၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ကျောင်းသားများအတွက် အမှတ်စာရင်းများကို စတင်ထုတ် ပေးနေပြီဖြစ်သည်။
အောင်စာရင်း၏ ရလဒ်ဖြစ်သော အမှတ်စာရင်းများကို ရရှိပြီးသည့်နောက် မကြာခင်လများအတွင်း တက္ကသိုလ်ပညာရေးစနစ်သို့ စတင်တက်လှမ်းကြတော့မည်ဖြစ်သည်။

choice Uni

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ နိုင်ငံခြားဘာသာ တက္ကသိုလ်၊ အဝေးသင် တက္ကသိုလ်နှင့် ဝန်ကြီးဌာနလက်အောက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်လှမ်းကြရာတွင် လက်ရှိအချိန်အထိ အမှတ်ကိုအခြေခံ၍ ကျောင်းတက်ရောက်ခွင့်ရရှိမည့် အခြေအနေသာဖြစ်နေသေးသည်။
မည်သို့သောဝင်ခွင့်စနစ်ဖြင့်သာ တက်ရောက်ရသည်ဖြစ်ပါစေ ဝါသနာပါသည့် ဘာသာရပ်၊ စိတ်ဝင်စားသည့် ဘာသာရပ်ကို သာရွေးချယ်တက်ရောက်သင့်ကြောင်း တက္ကသိုလ်ဆရာ၊ဆရာမများက လမ်းညွှန် ပြောကြားကြသည်။

ဝါသနာပါရာသို့

ကျောင်းသားများ တက္ကသိုလ်ဝင်တန်းအောင်ရာတွင် အမှတ်စာရင်းများကို ရရှိပြီးပါက မည်သည့် ကျောင်းတက် ရောက်မည်ကို မိဘများက ဝင်ရောက်ဆုံးဖြတ်ပေးလေ့ရှိကြသည်။

ဒဂုံတက္ကသိုလ်၊ဥပဒေပညာဌာနတွင် ပါမောက္ခတစ်ဦးဖြစ်သူ မိခင်စောအောင်က မိဘများသည် သားသမီးများကို ဝါသနာပါရာ ပညာရပ်များကို ရွေးချယ်၍ ပညာသင်ကြားစေသင့်ကြောင်း အကြံပေးပြောဆိုသည်။
“ကလေးတွေကို မိဘတွေတက်စေချင်တဲ့ လိုင်းဘဲတက်ခိုင်းတာမဖြစ်သင့်ဘူးလို့မြင်တယ်” ဟု ၎င်းက ရှင်းပြသည်။

သားသမီးများသည် ဝါသနာပါရာဘာသာရပ်ကို ရွေးချယ်ခွင့်ရခြင်းဖြင့် ပညာသင်ကြားရာတွင် ပိုမိုပျော်ရွှင်၍ လွတ်လွတ်လပ်လပ်ရှိလာမည်ဖြစ်ကာ အသက်မွေးဝမ်းကြောင်းရာတွင် အထောက်အကူဖြစ်လာမည်ဖြစ်သည်။

ပညာရပ်တိုင်းတွင် တန်ဖိုးအသီးသီးစီရှိကြပြီး ဘာသာရပ်များအားလုံးသည် လူ့အဖွဲ့အစည်းအတွက်သာမက သင်ကြားသူတိုင်းအတွက် အကျိုးရှိသော ဘာသာရပ်များဖြစ်ကြသည်။

ဝင်ခွင့်ကို အမှတ်စနစ်ဖြင့် သတ်မှတ်ထားပါက တက္ကသိုလ်တက်ရောက်ရာတွင် မိမိဝါသနာပါသည့် ဘာသာ ရပ်ကို ရွေးချယ်ရန် အခက်အခဲအဖြစ်နိုင်ပြီး အမှတ်မီသည့်ဘာသာရပ်များတွင်လည်း စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်သင့်ပေသည်။

“အခု ကလေးတွေမှာ ကိုယ်ဘာကိုစိတ်ဝင်စားမှန်းမသိဘဲနဲ့ အမှတ်မီတာကို တက်လိုက်ရတယ်၊ အဲဒါကိုစိတ်မဝင်စားဘူး၊ မလိုက်နိုင်ဘူးဆိုရင် ပြဿနာဖြစ်နိုင်တယ်၊ တက်နေရင်းနဲ့ စိတ်ဝင်စားသွားရင်တော့ ကောင်းတာပေါ့”ဟု ပါမောက္ခ မိခင်စောအောင်က သုံးသပ်ပြောဆိုသည်။
လက်ရှိအချိန်တွင်မူ ဆေးတက္ကသိုလ်နှင့် စက်မှုတက္ကသိုလ်စသော ကျောင်းများကို အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိမည်ဟု မှတ်ထင်၍ တက်ရောက်နေကြခြင်းဖြစ်ပြီး ကျောင်းသားများမှာ မည်သည့်ဘာသာရပ်မဆို အရေးပါသည်ကို မသိရှိကြကြောင်း ပညာရေးလေ့လာသုံးသပ်သူတို့က ပြောဆိုကြသည်။

