Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ် အစိုးရအဖွဲ့က ဘဏ္ဍာရေးနှစ် အလိုက် သုံးစွဲဆောင်ရွက်နေမည့် ဘတ်ဂျက်ဆိုင်ရာ အချက်အလက်များကို စာစောင် နှစ်စဉ် ထုတ်ဝေပြီး ပြည်သူထံ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောကြားသည်။

အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပသော မွန်ပြည်နယ်၏ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်း ဆိုင်ရာ အချက်အလက်များ နိုင်ငံသားအတွက် ဘတ်ဂျက် (Citizen’s Budget ) စာစောင် မိတ်ဆက်ပွဲ၌ ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အစိုးရအနေနဲ့ လက်ရှိ ဘဏ္ဍာရေးနှစ်မှာ ဘယ်လိုလုပ်ဆောင်မယ်၊ ဘယ်လိုအကောင်အထည် ဖော်ဆောင်ရွက်မယ်ဆိုတာ ပြည်သူ လူထုတွေ သိရှိနိုင်ဖို့ ဒီစာစောင်ကို ထုတ်ဝေတာဖြစ်တယ်၊ အစိုးရရဲ့ မူဝါဒ လုပ်ငန်းတွေကို ပြည်သူတွေ ပွင့်လင်းမြင်သာစွာ သိရှိနိုင်ဖို့အတွက်လည်း နှစ်စဉ် ထုတ်ဝေသွားမယ်”ဟု ဝန်ကြီးချုပ်က ဆိုသည်။

နိုင်ငံသားအတွက် ဘတ်ဂျက် စာစောင်သည် တိုင်းပြည်အတွက် အစိုးရအနေဖြင့် သုံးစွဲ ဆောင်ရွက်မည့် လုပ်ငန်းစဉ် အကျဉ်းချုပ်ကို ပြည်သူထံ ပွင့်လင်းမြင်သာစွာ ချပြခြင်းဖြစ်ပြီး၊ ယခု ထုတ်ပြန်သည့် စာစောင်သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ ဘတ်ဂျက် လုပ်ငန်းစဉ် ပါဝင်ခြင်းမရှိဘဲ မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံပိုင်ခွင့်ရှိသော ဘတ်ဂျက်သာဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည့် စာစောင်တွင် အစိုးရအဖွဲ့၏ ဆောင်ရွက်မည့် လုပ်ငန်းစဉ် မူဝါဒ ၁၄ ချက်ကို ထည့်သွင်းရေးဆွဲထားပြီး၊ ဦးစားပေး လုပ်ငန်းစဉ် ငါး ရပ်တွင် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ မြို့ပြဖွံံ့ဖြိုးတိုးတက်ရေး၊ အမှိုက်သိမ်း စနစ် ကောင်းမွန်စေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ပါဝင်သည်။

စာစောင်၌ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့က သုံးစွဲမည့် ဘတ်ဂျက် ငွေ ၈၆ ဘီလီယံ ကျော်အတွက် ခွဲဝေမှုများနှင့် ပြည်နယ်အတွင်း လူတစ်ဦးစီ၏ ပျမ်းမျှအသားတင် ထုတ်လုပ်မှု (GDP) ကို ကျပ် ၁၈ သိန်း နီးပါးရှိကြောင်း ရေးဆွဲထားသည်။

စာစောင် ထုတ်ဝေမှုကို မွန်ပြည်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက“အရင် ၂၀၁၀ တုန်းက ကျွန်တော် ပါဝင်လှုပ်ရှားခဲ့တဲ့ မွန်ပြည်နယ် လွှတ်တော် အခင်းအကျင်းနဲ့ ဒီဘတ်ဂျက်ဆို အစီအစဉ်ကို လူထုကို ချပြတာ ဒါဟာ ပထမဦးဆုံး အကြိမ်ပဲ ဖြစ်တယ်။ ဒီနေရာမှာ ချပြရုံသာမကဘဲ ပြည်သူလူထုကလည်း လိုက်ပါဖို့ မျှော်လင့်ပါတယ်”က ၎င်းက ပြောသည်။

မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဦးဝဏ္ဏကျော်က မိမိတို့ အစိုးရအဖွဲ့၏ ပြည်သူအတွက် ခွဲဝေ သုံးစွဲသည့် ဘတ်ဂျက်ကို ပြည်သူများက ဝိုင်းအကြံပြု ပေးကြရန် တိုက်တွန်း လိုက်သည်။

စာစောင်နှင့် ပတ်သက်သည့် အကြံပြုချက်များကို www.monbudget2013 gmail.com သို့ ပေးပို့နိုင်ကြောင်းသိရသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply