Advertisements

သီဟသွေး

ဘယ်ကမှလာတာမဟုတ်ဘူး ။ မြန်မာပြည်မှာမွေးပြီး မြန်မာပြည်မှာကြီးတာ။ မြန်မာပြည်သား နိုင်ငံရေး သမား ၊ မီဒီယာသမား၊ ဘောလုံးသမား ဆိုတာ ကိုယ့်အိပ်မက်ကို ကိုယ်တိုင် ချီပိုးရင်း ကိုယ့် ဘဝ ကိုယ့် ခန္ဓာကိုယ် အရင်း ပြုခဲ့ရသူတွေ၊ တိုင်းပြည်ရဲ့ ကြွေးကြော်သံတွေထဲမှာ စာရင်းမပေါက်တဲ့သူတွေ၊ ပန်းတိုင်ကို ကိုယ်ဖြစ် ကိုယ်ခံ၊ ကိုယ်ညံ့ ကိုယ်ခံ ကိုယ်ထူကိုယ်ထ ချီတက်ခဲ့ရသူတွေ။

နိုင်ငံရေး သမားအတွက် ၊ မီဒီယာသမား အတွက်၊ ဘောလုံးသမားအတွက် လေ့ကျင့်ပျိုးထောင်ဖို့ ကျောင်းဆိုတာမရှိခဲ့ဘူး ၊ ကစားဖို့ကွင်းမရှိခဲ့ဘူး၊ နိုင်ငံရဲ့ မျှော်မှန်းချက်ထဲမှာ မရှိခဲ့ဘူး ၊ သူတို့အတွက် နိုင်ငံ က ပေးတဲ့ ဘတ်ဂျက် ဆိုတာ မရှိခဲ့ဘူး၊ အခြေခံသင်တန်း၊ မွမ်းမံသင်တန်း ၊ ဆရာဖြစ်သင်တန်း ဆိုတာလည်းမရှိခဲ့ဘူး။

နှစ် ၅၀ ကြာ နိုင်ငံရေးနဲ့ သတင်းအမှောင်ခေတ် တစ်ခေတ်လုံး နိုင်ငံရေးသမား နဲ့ မီဒီယာသမားတွေကို သူပုန် လို သဘောထား ဆက်ဆံခံခဲ့ ရတော့ နိုင်ငံရေး ပညာ၊ မီဒီယာ ပညာကို သူပုန် လို ခိုးကြောင်ခိုးဝှက် တိုးတိုး တိတ်တိတ် လေ့လာ သင်ယူခဲ့ရသူတွေပါ။
ဘောလုံးသမားတွေ လည်း လိုင်းကြေးပေးပြီး ခိုးတပ်ထားတဲ့ ဂြိုလ်တုစလောင်း က လာတဲ့ နိုင်ငံခြား ဘောလုံးပွဲတွေကို ကြည့်ပြီး လေ့လာ သင်ယူ ခဲ့ရတယ်။ ကစားဖို့ လူရှိရင်တောင်၊ စီးဖို့ ဖိနပ်ရှိရင်တောင် ကန်ဖို့ ဘောလုံးနဲ့ ကွင်းနေရာရှိ ရင်တောင် အဓိပ္ပာယ်ရှိရှိ အဆင့်အတန်းရှိရှိ ကစားဖို့ ပွဲမရှိခဲ့ဘူး။

ကဲ အခု နိုင်ငံရေး ခေတ် ၊ မီဒီယာခေတ် ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီ ခေတ်ရောက်ပြီတဲ့ ။ တကယ်ကို အညွန့်ချိုး သင်းသတ်ခံခဲ့ရတဲ့ နိုင်ငံရေး မျိုးဆက် ၊ မီဒီယာမျိုးဆက် ၊ ဘောလုံးမျိုးဆက်တွေ အားလုံးကျုံးရုန်းထ တစ်ကနေပြန်စရလည်း ချက်ချင်းဆိုသလို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး ကိုယ့်နယ်ပယ်မှာကိုယ်စီ မထင်မှတ်တာတွေ လုပ်ပြနိုင်ကြတယ်။

တင်းပြည့်ကျပ်ပြည့် မဟုတ်ပေမယ့် နိုင်ငံတကာ မှာ မျက်နှာ မငယ်ရ အောင်တော့ အစွမ်းအစတွေ ထုတ်ပြနိုင်ခဲ့ကြတယ်။ တကယ်တော့ တိုင်းပြည်မှာ နိုင်ငံရေး သမားကောင်း ၊ မီဒီယာ သမားကောင်း ၊ ဘောလုံးသမားကောင်းတွေ ပေါ်ထွန်း လာစေဖို့ စီမံကိန်းမရှိ၊ ရည်မှန်းချက် မရှိ၊ ရင်းနှီးမြှုပ်နှံမှုမရှိ။

