ဘန်ကောက်  စျေးဝယ်စင်တာမီးလောင်မှု လူ နှစ်ဦးသာ သေဆုံးခဲ့ကြောင်း ထုတ်ပြန်

ဘန်ကောက် ဧပြီ ၁၁

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ဝန် Aswin Kwanmuang က ဘန်ကောက်မြို့ရှိ Central World စျေးဝယ်စင်တာတွင် ဧပြီ ၁၀ ရက် ညပိုင်းက မီးလောင်မှုကြောင့် သေဆုံးသူ ဦးရေ သည် ၃ဦး မဟုတ်ဘဲ ၂ဦးသာဖြစ်ကြောင်း ပြန်လည်ပြင်ဆင်ပြောကြားခဲ့သည်။

မီးလောင်မှုဖြစ်ပွားခါစ အစောပိုင်းက သေဆုံးသူ ၃ဦးရှိကြောင်း သတင်းထုတ်ပြန်မိခဲ့သဖြင့် ပြန်လည်စိစစ်ပြီး ပြင်ဆင်ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်။

သေဆုံးသူများအပါအဝင် ဒဏ်ရာရသူများအတွက် များစွာစိတ်မကောင်းဖြစ်မိကြောင်း၊ နောင်တွင် ထိခိုက်ဒဏ်ရာများမရှိရအောင် စင်တာများကို စိစစ်ပြီး လုံခြုံစိတ်ချရအောင်ဆောင်ရွက်သွားမယ်လို့ ကတိပေးကြောင်း မြို့တော်ဝန်က ဆိုသည်။
အဆိုပါ စျေးဝယ်စင်တာကို ဆောင်ရွက်နေသည့် ကုမ္ပဏီ က ယင်းဖြစ်ရပ်တွင် လူ ၁၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

သေဆုံးသူ ၂ဦးအနက် တစ်ဦးမှာ အခင်းဖြစ်ပွားရာ၌ပင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ဆေးရုံ ၌သေဆုံးခဲ့ကြောင်း နှင့် ၎င်းတို့ ၂ဦးသည်မီးလောင်မှုဖြစ်ပွားနေစဉ် စင်တာအတွင်း မီးခိုးများ နှင့် လူအများ၏အော်ဟစ်သံများ ဆူညံနေချိန်တွင် စင်တာအပေါ်ထပ်မှ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုမ္ပဏီက သေဆုံးဒဏ်ရာရရှိသူအားလုံး နှင့် ၎င်းတို့၏ မိသားစုဝင်များထံသွားရောက် တွေ့ဆုံသွားမည်ဖြစ်ကြောင်း နှင့် အခြေအနေများကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

မီးလောင်မှုသည် Central World စျေးဝယ်စင်တာ ၏ ၈လွှာတွင် ဧပြီလ ၁၁ရက်နေ့ ဒေသစံတော်ချိန် ၁၇ : ၄၀နာရီတွင် ဖြစ်ပွားခဲ့ပြီး ၁၈ : ၁၀နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ကုမ္ပဏီ၏ ပြောကြားချက်အရ သိရသည်။

Bangkok Post

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.