ပြောင်းလဲဖို့ အချိန်တန်ပြီဆိုသည့် ကြွေးကြော်သံတိုင်ကာမဲပေးရန်လှုံ့ဆော်ခဲ့ကြသည့်အချိန်၊ ထို့နောက် တစ်ခဲနက် ပြောင်းလဲချိန်တန်ပြီဟု နှိုးဆော်သံဘက်သို့ မဲပေးခဲ့ကြသည့်အချိန်မှာယခုဆိုလျှင် တစ်နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

ပြောင်းလဲလိုသည့်ဆန္ဒ ပြည်သူအများတွင် မည်မျှပြင်းပြသည်ကို ပြသခဲ့ခြင်းကြောင့်နဂိုမူလမဲရနိုင်ခြေရှိသည်ဟုခန့်မှန်းထားသောတိုင်းရင်းသား နိုင်ငံရေးပါတီများမျှော်လင့်ထားသည်နှင့်လွဲ၍ နေရာအများအပြားရှုံးနိမ့်ခဲ့ကြသည်။ သမိုင်းတွင် သင်ခန်းစာယူစရာဖြစ်လောက်အောင် အပြတ်အသတ်ဖြစ်ခဲ့သည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်ခဲ့သည်။

myint-kyaw

ဘယ်လိုပြောင်းလဲကြမလဲ

အစိုးရအဖွဲ့ ပြောင်းလဲခြင်း၊ လွှတ်တော်ထဲယခင် ၅ နှစ်ကရွေးချယ်ခံရသူများအများအပြား ပြန်လည် အရွေးမခံရတော့ခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်၊ အစိုးရအဖွဲ့များအပြောင်းအလဲဖြစ်ခြင်းတို့ ပြီးခဲ့သည့် မတ်လကုန်ကစတင်ဖြစ်ပေါ်လာခဲ့သည်။
အပြောင်းအလဲဖြစ်ပေါ်လာစေရန် နိုင်ငံရေးအပေါ်ထပ် အဆောက်အဦကိုသမ္မတအသစ်၊ ဝန်ကြီးအသစ်၊ လွှတ်တော်အသစ်၊ အစိုးရအသစ်၊ စည်ပင်ကော်မတီအသစ်၊ ရွေးကောက်ပွဲကော်မရှင်အသစ်အစရှိသည်ဖြင့် ဧပြီလဆန်းမှ စတင်ဖော်ဆောင်ခဲ့ကြပေသည်။
ထိုသို့စတင်ဖော်ဆောင်ချိန်မှ ရက် ၁၀ဝ အတွင်းဘာတွေ ပြင်ဆင်ခဲ့သလဲ၊ ဘာတွေပြောင်းလဲခဲ့သလဲဆိုသည်ကိုရက် ၁၀ဝ အစီအစဉ်များဖြင့် ထုတ်ပြန်ခဲ့ကြသလိုမီဒီယာကလည်းရေးသားဖော်ပြခဲ့ကြပေသည်။
ယခုအခါ ရက် ၁၀ဝ မကတော့ဘဲ ၁၈၀ ကျော်လာပြီဖြစ်သော်လည်းပြောင်းလဲသင့်သည့် ကိစ္စရပ်များမပြောင်းလဲသေးသည်ကိုလည်းတွေ့နေမြင်နေကြရသည်။
ထိုသို့ ပြောင်းလဲသင့်သည့် ကိစ္စများမပြောင်းလဲရခြင်းမှာမည်သူ့တာဝန်ဖြစ်ပါသနည်း။ အကြောင်းကိစ္စကိုသေချာစွာနားမလည်ခြင်းကြောင့်လား၊ လုပ်နည်းလုပ်ဟန် မမှန်ခြင်းကြောင့်လား၊ ကျွမ်းကျင်သည့် ပုဂ္ဂိုလ်များရှိပါလျက်နှင့် လုပ်ဆောင်မည့် အဖွဲ့အစည်းများမရရှိခြင်းကြောင့်လားဆိုသည့် မေးခွန်းများလည်းအများအပြားထွက်ပေါ်လျက် ရှိပေသည်။

