ထားဝယ် မတ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါကမ်းခြေရွာ ဒေသခံများတွင် ဆင်တုပ်ကွေးရောဂါဖြစ်ပွား လျက်ရှိကြောင်း ရပကနအဖွဲ့(ရောဂါမျိုးသယ်ဆောင်သောပိုးမွှားကောင်များမှတဆင့်ကူးစက်တတ်သောရောဂါများကာကွယ်နှိမ်နှင်းရေးအဖွဲ့) ထံမှ သိရသည်။

နဘုလယ်ကျေးလက်ကျန်းမာရေးဌာန နယ်မြေအတွင်း ကျေးရွာများတွင် နာမကျန်းသူ များစွာရှိနေကြောင်း သတင်းရရှိသဖြင့် လူနာ ၁၄၃ဦးကို မတ်လ ၅ ရက်တွင် ဘဝါကမ်းခြေစာသင်ကျောင်း၌ ဆေးကုသမှုကိုဆောင်ရွက်ပေးခဲ့ကြောင်း၊ အဖျားလူနာ၃၃ဦး၊အဖျားပြီးအဆစ်ကိုက်နေသူ၃၇ဦး၊အ ဖျားပြီး အဆစ်ကိုက်၍ အနီစက်ဖြစ်သူ၁၃ဦးတွေ့ရကြောင်း ယင်းအဖွဲ့တာဝန်ခံ ဒေါက်တာနန္ဒဝင်း က ပြောကြားသည်။

“ထူးခြားလက္ခဏာက ဘာလဲဆိုတော့ အဆစ်ကိုက်တယ်၊ အဖျားကြီးတယ်၊ ပြီးတော့ အနီပြင်တွေထတယ် ။ အဲဒါတွေ လူအများကြီးဖြစ်တယ်၊ အဆစ်ကိုက်တာသည် တကယ့်ကို ထူးထူးခြားခြားနဲ့ကို ဖြစ်နေတာ”ဟု ၎င်းကဆိုသည်။

လူနာ ငါးဦး၏ သွေးနမူနာကိုယူ၍ အမျိုးသားဓါတ်ခွဲခန်း(ရန်ကုန်)သို့ မတ်လ ၆ ရက်တွင် ပေးပို့ခဲ့ရာ ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးတွင် ဆင်တုပ်ကွေးရောဂါရှိသည်ဟု အတည်ပြုချက်အဖြေ နောက်တစ်ရက်တွင်ရရှိခဲ့သည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

ယခုအချိန်တွင် ရောဂါဆက်လက်ဖြစ်ပွားမှုကို ကာကွယ် တားဆီးရန် ကျန်းမာရေးအသိပေးခြင်း၊ ပိုးလောက် လန်းနှိမ်နင်းရေးလုပ်ငန်းများကို ကျေးရွာနေလူထုအားလုံးတစ်ပြိုင်နက်တည်း အင်တိုက်အားတိုက်ဆောင်ရွက်ရန် အသိပေးလှုံ့ဆော်မှုများ လုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

နဘုလယ်ဒေသရှိ ဘဝါကမ်းခြေ၊ ထိန်းကြီး၊လဲရှောင်နှင့် ကျောက်ထောင့်ကျေးရွာတို့တွင် တာရှည်ခံဆေးစိမ်ခြင် ထောင် ၃၄၉၅ လုံးကိုလည်း ဖြန့်ဝေထားကြောင်း၊ ရောဂါကူးစက်မှုအခြေအနေကို ပိုမို တိကျစွာ သိရှိနိုင်ရန်အတွက် သံသယဖြစ်ဖွယ်လက္ခဏာရှိသော လူနာများအနက် ဘဝါကမ်းခြေရွာ မှ၃ဦး၊ထိန်း ကြီးရွာမှ ၂ဦး၊ လဲရှောင်ရွာမှ ၁ဦး စုစုပေါင်း၆ဦး၏ သွေးနမူနာကို အမျိုးသားဓါတ်ခွဲခန်းသို့ မတ်လ ၇ ရက်တွင် ပေးပို့ ထားကြောင်း သိရသည်။

နေပြည်တော်အခြေစိုက် ရောဂါနှိမ်နင်းရေးဌာနမှ ပိုးမွှားကျွမ်းကျင်ပညာရှင်နှင့်အဖွဲ့ ထားဝယ်သို့ မတ်လ၈ရက်တွင်ကွင်းဆင်းထောက်လှမ်းခြင်းလုပ်ငန်းများလုပ်ဆောင်သွားမည်ဖြစ်ကြောင်းဒေါက်တာနန္ဒဝင်းက မတ် ၇ ရက်တွင်ပြောသည်။

ချင်ကန်ဂူညာအဖျား ခေါ် ဆင်တုပ်ကွေးရောဂါမှာ ၂၀၀၉-၂၀၁၀ က တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် တစ်ကြိမ်၊ ၂၀၀၆ ခုက ဧရာဝတီတိုင်းတွင် တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသည်။ အာရှ၊ အာဖရိက၊ဥရောပနှင့်အမေရိကတိုက်တို့မှ နိုင်ငံ ၆၀ ကျော်တွင်ဖြစ်ပွားခဲ့ပြီး အသက်အရွယ်၊ ကျား မ မရွေး ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ရောဂါလက္ခဏာမှာ ဖျားနာခြင်း၊အဆစ်များနာကျင်ခြင်း၊ကြွက်သားနာ ကျင်ခြင်း၊ခေါင်းကိုက်ခြင်း၊အော်ဂလီဆန်ခြင်း၊ မောပန်းခြင်း၊ အကွက်ထခြင်းတို့ဖြစ်ပြီး အသက်အန ္တရာယ်မစိုးရိမ်ရသော ရောဂါမျိုးဖြစ်သည်ဟုလည်း သိရသည်။

တင့်လွင်

Leave a Reply