တိုင်းပြည်ကို တည်ဆောက်မွမ်းမံဖို့ အချိန်တန်တော့ လွှတ်တော်ထဲ အစိုးရအဖွဲ့ထဲ အသုံးတည့်မယ့်၊ အားကိုးလို့ရမယ့် ဒေါင်ဒေါင်မြည်နိုင်ငံရေးသမားတွေ လိုနေတယ်။ လမ်းစလျှောက်တတ်စ အရွယ်မှာ မာရသွန်ပြေးခိုင်းသလို ရုတ်တရက် ဖွင့်ချ ခင်းကျင်း လိုက်တဲ့ နိုင်ငံရေး အခက်အခဲဖြတ်ကျော် ပြေးပွဲ။ အဲဒီမှာ သတိ နဲ့သွားနေရတဲ့ နိုင်ငံရေး သမားတွေ ခြေလှမ်းနှေးကွေးပြန်တော့ အားမလို အားမရဖြစ်ကြပြန်တယ်။ အပြစ်တင်ဝေဖန်တာခံကြရတယ်။

မီဒီယာသမား တွေ မီဒီယာ အသိစိတ် ပြင်းထန်ပြီး ကျင့်သားမကျ သဘာ မရသေးခင်မှာ စိတ်ခွန်အား အလွန် သုံးမိလို့ ဥပဒေတွေ ကျင့်ဝတ်တွေ စည်းတွေဘောင်တွေကို တွန်းတိုက်မိတဲ့ အခါ အပြစ်ကြီးကြီးပေးချင်ကြ တယ်။ နားမလည်ရ ကောင်းလားဆိုပြီး စွပ်စွဲပြစ်တင်ချင်ကြတယ်။ ဘောလုံးသမားတွေလည်း ထိုနည်းတူစွာပဲ နုစဉ်က အားပေး မခံရဘဲ ရင့်ကာ မှ အားကိုးကြပြီး အားကိုးမရ တော့ ဝိုင်းအဆဲ ခံရတယ် ။

တကယ်တော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား နိုင်ငံရေးသမား ၊ မီဒီယာ သမား ၊ ဘောလုံးသမားဆိုတာ ကမ္ဘာ မှာ ရှာမှရှားပါ။ ဒီလို ပစ်ထားခံရပြီး ရောက်လေနေရာ ဖြစ်လေရာ ဘဝမှာ အမေ မွေးလိုက်ကတည်းက ပိုင်ဆိုင် လာတဲ့ ကိုယ့်ဗီဇကို ကိုယ့်ဟာကိုယ် ပြုစုပျိုးထောင်ရင်း ရှင်သန် အောင်မွေးနိုင်တယ် ဆိုတာ မြန်မာပြည်သား တွေမို့ပါ။

တကယ်ဆို သေအောင်အသတ်ခံရတဲ့ ဘဝ ၊ မျိုးတုံးပျောက်ကွယ်သွားအောင် ဗီဇ ပါ သုတ်သင်ခံ ခဲ့ရတဲ့ ဘဝ မှာ တိတ်တိတ်လေး ကိုယ့် ဗီဇ ကိုယ်မွေးပြီး အညွန့် မကျိုးအောင် ထိန်းထားကြသူတွေပါ။ ဒီကနေ့လို အခွင့်အရေး နည်းနည်း ပေးတာနဲ့ တလက်လက် တောက်ပအောင် ထွန်းပြောင်နိုင်ကြသူတွေဖြစ်လို့ နိုင်ငံရေး သမား၊ မီဒီယာ သမား ၊ ဘောလုံးသမားတွေ ရဲ့ ကျေးဇူးဟာ တိုင်းပြည်မှာတကယ့်ကိုကြီးမားပါတယ်။

စနစ်တကျ လေ့လာ သင်ယူတတ်မြောက်လာကြတာ မဟုတ်လို့ အမှားအယွင်းတွေ ပြုပြင်စရာတွေ ၊ ချိန်ညှိစရာတွေ၊ အံမဝင်ခွင်မကျတာတွေ ရှိတယ်ဆိုတာလည်း အသေအချာပါပဲ။ တစ်ချိန်လုံး အခြေခံ သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေ အဆင့်ဆင့်နဲ့ မကြောင့်မကျ သာသာယာယာ တိုင်းပြည် ပိုက်ဆံသုံးပြီး သင်ကြားလေ့ကျင့်ခဲ့ရသူတွေတောင် အမှားပေါ် အမှားဆင့်နေသေးတာပဲ။

ဒါကြောင့် စွန့် ပစ်ထားခံ ရတဲ့ ဒီလို မျိုးစေ့တွေ က အပင်ပေါက်ရုံမက အသီးအပွင့်တွေပါဝေဆာ နိုင်စွမ်း ရှိတာ ကို အားလုံး ချီးကျူး ဂုဏ်ပြုရမှာပါ။ ဒါဟာ ဗီဇ မှန်လို့ အပင်သန်တာပဲ ဖြစ်ပါတယ် ။ လိုအပ်တဲ့ ရာသီ ဥတု နဲ့ မြေသြဇာကို ရှေ့မှာရရှိမယ်ဆိုရင်တော့ တိုင်းပြည်က လိုအပ်သလောက် အရည်အသွေးမီ သီးပွင့်လာကြ တော့မှာပါ။

