Advertisements

ဘားအံ အောက်တိုဘာ ၁၀

ကရင်ပြည်နယ် ဘားအံမြို့ကမ်းနားလမ်းစီမံကိန်းမှာ တစ်နှစ်အတွင်း လုပ်ငန်းပြီးစီးမှု ၇၀ရာ ခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ သတ်မှတ်ချိန်ထက် ပို၍ စောလျင်စွာ ပြီးစီးရန် သတ်မှတ်သုံးစွဲငွေ သိန်း ၉၈၀၀၀ကျပ်ထက်မနည်း ကျော်လွန် သုံးစွဲသွားမည်ဖြစ်ကြောင်း စီမံကိန်း လုပ်ကိုင်ခွင့်ရ UHM development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးထွန်းအောင်ရွှေက ဟင်္သာမီဒီယာကို အောက်တိုဘာလ ၁၀ရက်တွင် ပြောသည်။

အဆိုပါ စီမံကိန်းကို ဇုံ ၃ခုဖြင့် လုပ်ငန်း အကောင်အထည်ဖေါ်ရာ၌ စုစုပေါင်း ပေ ၆၀၀၀ ရှည်လျားကြောင်း၊ ကမ်းနားစီမံကိန်းတွင် အစိုးရက မြေပိုင်ဆိုင်မှု ပေးခြင်းမဟုတ်ကြောင်း လုပ်ပိုင်ခွင့်အဖြစ် ခွင့်ပြုခြင်းသာဖြစ်ကြောင်း သိရသည်။

ပထမဇုန် ၁၌ ဖါးမဲတောင်မှ ရွှေယာဉ်မျှော်ဘုရားအထိဖြစ်ပြီး ဖါးမဲတောင် ခရေလမ်းမှ ပိတောက်လမ်းထိ လုပ်ငန်းပြီးစီးပြီဖြစ်သည်။ ဆက်လက်၍ မြစ်ရေထိန်းနံရံစနစ်များ၊ လူသွားစြင်္ကန်လမ်း၊ ယာဉ်ရပ်နားကွင်း၊ လမ်းမီး တပ်ဆင်ခြင်း၊ ပေ ၁၀၀၀ကျော်ထိ၌ လူသွားပလက်ဖေါင်းလုပ်ရန် ကျန်ရှိကြောင်း သိရသည်။

စီမံကိန်း ဇုန်၂၌ ယက္ကန်းကျောင်း အနီးရှိ မြစ်ရေတိုက်စားထားသည့် လမ်းကွေးအား လမ်းဖြောင့်ယူ၍ အများပြည်သူ အနားယူနိုင်ရန်နှင့် မြစ်ရေထိန်းနံရံ တည်ဆောက်မှုအပိုင်းတွင် ၈၀ရာခိုင်နှုန်းအထိ ပြီးစီးကြောင်း သိရသည်။

ရေအရင်းအမြစ်နှင့် မြစ်ကြောင်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအဆောက်အဦ၊ အားကစားကွင်း ၃ကွင်း၊ ပန်းခြံ၊ စားသောက်ဆိုင်ခန်းများ၊ အများပြည်သူသုံးလူ ၆၀၀ကျော်ဆံ့ ခန်းမဆောင်တစ်ခုနှင့် ဟိုတယ်တစ်ခုတို့လည်း ယင်းစီမံကိန်းတွင် ပါဝင်သည်။

စီမံကိန်း ဇုန်၃၌ စည်ပင်သာယာရေးကော်မတီက တိုက်ရိုက်စီမံခန့်ခွဲမည့် ညဈေးတစ်ခုပါဝင်ပြီး လုပ်ငန်းပြီးစီးမှု ၇၀ရာခိုင်နှုန်း ရှိခဲ့သည်ဟု UHM ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ဖြည့်စွက်ပြောသည်။

“ကျွန်တော်တို့ ဇုန် ၂ထိပြီးစီးမှုထဲက ၈၀ရာခိုင်နှုန်းဖြစ်တဲ့ မြစ်ရေထိန်းနံရံတွေကို ၂လအကြာမြစ်ရေကြီးမှုက စမ်းသပ်လိုက်တဲ့အတွက် ကျွန်တော်တို့အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုကို ရလိုက်တယ်”ဟု ၎င်းက ဆိုသည်။

ယခု ပထမဆုံးအနေဖြင့် ခရေလမ်းနှင့် ပိတောက်လမ်းကြားရှိ စီမံကိန်း အပိုင်း ၁ ကို လာမည့် တန်ဆောင်တိုင်ပွဲတော်ကာလ၌ စတင်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။

စောအယ်လ်ဒီး

Advertisements
<

Leave a Reply