Advertisements

ဘားအံ ၊ ဧပြီ

ကရင်ပြည်နယ်၌ မရှိသေးသော ဈေးဝယ်စင်တာကုန်တိုက်ကြီးတစ်ခုကို ဘားအံမြို့လယ်၊ ယာဉ်ရပ်နားစခန်း(ကားဝင်းဟောင်း) နေရာတွင် ယခုအစိုးရ လက်ကျန်သက်တမ်းကာလ နှစ်နှစ်ခွဲအတွင်း တည်ဆောက်ဖွင့်လှစ်သွားရန်တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။

“ဘားအံမြို့မှာပဲ လိုချင်တာအကုန်ရနိုင်အောင် ဈေးဝယ်စင်တာ ရှော့ပင်းမော ကုန်တိုက်ကြီးတစ်ခုကို ၂နှစ်ခွဲအတွင်းဖွင့်လှစ်နိုင်အောင်လုပ်ဆောင်သွားမယ်” ဟုပြည်နယ်စီမံ၊ ဘဏ္ဍာ၊ စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဧပြီ ၂၁ရက် က
ပြောသည်။

ဆက်လက်၍ “ဆောက်လုပ်ရေးဌာနက တင်ဒါကြီးကြပ်ကော်မတီဖွဲ့စည်းပြီး တင်ဒါခေါ်ယူနေပါပြီ။ လုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံလိုသူတွေ လျှောက်လွှာတင်နိုင်ပါပြီ” ဟု အဆိုပါကုန်တိုက်တည်ဆောက်ရေးနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးကဆိုသည်။

ဈေးဝယ်စင်တာ၊ ပုဂ္ဂလိကအထူးကုဆေးရုံ ဆေးခန်း၊ အထပ်မြင့် ခေတ်မီဟိုတယ်များ၊ ရေကြောင်း/လေကြောင်း ခရီး
သွားလာရေးလုပ်ငန်းများ၊ နိုင်ငံတကာ ပညာရေးပုဂ္ဂလိကကျောင်းများစသည်တို့မရှိသေးသဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူများအား ပြည်နယ်အစိုးရအနေဖြင့် ကြိုဆိုဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

“ဘားအံမြို့က အရင်က ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ် ပွဲရုံ၊ ဈေးရောင်းဈေးဝယ်ကို မော်လမြိုင်ကိုပဲ အဓိကထားသွားကြတာပါ။ ဒီဘက်ခေတ် ရောက်တော့ မြဝတီ၊ မဲဆောက် သွားရင်သွားဝယ်၊ ဒါမှမဟုတ် မော်လမြိုင်၊ ရန်ကုန်ပေါ့။ အခု ဘားအံမှာ စူပါမားကက်တွေ၊ ကုန်တိုက်ကြီးတွေ၊ ရှော့ပင်းမောတွေ ဆောက်လာကြတော့မယ်။ နေရာမျိုးစုံ၊ နိုင်ငံမျိုးစုံက ထုတ်ကုန်တွေ၊ပစ္စည်းတွေ တစ်နေရာတည်းမှာ ဝယ်ဖို့နေရာ ဖြစ်လာပြီ။ ပြည်နယ်အစိုးရအနေနဲ့ ကျန်းမာရေး၊ ခေတ်မီဆေးခန်းတွေ၊ ပညာရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာပညာရေးကျောင်းတွေကိုလည်း လုပ်ခွင့်ပေးစေချင်ပါတယ်”ဟု ဘားအံမြို့ခံကိုဇော်မင်းကဆိုသည်။

ဈေးဝယ်စင်တာဆောက် လုပ်ရန် လျာထားသည့် မြေနေရာမှာ ၃.၃၄၄ဧက ကျယ်ဝန်းပြီး ဘားအံမြို့၊ အမှတ်၉ရပ်ကွက်၌တည်ရှိကာ ယခင်အစိုးရ လက်ထက်ကယာဉ်ရပ်နားစခန်းဟောင်းနေရာ ဖြစ်သည်။

ပြည်နယ်အစိုးရ လမ်းညွှန်မှုဖြင့်တင်ဒါစိစစ်ရေးကော်မတီကို ဖွဲ့စည်းထားပြီး ပြည်နယ်ဆောက်လုပ်ရေးဌာနရုံးတွင် တင်ဒါလျှောက်လွှာများကိုဝယ်ယူ လျှောက်ထားနိုင်ကြောင်း၊ တင်ဒါလျှောက်လွှာ ပိတ်မည့်ရက်မှာမေလ၁၅ရက်နေ့ဖြစ်ပြီးစိတ်ပါဝင်စားသည့်ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်လျှောက်ထားလျက်ရှိကြသည်ကို တင်ဒါကြီးကြပ်ရေး ကော်မတီဝင်
များ တင်ပြချက်အရ သိရှိရကြောင်း ဝန်ကြီးဦးသန်းနိုင်က ပြောသည်။

Written by ရာဟု(ဖားအံ)

Leave a Reply