တစ်ခုပဲ ရှိပါတယ် ၊ နိုင်ငံရေး သမားပဲဖြစ်ဖြစ် ၊ မီဒီယာ သမားပဲ ဖြစ်ဖြစ် ၊ ဘောလုံးသမားပဲ ဖြစ်ဖြစ် နှစ်ပေါင်း ၅၀ ကျော် ငုပ်လျှိုးနေရတဲ့ ဗီဇ၊ ပါရမီ တွေနဲ့ အခုလို ရုတ်တရက် ခင်းပြထားတဲ့ အခွင့်အလမ်း ပေါ်မှာ ကသုတ်ကရက် ၊ ဒယိမ်းဒယိုင် နဲ့ အမှားမှား အယွင်းယွင်းတွေ ရှိကြမှာပါ။

ဒါပေမယ့် လိုအပ်တဲ့ စွမ်းအင် နဲ့ လောင်စာ၊ ပြတ်သားတဲ့ ဦးတည်ချက် တည်ငြိမ်တဲ့ ယုံကြည် မျှော်လင့်ချက် တွေကို စနစ် တကျ စုစည်းတည်ဆောက်ပြီး တဲ့ အခါ အခက်အခဲ အတားအဆီးမှန်သမျှကို ခွင်းပြီး ရှေ့ကို အား နဲ့ အင် နဲ့ အရှိန်အဟုန်ပြင်းပြင်း တရှိန်ထိုး တိုးထွက် ခုတ်မောင်း လာပါတော့မယ်ဆိုတာကို ရှေ့ ကနေ ဟို မရောက်ဒီမရောက် ကားယား ကားယား နဲ့ ကာဆီး ကာဆီး လုပ်နေသူများ သတိပေးလိုက်ပါရဲ့။

တရှိန်ထိုး ခုတ်မောင်းလာတော့မယ့် မျိုးဆက်သစ်တွေ ရဲ့ အနာဂတ် အိပ်မက် ရထား မှာ အချက်ပေးဟွန်းသံ ပါ မှာ မဟုတ် လို့ တိုက်ချမခံ ချင်ရင် နင်းကြိတ် မခံနိုင်ရင် လမ်းပေါ်က မြန်မြန်ဖယ်ပေးလိုက်ကြပါလို့ ထပ်ပြီး သတိပေးပါရစေ ။

ဟုတ်ကဲ့ … ဘယ်ကမှ လာခဲ့တာ မဟုတ်ပါဘူး။ အမှောင်ခေတ် က လာခဲ့တာပါ။

သီဟသွေး

= = = = = = = =

ဘယ်ကိုရောက်နေပြီလဲ

(အယ်ဒီတာ)

အဲဒီလို တစ်မိုးထဲမှာ တစ်လမ်းထဲလျှောက်နေရင်းက ၂၀၁၅ အထွေထွေရွေးကောက်ပွဲအလွန် သတင်းမီဒီယာနဲ့အတူ လက်တွဲရုန်းကန်ခဲ့ရသူတို့ ငါးနှစ်သက်တမ်းအာဏာရလာချိန် သက်တမ်းတစ်ဝက်အရောက်မှာတော့ တရားစွဲခံရတဲ့ သတင်း ထောက် အရေအတွက်စုစုပေါင်းဟာ ၄၄ ဦးရှိလာခဲ့ပါပြီ။

‘အသံ’ အဖွဲ့က ကောက်ယူထားတဲ့စစ်တမ်းအရ ဒါဟာ တပ်မတော်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန်သမ္မတလုပ်ခဲ့တဲ့ ငါးနှစ် တာအတွင်း တရားစွဲခံခဲ့ရတဲ့အရေအတွက်အောက် သုံးဦးသာလျော့တော့တယ်ဆိုတာ အံ့သြဖွယ်ရာတွေ့ရှိရပါတယ်။ ဒါ့အပြင် လက်ရှိအစိုးရလက်ထက်မှာ စွဲဆိုထားတဲ့အမှုအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အစိုးရဝန်ထမ်း တစ်နည်းအား ဖြင့် အစိုးရက တရားစွဲဆိုတယ်ဆိုတဲ့အချက်ကလည်း သတိပြုစရာပါပဲ။

ဒါကြောင့် ဘယ်ကနေ ဘယ်လို အနေအထားမျိုးနဲ့ ယုံကြည်ချက်ထား ကြိုးပမ်းခဲ့ကြသူတွေ အကြား ဘယ်လို အခြေအနေတွေရောက်နေပြီလဲဆိုတာ မညှာတမ်း ဝေဖန် ဆန်းစစ်ဖို့လိုမလို တွေးကြည့်ချိန် တန်ပါပြီ။ အဖြေရှာချိန်တန်ပါပြီ။

(အယ်ဒီတာ)

Leave a Reply