ဆက်သွယ်ရေးအော်ပရေတာ MyTel ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နေသည်များကို ရပ်ဆိုင်းပစ်မည်ဟု ဘယ်ဂျီယံနိုင်ငံအခြေစိုက် ဆက်သွယ်ရေးနည်းပညာကုမ္ပဏီ Newtec က သြဂုတ်၆ ရက်စွဲဖြင့် ကြေညာလိုက်သည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ သြဂုတ် ၅ ရက်က ထုတ်ပြန်ချက်အပြီး တစ်ရက်အကြာတွင် Newtecကုမ္ပဏီ၏ ယခုထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်ပြီးအဆိုပါကုမ္ပဏီမှာ MyTel နှင့် ၂၀၁၈ ဇူလိုင်ကစ၍ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Newtec ကုမ္ပဏီသည် အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ထုတ်ပြန်ချက်ပါ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည့် စီးပွားရေးလုပ်ငန်းများ၊ အဆိုပါကုမ္ပဏီများ၏လက်အောက်ခံကုမ္ပဏီများနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်နေသည့် နိုင်ငံတကာကုမ္ပဏီများအနက်မှ တစ်ခုဖြစ်သည်။

စင်္ကာပူ၊ ဘရူနိုင်း၊ တရုတ်၊ ဘရာဇီးနှင့် အမေရိကန်နိုင်ငံတို့တွင် ရုံးခွဲများရှိပြီး ဘယ်ဂျီယံနိုင်ငံတွင် အခြေစိုက်သည့် Newtec သည် ဆက်သွယ်ရေးနည်းပညာနှင့် ပတ်သက်သည့် ပုံစံဒီဇိုင်းများရေးဆွဲခြင်းနှင့် ဂြိုလ်တုဆက်သွယ်ရေး နည်းပညာပစ္စည်းများ ထုတ်လုပ်သည့်ကုမ္ပဏီ ဖြစ်သည်။

အဆိုပါ Newtec ကုမ္ပဏီသည် တပ်မတော်ခေါင်းဆောင်များနှင့် ဆက်စပ်လျက်ရှိသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) အတွက် နည်းပညာနှင့်ပစ္စည်းများ ထောက်ပံ့ပေးသူအဖြစ်ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

“MyTel ကုမ္ပဏီသည် Newtec ကုမ္ပဏီသို့ တိုက်ရိုက်ဆက်သွယ် ချဉ်းကပ်ခဲ့ခြင်း မဟုတ်” ဟု Newtec က ၎င်းတို့နှင့် MyTel ၏ အစပြုခဲ့ပုံကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် “ကုလသမဂ္ဂ၏အကြံပြုချက်များကို လိုက်နာသွားမည်ဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ MyTel တို့နှင့် စီးပွားရေးအရ ဆက်နွယ်မှုများကို ရပ်တန့်သွားမည်” ဟု MyTel နှင့် ၁၂ လကြာ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် Newtec က ထည့်သွင်းဖော်ပြထားသည်။

ကုလသမဂ္ဂအစီရင်ခံစာ ထွက်လာပြီးနောက် ဘယ်ဂျီယံအခြေစိုက် Newtec ကုမ္ပဏီအပြင် ယူကေအခြေစိုက် လမ်းကြောင်းပြစနစ် (Navigation System)များ ရောင်းချသည့် Veripos ဟူသည့် ကုမ္ပဏီကလည်း တုန့်ပြန်ဖြေရှင်းချက်များ ထုတ်ထားသည်။

ကုလသမဂ္ဂ၏ ယခုထုတ်ပြန်ချက်နှင့်ပတ်သက်၍ “Veripos အနေဖြင့် ကုလသမဂ္ဂ၏ ချမှတ်ထားသည့် မည်သည့်စည်းဘောင်များကိုမဆို လိုက်နာဆောင်ရွက်သွားမည်” ဟု Veripos ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး လန်ဒန်အခြေစိုက် The Guardian သတင်းစာက ရေးသားသည်။

သို့သော် တပ်မတော်နှင့် ဆက်နွယ်ပတ်သက်မှုများကို ရပ်တန့်သွားမည်လားဆိုသည့် ကိစ္စနှင့်ပတ်သက်၍ တိကျသည့်ဖော်ပြချက်မျိုး မပါရှိပေ။

တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုများနှင့် ဖက်စပ်လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် စီးပွားရေးဆက်ဆံမှုများ ပြုလုပ်ခြင်းကြောင့် စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးရာ ရောက်ပြီး “အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများ ချိုးဖောက်မှုတို့အပေါ် ပံ့ပိုးဖြည့်ဆည်းပေးသူ သို့မဟုတ် ထိုပြစ်မှုတို့နှင့် ဆက်နွယ်သူအဖြစ်” သတ်မှတ်ခံရနိုင်ချေ များသည်ဟု အစီရင်ခံစာက ဆိုသည်။

တပ်ပိုင် စီးပွားရေးလုပ်ငန်းများနှင့် ပြည်တွင်းတွင် ဖက်စပ်လုပ်ကိုင်သည့် နိုင်ငံခြားကုမ္ပဏီ ၁၅ခုနှင့် အခြားသော စီးပွားရေးဆက်ဆံမှုများ ပြုလုပ်သည့် နိုင်ငံခြားကုမ္ပဏီပေါင်း အနည်းဆုံး၄၄ ခုခန့် ၊ စုစုပေါင်း ၅၉ ခုခန့် ရှိသည်ဟု ယင်းအစီရင်ခံစာအရ သိရသည်။

Leave a Reply