ပတ်ဝန်းကျင်ကပြောင်းလဲစရာနမူနာတစ်ခု

ရန်ကုန်မြို့၊ မြို့လယ်တစ်ဝိုက် လမ်းဘေးပလက်ဖောင်းတစ်လျှောက်မှာသစ်သီးဆိုင်၊ ဗီဒီယိုခွေဆိုင်များ၊ ရှမ်းခေါက်ဆွဲဆိုင်၊ အဝတ်အထည်ဆိုင်များတစ်ခုနှင့် တစ်ခုဆက်လုမတတ် ရှိနေသည်။ အလုပ်အကိုင် အခွင့်အလမ်းရှားပါးသဖြင့် လမ်းဘေးဈေးရောင်းခြင်းဖြင့် အသက်မွေးကြရသည်ဟုဆိုသည်ကိုနားလည်နိုင်သော်လည်းပလက်ဖောင်းက ၈ ပေခန့်ကျယ်သည်ကိုလမ်းဘေးဆိုင်တွေက ၆ ပေလောက် နေရာယူကာလမ်းသွားလမ်းလာများလျှောက်ဖို့ ၂ ပေခန့်သာချန်ထားတတ်ကြသည်။ အချို့နေရာများတွင် ဆိုင်ကပလက်ဖောင်းအလယ်နေရာကိုလုကာခင်းထားကြပြီးဆိုင်နောက်နှင့် တိုက်အကြား ၂ ပေ၊ ၃ပေ နေရာလွတ်၍ပင် ခင်းထားကြရာဘယ်လိုနားလည်ရမှန်းမသိအောင်ဖြစ်သည်။လမ်းသွားလမ်းလာနှစ်ဦးဆုံလျင် တစ်ယောက်ကိုတစ်ယောက်စောင့်ကာလျှောက်ရအောင် ကျပ်နေမှ လမ်းဘေးဈေးသည်များအနေဖြင့် ဈေးရောင်းကောင်းမယ့် သဘောလားမပြောတတ်ပါ။
အလားတူပင် ကျွန်တော်တို့ အိမ်လမ်းထိပ်ကကွမ်းယာဆိုင်ဆိုလျှင်လည်းကားလမ်းအကွေ့အချိုးကိုတမင်တကာထိုးထွက်နေရာယူကာရောင်းချနေသည်။ လမ်းသွယ်ထဲမှ ကွေ့ထွက်မည့်ကားအဖို့လည်းရှောင်ရမည့် အခြေအနေဖြစ်နေပြီးလမ်းသွားလမ်းလာများအဖို့လည်းကွမ်းယာဆိုင်ဘေးအမိုးတိုင်ကိုရှောင်ရတစ်ခါတစ်ရံကွမ်းယာဆိုင်ရှေ့ ရပ်ကာစောင့်နေသူ၊ ဆေးလိပ်ဖွာနေသူများကိုရှောင်တိမ်းရနှင့် အတားအဆီးတခုလိုဖြစ်နေသည်။  ယင်းဆိုင် နောက်ဘက်တွင် ၃ ပေ ၄ ပေနေရာလွတ်ကိုမလိုအပ်သည့် ခုံများချကာလမ်းပိတ်ထားသည်။

