Advertisements

မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အစိုးရအဖွဲ့၏ဘဏ္ဍာရေးအခြေအနေအခက်အခဲများကြောင့် မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဌာနအပါအဝင် တခြားဌာနများတွင် ဝန်ထမ်း ၆၀%လောက်သာ ခန့်ထားနိုင်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဝဏ္ဏကျော်က ပြောဆိုသည်။

“လက်ရှိကျန်းမာရေးဌာနမှာနှင့် တခြားဌာနမှာ ခန့်အပ်ပေးဖို့ မိမိတို့အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေပေါ်မှာလည်း မူတည်နေသလို လက်ရှိဌာနတွေရဲ့ လုပ်ငန်းတာဝန်တွေရမယ့်အခြေအနေအပေါ်မှာလည်း မူတည်နေပါတယ်” ဟု ဦးဝဏ္ဏကျော်က ဆိုသည်။

စက်တင်ဘာလ ၂၃ရက်နေ့ကကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ အစီရင်ခံစာနှင့်ပတ်သက်ပြီး ကျန်းမာရေးဌာန၏ဝန်ထမ်းခန့်ထားမှုအပေါ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဇော်ဇော်ထူး၏ ဆွေးနွေးမှုကို ပြောဆိုခဲ့ခြင်းဖြစ်သည်။

ကျန်းမာရေးဌာနများတွင် လူနာနှင့် ဝန်ထမ်းအရေအတွက်မမျှတသည့်အတွက် ကျန်းမာရေးဝန်ထမ်းနှင့် လူနာများ အချင်းချင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပေါ်နေသည်ဟုလည်း ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်၂ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောဆိုသည်။

“ပြည်သူလူထု၏ ကျန်းမာရေးကောင်းဖို့ဆိုတာ နိုင်ငံတစ်နိုင်ငံမှာအလွန်အရေးကြီးပါတယ်။ပြည်သူကျန်းမာရေးကောင်းမှသာလျှင် နိုင်ငံဖွံ့ဖြိုးမှုဖြစ်နိုင်မှာဖြစ်ပါတယ်ပြည်သူကျန်းမာရေးကောင်းဖို့ဆိုတာကျန်းမာရေးစောင့်ရှောက်မှုလည်း  လိုအပ်ပါတယ်ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဝန်ထမ်းအင်အားလုံလောက်မှုလည်းလိုပါတယ်” ဟု ဦးဇော်ဇော်ထူးက ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းခန့်ထားမှုများတွင် ဝန်ထမ်းဖွဲ့စည်းပုံရာထူးနေရာအလိုက် ခွင့်ပြုဦးရေ ၃၄၃တွင် လစ်လပ်ဦးရေ ၁၉၆ဦးရှိနေသည့်အတွက်အလွန််ကွာဟနေသည်ဟုလည်း ဦးဇော်ဇော်ထူးက ဆိုသည်။

“ ပြည်သူတွေကို ဝန်ဆောင်မှု ဘယ်လိုပေးမလဲ ပြည်သူတွေကို ဝန်ဆောင်မှု ကောင်းကောင်းမပေးနိင်တဲ့အခါ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်မှုမရနိင်ရင်နိုင်ငံအတွက်ဆုတ်ယုတ်နိုင်တယ်လို့မြင်တယ် ပြည်ထောင်စုဝန်ထမ်းခန့်ထားရေးနဲ့ပတ်သက်ပြီးတော့ပြည်နယ်အစိုးရအနေနဲ့ ဝန်ထမ်းတွေကို လျှင်မြန်စွာခန့်ထားနိင်ရေး ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်” ဟု၎င်းကဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၏ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို စက်တင်ဘာလ ၁၈ ရက်နေ့မှစပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

ရန်လင်းအောင်

Advertisements
<

Leave a Reply