“ဘာသာရပ်တိုင်းဟာ ကိုယ်သာအမှန်တကယ် ကြိုးစားမယ်ဆိုလို့ရှိရင် သင်ယူလိုက်တဲ့အပေါ်မှာ မူတည်ပြီးတော့ မြန်မာစာဘဲဖြစ်ဖြစ်၊ ပထဝီဘဲဖြစ်ဖြစ် အရေးပါတယ်၊ တန်ဖိုးရှိတယ် ဆိုတဲ့အကြောင်းကို သိစေချင်တယ်”ဟု မိခင်စောအောင်က ဆိုလေသည်။

အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များ

အသက်မွေးဝမ်းကြောင်းတက္ကသိုလ်များတွင် ဆေးတက္ကသိုလ်၊ ရေကြောင်းတက္ကသိုလ်တို့သာ အမှတ်မြင့် တက္ကသိုလ်ဖြစ်ခဲ့ရာမှ ယခင်နှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်(YIT)နှင့် မန္တလေးစက်မှုတက္ကသိုလ် တို့မှာလည်း အမှတ်မြင့်ကျောင်းများအဖြစ် ရပ်တည်နိုင်ခဲ့ကြသည်။
အဆိုပါကျောင်းများမှာ သက်ဆိုင်ရာနှစ်အလိုက်ပညာရေးပြီးဆုံးပါက ဆရာဝန်၊အင်ဂျင်နီယာစသဖြင့် အသက်မွေးဝမ်းကြောင်းနိုင်သောကြောင့် မိဘများက နှစ်သက်ကြလေ့ရှိသည်။

အမှတ်စနစ်သတ်မှတ်ချက်ဖြင့် ကျောင်းဝင်ခွင့်ကို သတ်မှတ်လျှင်မူ စက်မှုတက္ကသိုလ်အမှတ်မမီသော ကျောင်းသားများမှာ မော်လမြိုင်နည်းပညာတက္ကသိုလ်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။

နည်းပညာကျောင်းများတွင် အင်ဂျင်နီယာဘာသာရပ်များဖြစ်သည့် အီလက်ထရွန်နစ်နည်းပညာများ၊ မြို့ပြအင်ဂျင်နီယာသင်တန်းနှင့် စက်မှုလုပ်ငန်းများဆိုင်ရာ ဘာသာရပ်များကို အထူးပြုဘာသာရပ်အဖြစ် အသီးသီးရွေးချယ် တက်ရောက်နိုင်မည်ဖြစ်သည်။ ဗိသုကာပညာရပ်ကို သင်ကြားလိုပါက ရန်ကုန်တွင် သာ သင်ကြားရမည်ဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်းဝင်ရောက်လာပြီဖြစ်ရာ စက်မှုနည်းပညာနှင့် အီလက်ထရွန်နစ်နည်းပညာများကို သင်ကြားကြသူကျောင်းသားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပေါ်ထွန်းနေပြီဖြစ်သည်။

ယခင်ခေတ်အဆက်ဆက်တွင် များသောအားဖြင့် တက္ကသိုလ်ဝင်တန်းတွင် ရမှတ်ကောင်းဖြင့် အောင်မြင်သူ အများစုမှာ အလုပ်အကိုင် အခွင့်အလမ်းလွယ်ကူသည့် ဝင်ခွင့်အမြင့်ဆုံးတက္ကသိုလ်များကိုသာ ရွေးချယ်လေ့ ရှိသောကြောင့် ဝါသနာပါရာလမ်းကြောင်းနှင့် ပညာရပ်ပိုင်းဆိုင်ရာ ဘာသာရပ်များတွင် နစ်နာမှုများခဲ့ရသည်။

ဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ် ပညာရေး

ပညာရပ်ပိုင်းဆိုင်ရာ တက္ကသိုလ်များတွင်မူ ယခင်ကဝင်ခွင့်အမှတ်မြင့်ခဲ့သည်မှာ နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် ပညာရေးတက္ကသိုလ်များသာရှိခဲ့သည်။
သို့သော် ပြီးခဲ့သောနှစ်များတွင် ထူးချွန်ကျောင်းသားများတက်ရောက်ရန် ဝင်ခွင့်အမှတ်မြင့်များဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်များကိုဖွင့်လှစ်ခဲ့သည်။

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် နှစ်စဉ် အင်္ဂလိပ်နှင့် တရုတ်ဘာသာရပ်များ အမှတ်မြင့်ဘာသာရပ်များဖြစ်ပြီး တက်ရောက်လိုသည့် ကျောင်းသားများပြားသည့်ဘာသာရပ်များလည်းဖြစ်သည်။

ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့တွင်မူ အင်္ဂလိပ်စာ၊နိုင်ငံတကာဆက်ဆံရေးပညာ၊ကွန်ပျူတာသိပ္ပံ၊ ဥပဒေပညာရပ်များမှာ ဝင်ခွင့်အမှတ်မြင့်ခဲ့သည်။ ပညာရပ်ဆိုင်ရာတက္ကသိုလ်များ၏ ပုံမှန်သင်တန်းကာလမှာ လေးနှစ်ဖြစ်ပြီး ဥပဒေဘာသာရပ်တက်ရောက်သူများမှာ ငါးနှစ်သင်တန်းတက်ရောက်ရမည်ဖြစ်သည်။

ထူးချွန်တက္ကသိုလ်တက်ရောက်ရန်မမှီသည့် ကျောင်းသားများမှာ မော်လမြိုင်တက္ကသိုလ်တွင်လည်း ရန်ကုန် တက္ကသိုလ်တွင် သင်ကြားမည့် နိုင်ငံရေးသိပ္ပံမှအပ ကျန်ဘာသာရပ်အများအပြားကို သင်ကြားနိုင်မည်ဖြစ်သည်။

ယင်းတက္ကသိုလ်များမှာ ပညာရပ်ပိုင်းဆိုင်ရာဘာသာရပ်များကို အထူးပြုသင်ကြားပေးသော တက္ကသိုလ် များဖြစ်ပြီး လက်ရှိအချိန်တွင် တိုင်းပြည်ပြောင်းလဲချိန်တွင် အဆိုပါပညာရပ်နယ်ပယ်များအတွက် လူ့စွမ်းအား အရင်းအမြစ်များ လိုအပ်နေပေသည်။
ထို့အတူ စီးပွားရေးဘာသာရပ်များမှာလည်း ယခုနှစ်ပိုင်းများတွင် စိတ်ဝင်စားမှုများပြား၍ တက်ရောက်မှု များပြား သော ဘာသာရပ်များဖြစ်လာသည်။
စီးပွားရေးဘာသာရပ်များတွင် နောက်ပိုင်း၌ ခရီးသွားလုပ်ငန်း၊ စီးပွားရေးစီမံခန့်ခွဲမှုပညာရပ်များမှာ ကျောင်းသား ထုအကြား ရေပန်းစားလာသော ဘာသာရပ်များဖြစ်ပြီး ဝင်ခွင့်အမှတ်မြင့်မားကာ အလုပ်အကိုင်ဖန်တီး ပေးနိုင်သော ပညာရပ်များဖြစ်နေသည်။

အဝေးသင်တက္ကသိုလ်များ

တက္ကသိုလ်တွင် နေ့ကျောင်းတက်ရန် အချိန်မပေးနိုင်သူများ၊အခြားပြင်ပတွင် ပုဂ္ဂလိကကျောင်းများကို တက်ရောက်လိုသူများနှင့် အလုပ်လုပ်ကိုင်ရန် စဉ်းစားထားကြသူများမှာမူ အဝေးသင်တက္ကသိုလ်များကို တက်ရောက်လေ့ရှိကြသည်။

အဝေးသင်ပညာရေးသည် နေ့ကျောင်းပညာရေးမတက်နိုင်သူများကို နေ့ကျောင်းသင်ရိုးအတိုင်း သင်ကြားပေး သော စနစ်တစ်ခုဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများ၏ စိတ်ပါဝင်စားမှုအရ အိမ်တွင် ပုံမှန်ပြုလုပ်ရမည့် Assignment နှင့် သိပ္ပံဘာသာရပ်များအတွက် လက်တွေ့တို့ကို အသားပေးသော ပညာရေးစနစ်ဖြစ်သည်။

သိပ္ပံဘာသာတွဲပညာရပ်များကို အထူးပြုတက်ရောက်သူများမှာ စနေ၊တနင်္ဂနွေနေ့များတွင် ကျောင်းတက်၍ လက်တွေ့ပြုလုပ်ရမည်ဖြစ်ပြီး ဝိဇ္ဇာဘာသာတွဲများမှာမူ အနီးကပ်ဆယ်ရက်သာတက်ရောက်ရမည်ဖြစ်သည်။

လက်ရှိတွင် အဝေးသင်တက္ကသိုလ် ပညာသင်နှစ်ကို လေးနှစ် သတ်မှတ် သင်ကြားလျက်ရှိပြီး ပညာရေးကိုဂရုတစိုက် လေ့လာပါက နေ့ကျောင်းတက်သူများကဲ့သို့ တတ်မြောက်နိုင်သည်။

ကြိုးစားလေ့လာပါက အောင်မြင်မှုရရှိနိုင်သော်လည်း ကျောင်းသားများ၏ လက်တွေ့သင်ယူလိုစိတ် နည်းပါး မှုနှင့် စိတ်ပါဝင်စားမှုနည်းပါးခြင်းတို့ကြောင့် အဝေးသင်ပညာရေးတွင် အားနည်းချက်တို့ရှိခဲ့ကြောင်း ပညာရေး သုံးသပ်သူတို့ကပြောကြားသည်။

Leave a Reply