မိမိအခွင့်အရေးနဲ့ အများအခွင့်အရေး

မိမိ၏ သက်မွေးဝမ်းကျောင်းအခွင့်အလမ်းအတွက် အခြားသောသူများ၏ အခွင့်အရေးတွေ ထိခိုက်အောင် လုပ်ခြင်းများ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အများအပြားကြုံတွေ့နေကြရသည်။ မိမိအတွက် မရှိမဖြစ်လိုအပ်ချက် မဟုတ်ပါဘဲလျက် လိုအပ်သည်ထက်ပို၍ နေရာယူခြင်း၊ အခွင့်အရေးယူခြင်းဖြင့် အခြားသူအားလုံး၏ အခွင့်အရေးထိပါးခံရခြင်းဖြစ်သည်။
ဆိုပါစို့ အလုပ်အကိုင် ရှားပါးမှုကြောင့် လမ်းဘေးဈေးရောင်းခြင်းသည် မရှိမဖြစ်လိုအပ်ချက် တစ်နည်းအားဖြင့် မရှောင်မလွှဲသာပါဟုဆိုလျင် လက်ခံပါသည်။ သို့သော် မိမိဈေးဗန်း၊ ဈေးဆိုင်ကိုလမ်းသွားလမ်းလာများအနှောင့်အယှက်ဖြစ်လောက်အောင် ခင်းကျင်းဖို့ မလိုအပ်ဟုဆိုချင်ပါသည်။
လမ်းလယ်ယာဉ်ကြောတွင် ခရီးသည်အတင်အချလုပ်သည့် ဘတ်စ်ကားများလည်းအလားတူပင်ဖြစ်သည်။ ခရီးသည် အတင်အချ လုပ်ခွင့်ရှိသည် ထိုသို့လုပ်မှသာ ၎င်းတို့၏ စီးပွားရေးအသက်မွေးဝမ်းကျောင်းချောမွေ့မည်ဖြစ်သော်လည်းလမ်းလယ်ယာဉ်ကြောတွင် ပိတ်ရပ်ကာလုပ်ခြင်းဖြင့် ကျန်ခရီးသွားလာသူများကို နှောင့်နှေးကြန့်ကြာစေခြင်းကြောင့် အခြားသူများ၏ အခွင့်အရေးကိုထိပါးခြင်းဖြစ်သည်။
ထိုသို့ ထိပါးခြင်းဖြစ်သည်ကိုလည်းအခွင့်အရေးယူသူများသတိပြုမိကြရဲ့လားဟုသိချင်မိပါသည်။
ယခုနမူနာကိစ္စနှစ်ရပ်မှာလူတိုင်းမိမိတို့ ပတ်ဝန်းကျင်တွင် ကြုံတွေ့နေရသည့် ကိစ္စများဟုထင်ပါသည်။ အထူးအဆန်းများမဟုတ်ကြပါ။ အိမ်နောက်ဖေးလမ်းကြားအမှိုက်ပစ်ခြင်းသည်လည်းယခုနမူနာများထဲမှ တစ်ခုဖြစ်သည်။
ယခုဆောင်းပါးအတွက် ပြောချင်သည့် အဓိကအချက်ကယခုကဲ့သို့သောမိမိတို့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကိုဘယ်လိုပြင်ကြမလဲ၊ ဘယ်လိုပြောင်းကြမလဲဆိုသည့် အချက်ပင်ဖြစ်သည်။

ဘယ်နည်းနဲ့ ပြင်ကြမလဲ၊ ပြောင်းကြမလဲ

အထက်ကနမူနာ ပြခဲ့သည့် အဖြစ်အပျက်များသည် ရန်ကုန်မြို့တွင်သာမကပါ။ နယ်မြို့တွေမှာလည်းနယ်မြို့အလျှောက် အမှိုက်ပစ်သည့် ပြဿနာ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ပြဿနာစသဖြင့် အသီးအသီးရှိကြမည်ဖြစ်သည်။ ရန်ကုန်မြို့ကတော့ လူဦးရေများခြင်းကြောင့် မြင်သာထင်သာနမူနာပြစရာတွေ တစ်ပုံတစ်ပင်ရှိသည်။
ပြောချင်သည့် လိုရင်းကယခုကိစ္စတွေကိုဘယ်လိုနည်းဖြင့် ပြင်ကြမလဲဆိုသည်ပင်ဖြစ်သည်။ ဖြစ်ပွားရသည့် အကြောင်းရင်းကိုဆန်းစစ်လျင် အမျိုးမျိုးသောရှုထောင့်များကောက်ချက်များရှိနိုင်ပါသည်။ အစိုးရ၏ ဥပဒေကြပ်မတ်မှု အားနည်းခြင်းကြောင့်၊ ပညာရေးစနစ် အားနည်းခဲ့ခြင်းကြောင့် စသည့် အသီးသီးသောအကြောင်းအချက်တွေ ရှိကြပေလိမ့်မည်။
တိုင်းပြည်စီးပွားရေးနိမ့်ပါးခြင်း၊ တိုးတက်မှုမရှိခြင်း၊ လူနေမှု အဆင့်အတန်းနိမ့်ကျခြင်းများကိုယခင်အာဏာရှင် အစိုးရများ၊ အစိုးရနှင့် ပေါင်းကာအခွင့်အရေးယူခဲ့ကြသည့် ခရိုနီများကြောင့်ဟုဆိုကြသည်။ ယင်းသို့ ဆိုခြင်းကိုမှားသည်ဟုမဆိုပါ။ တိုင်းပြည် စီးပွားရေးတိုးတက်ဖို့ လုပ်သင့် လုပ်ထိုက်သည်များကိုမှန်ကန်သည့် မူဝါဒချ၍ တိတိကျကျ လုပ်ဆောင်ဖို့ အစိုးရ၏ တာဝန်ဖြစ်သည်။
တစ်ဖက်တွင် လူတွေကြားထဲ ဖြစ်ပွားနေသည့် ယခုကိစ္စမျိုးပြောင်းလဲလာဖို့၊ ပြုပြင်ဖို့ကအစိုးရ၏ တာဝန်သက်သက် မဟုတ်တော့ဟု မြင်သည်။ လူတိုင်းပါဝင်ပတ်သက်နေသည့် ကိစ္စဖြစ်သည်။ ခရိုနီကိစ္စမဟုတ်သလိုစီးပွားရေးမူဝါဒလည်းမဟုတ်ခြင်းကြောင့် ဖြစ်သည်။
ရေရှည်ပြုပြင်ရမည့် အကြောင်းရင်းတွေကိုရေရှည် လုပ်ငန်းစဉ်ထဲထည့်သွင်းကာလုပ်ဆောင်ဖို့ လိုမည်ဖြစ်ပြီးလတ်တလော ပြုပြင်နိုင်သည့် အကြောင်းတွေ၊ လုပ်ဆောင်မှုတွေကမည်သည့် အရာတွေဖြစ်မလဲ။
အထက်ကလိုလမ်းဘေးဈေးသည်တွေ၊ ဘတ်စ်ကားမောင်းသူတွေ မိမိတို့အခွင့်အရေးနှင့် အခြားသူများ၏ အခွင့်အရေးထိပါးခြင်းကိုနားလည်လာအောင် ဘယ်လိုပညာပေးမည်လဲ၊ ဘယ်လိုပြောင်းလဲအောင် လုပ်မည်လဲ။

