစ်ပွားခဲ့သည်။

သို့သော် ၂၀၁၉ ခုနှစ် ခြောက်လတာ ကာလအတွင်းပင် သက်ငယ်မှု ဖြစ်ပွားမှုမှာ၂၀၁၈ ခုနှစ် က ဖြစ်ပွားခဲ့မှု အရေတွက်ထက်  ထက်ဝက်ခန့်ကိုကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်းရဲတပ်ဖွဲ့၏ စာရင်းဇယားများအရသိရှိရသည်။

ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန် ၂၀ ရက်နေ့အထိ သက်ငယ်မုဒိမ်းမှုပေါင်း ၃၈ မှုဖြစ်ပွားခဲ့ကြောင်းမွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

ယခုနှစ် ၆ လခန့်အတွင်း ဖြစ်ပွားခဲ့ရသည့် သက်ငယ်မုဒိမ်းမှုများမှာ မော်လမြိုင်မြို့တွင် ၆ မှု၊ချောင်းဆုံမြို့တွင် ၂ မှု၊ ကျိုက်မရောမြို့တွင် ၁ မှု၊မုဒုံမြို့တွင် ၅ မှု၊ သံဖြူဇရပ်မြို့တွင် ၂ မှု၊ ရေးမြို့တွင် ၁၀ မှု၊ ပေါင်မြို့တွင် ၂ မှု၊ သထုံမြို့တွင်၃ မှုနှင့် ကျိုက်ထိုမြို့တွင် ၇ မှု စုစုပေါင်း ၃၈ မှု
ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်မှုခင်းမှတ်တမ်း စာရင်းများအရ သိရသည်။

ထိုကဲ့သို့သော အမှုတိုင်းတွင် မစံပယ်အေးကဲ့သို့ အခွင့်အရေး အမျိုးမျိုး ဆုံးရှုးံနေရသောဘဝသို့ရောက်ရှိနေသူအများအပြားရှိနေပေလိမ့်မည်။

မေတ္တာဆုံဆည်း အရက်ဘက်လူမှုအဖွဲ့မှ မော်လမြိုင်ခရိုင်တာဝန်ခံ ဦးသက်ထွန်းက ထိုအဖြစ်မျိုး မကြုံစေလိုကြောင်း ပြောသည်။

“ဒီ အသက်မပြည့်သေးတဲ့ ကလေးမလေးက မည်သည့်အကြောင်းပင်ဖြစ်စေကာမူ သူ့မှာရှင်သန်ခွင့်၊ ဖွံ့ဖြိုးခွင့်၊ ကာကွယ်ခွင့်၊ ပါဝင်ခွင့်နဲ့သူများကလေးတွေနည်းတူခံစားပိုင်ခွင့်ရှိရမယ်”ဟု ၎င်းကဆိုသည်။

သို့သော် မစံပယ်အေးတစ်ယောက်သည်ကား အားမလျော့၊ သူမ ကျောင်းတက်ခွင့် ရရှိရေးအတွက် ကြိုးပမ်းရန်အသင့်ရှိနေသည်။

တစ်ဖက်တွင်လည်း မေတ္တာဆုံဆည်ပရဟိတအဖွဲ့က ဖွင့်လှစ်ထားသော “မိခင်ဝိုင်း”အမည်ရှိ သူမ၏ သားငယ်နှင့် ဘဝတူ ရင်ခွင့်မဲ့ကလေးငယ် ၁၆ ဦးကိုပြုစုစောင့် ရှောက်ပေးသော ဆရာမအဖြစ်လုပ်ကိုင်နေ သည်။

မစံပယ်အေးသည် နေခင်းနေ့လယ် ကလေးငယ်များ အိပ်စက်အနားယူနေချိန်တွင် တစ်နှစ်သားအရွယ် ကလေးငယ်များကို အပူဒဏ်မကျရောက်စေရန်နှင့် ခြင်၊ ယင်မသန်းစေရန်ယပ်တောင်တစ်ခုကိုင်ကာ တဖျပ်ဖျပ်ယပ််ခပ်နေသည်။

မစံပယ်အေးကို အကူအညီပေးထားသောမေတ္တာဆုံဆည်းအရပ်ဘက်လူမှုအဖွဲ့အစည်းဥက္ကဋ္ဌ ဒေါ်သီသီနွယ် ကမူူ သူမ ၏ အနာဂတ် နှင့် ပတ်သက်၍ ယခုကဲ့သို့ပြောသည်။

ဒီကလေးရဲ့ ဘဝအတွက်က အရမ်းခါးသီးလွန်တယ်။ သူ့ရဲ့ ကလေးတစ်ယောက်နဲ့ မတန်တဲ့ လောကဓံကြီးကို ခံစားနေရတဲ့ ဒုက္ခကြီးကို ဘယ်သူတွေက ထပ်ပြီးတော့ ကူညီပေးနိုင်ဦးမလဲ။ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းတွေကရော ထပ်ပြီးကူညီပေးနိုင်ရင် ဒီကလေးရဲ့
ပန်းကလေးက ပိုပြီးတော့ ပွင့်လန်းလာမယ်”ဟု ဆိုလေသည်။

ခေတ်မင်း

Leave a Reply