ဘားအံတွင် ကျောက်ကပ် ဆေးနိုင်ပြီ

ဘားအံ နိုဝင်ဘာ

ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ် ပြည်သူ့ဆေးရုံကြီး လေးထပ်ဆောင် မြေညီထပ်၌ ကျောက်ကပ် သန့်စင်ဌာနကို နိုဝင်ဘာ ၂၉ ရက်က ဖွင့်လှစ်လိုက်သည်။

“ကျောက်ကပ်အားနည်းတဲ့ နာတာရှည်ရောဂါသည်တွေအတွက် ရန်ကုန်မှာ သွားကုစရာမလိုတော့ဘူး “ဟု ဆေးရုံအုပ်ကြီး ဒေါက်တာဘရန်အောင်က ပြောသည်။

လာမည့် ဒီဇင်ဘာလတွင် ကျောက်ကပ် အထူးကု ဆရာဝန်တစ်ဦးဖြင့် ဝန်ထမ်းအင်အား ထပ်မံ ဖြည့်တင်းသွားရန်ရှိကြောင်းလည်း သိရသည်။

အဆိုပါအဆောက်အဦဖွင့်ပွဲအခမ်းအနားကို ယင်းနေ့က ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တက်ရောက် ဖွင့်လှစ်ခဲ့သည်။

ဆေးရုံကြီးတွင် ကျောက်ကပ်ဆေးကုသရေးအတွက်ပါ တာဝန်ယူ လုပ်ဆောင်လျက်ရှိကြောင်း၊ ယခင်ကမူ ကျောက်ကပ်ဝေဒနာရှင်များကို ရန်ကုန်တွင် ကုသရန်သာ လွှဲပို့ခဲ့ရကြောင်း အထွေထွေရောဂါကု သမားတော်ကြီး ဒေါက်တာဝင်းဝင်းမြင့်က ပြောသည်။

ပုဂ္ဂလိကဆေးရုံများ၌ ကျောက်ကပ် တစ်ကြိမ် ဆေးကြောသန့်စင်ပါက စရိတ် ကျပ် ၅သောင်းမှ ၇သောင်းအထိ ကုန်ကျလျက်ရှိပြီး လူနာရှင်တို့မှာ အခက်အခဲအမျိုးမျိုးဖြင့် ကုသခဲ့ရကြောင်း၊ ယခု ဘားအံမြို့တွင်ပင် ငွေကျပ်၂သောင်းခွဲခန့်ဖြင့်သာ ဆောင်ရွက်နိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကုန်ကျစရိတ်ကတော့ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းထားပေါ်မှာ အနည်းငယ် အတက်အကျရှိမယ်”ဟုလည်း ဒေါက်တာဝင်းဝင်းမြင့်က ဖြည့်စွက်ပြောသည်။ မတတ်နိုင်သူများအတွက် အခမဲ့ ဆေးကုသနိုင်ရန် ရံပုံငွေတစ်ရပ် ထူထောင်ထားပေးကြောင်း၊ တတ်နိုင်သူများအတွက်မူ ကုန်ကျစရိတ်အတိုင်းဖြစ်စေလိုကြောင်း ဆရာဝန်ကြီးက ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျောက်ကပ်ကုသသူတွေက အရမ်းများတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ကျောက်ကပ်သန့်စင်ကုသနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ကျပ် ၇၄သိန်းကျော် ပံ့ပိုးခဲ့ကြောင်း၊ ကျောက်ကပ်သန့်စင်စက်များအနေဖြင့် ဒေါက်တာ စန်းလွင် ဒေါ်တင်တင်ချို မိသားစု (ရန်ကုန်) က စက် နှစ်လုံး၊ ကလေးအထူးကုဆရာဝန် ဒေါက်တာ ဒေါ်ဌေးဌေးဝင်းက စက် တစ်လုံး၊ ဒေါက်တာ ခင်မောင်စိုးနှင့် ဒေါက်တာဖြူဖြူဝင်းတို့မှ စက်တစ်လုံးလှူဒါန်းထားရာ စုစုပေါင်း စက်လေးလုံးဖြင့် ကုသပေးနိုင်မည်ဖြစ်သည်။

ကျောက်ကပ် လာရောက် ဆေးကြောသန့်စင်သူ ဘားအံမြို့ခံ ဦးရွှေအေးက ယခုနောက်ပိုင်းတွင် ငွေရော စိတ်ပါ ယခင်ထက် ပို သက်တောင့်သက်သာ ရှိလာကြောင်း မှတ်ချက်ပေးသည်။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.