အစိုးရကလုပ်ရမှာလား၊ လူမှု အသိုက်အဝန်းကလုပ်ရမှာလား

အစိုးရအနေဖြင့်လည်းလူထုကိုပညာပေးဖို့လိုအပ်သည်ဟုမြင်သည်။အရေးယူဆောင်ရွက်ခြင်းသည်တစ်ခုသောနည်းလမ်းဖြစ်သည်မှာအငြင်းမပွားလိုပါ။သို့သော်အရေးယူခြင်းနည်းလမ်းတစ်ခုတည်းဖြင့်တော့မရနိုင်ဟုထင်မြင်မိသည်။ဖြစ်ပွားသည့်အတိုင်းအတာကကျယ်ပြန့်ခြင်းကြောင့်တစ်ကြောင်းအရေးယူဆောင်ရွက်မည့်ဝန်ထမ်းအင်အားနှင့်တစိုက်မတ်မတ်လုပ်ဆောင်နိုင်မှုတို့ကမေးခွန်းထုတ်စရာဖြစ်ပါလိမ့်မည်။
နည်းလမ်းတစ်ခုရှိသည်မှာလူမှုအသိုက်အဝန်းကိုယ်တိုင်ပါဝင်ပညာပေးပြုပြင်ခြင်းနည်းလမ်းဖြစ်သည်။ကူညီရေးကယ်ဆယ်ရေးတို့တွင်အရပ်ဘက်အဖွဲ့အစည်းများ၊ပရဟိတအဖွဲ့အစည်းများအနေဖြင့်ပါဝင်လုပ်ဆောင်သကဲ့သို့ယခုလိုကိစ္စများတွင်လည်းကမကထပြုကာလုပ်ဆောင်သင့်သည်ဟုထင်မြင်သည်။
အရပ်ဘက်အဖွဲ့အစည်းများ၏ပါဝင်လုပ်ဆောင်မှုဖြင့်မိမိအခွင့်အရေးနှင့်အခြားသူအများအခွင့်အရေးထိပါးခြင်းတို့ကိုပညာပေးခြင်းဖြင့်လူတိုင်းပါဝင်သောလှုပ်ရှားမှုဖြစ်စေကာရေရှည်ခံသည့်ပြောင်းလဲမှု၊ပြုပြင်မှုဖြစ်စေနိုင်သည်ဟုမြင်ပါသည်။

Written by – မြင့်ကျော်

Leave a Reply